ကိုယ်တိုင်တွေးခေါ်မှုမလုပ်ဆောင်ဘဲနဲ့ AI နည်းပညာအသုံးပြုခြင်းရဲ့ အန္တရာယ်များ
နည်းပညာခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ဟာ မိမိတို့ ဦးနှောက်ကို အသုံးချရမယ့် အလုပ်တွေကို ဖုန်း၊ ကွန်ပျူတာ၊ AI (ဉာဏ်ရည်တု) စတဲ့ နည်းပညာများဆီကို တဖြည်းဖြည်း လွှဲအပ်လာကြပါတယ်။ ChatGPT၊ Copilot လို AI ကိရိယာတွေဟာ အလုပ်တွေကို မိနစ်ပိုင်းအတွင်း အဆင်သင့်ဖြေရှင်းပေးနိုင်တာကြောင့် အချိန်နဲ့ အားထုတ်မှုတွေ သက်သာလာစေပါတယ်။ အပြင်ပိုင်းကကြည့်ရင် "ထုတ်လုပ်နိုင်စွမ်း တက်လာတယ်"လို့ ထင်ရပေမယ့် တကယ်တော့ ဒီလိုအသုံးပြုမှုတွေဟာ "အတွေးအခေါ် လွှဲအပ်ခြင်း" (Cognitive Offloading) ဖြစ်နေနိုင်ပြီး ရေရှည်မှာ စိုးရိမ်စရာတွေ ရှိလာနိုင်ပါတယ်။
Cognitive Offloading ဆိုတာ ဘာလဲ?
Cognitive Offloading ဆိုတာ ဦးနှောက်ရဲ့ တာဝန်တွေ (အချက်အလက်မှတ်သားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း) အသီးသီးကို ပြင်ပကိရိယာတွေဖြစ်တဲ့ Google, AI တွေ ဆီကို လွှဲအပ်လိုက်ပြီး ကိုယ်ပိုင်ဉာဏ်စွမ်းကို လျှော့သုံးလာခြင်းပါပဲ။ ၂၀၁၁ ခုနှစ် Betsy Sparrow ရဲ့ "Google Effect" လေ့လာမှုအရ အင်တာနက်ပေါ်မှာ အလွယ်တကူရှာလို့ရနိုင်တဲ့ အချက်အလက်တွေကို လူသားတွေက မှတ်မိဖို့အတွက် ကြိုးစားမှု နည်းလာကြပြီး ဘယ်လိုရှာရမယ်ဆိုတဲ့ နည်းလမ်းကိုပဲ ပိုမှတ်မိလာကြောင်း တွေ့ရှိရပါတယ်။ လူတွေရဲ့ဦးနှောက်က အင်တာနက်ကို "ပြင်ပမှတ်ဉာဏ်သိုလှောင်ဘဏ်" အဖြစ် အသုံးပြုလာတာကြောင့် "ဒစ်ဂျစ်တယ် မေ့လျော့မှု" (Digital Amnesia) ဖြစ်လာပါတယ်။ ဥပမာ အင်တာနက်ကနေ ရှာလို့ရသမျှ အချက်အလက်များကို မှတ်မိဖို့ စွမ်းရည် ကျဆင်းလာခြင်းမျိုးပါ။
AI ခေတ်မှာ Cognitive Offloading ရဲ့ အန္တရာယ်ကြီးမားလာခြင်း
Google Effect ဟာ အချက်အလက်မှတ်သားမှုကို ထိခိုက်စေရုံသာမက ယခုခေတ် AI ကိရိယာတွေ (Chatbots, အကြံပေးစနစ်များ) ဟာ ပိုပြီး နက်ရှိုင်းတဲ့ ဦးနှောက်လုပ်ငန်းတွေကိုပါ လွှဲယူနေပါတယ်။ အချိန်ဇယားစီမံခြင်း၊ စာတမ်းအတိုချုပ်ခြင်း၊ ဆုံးဖြတ်ချက်များအတွက် အကြံဉာဏ်ပေးခြင်း
စတာတွေကို AI က အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ "AI က ကျွန်ုပ်တို့အတွက် တွေးခေါ်ပေးနေခြင်း" ဖြစ်လာပါတယ်။ ဒါဟာ Google Effect ထက် ပိုကြီးမားတဲ့ အန္တရာယ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်ုပ်တို့ရဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း (Critical Thinking) ၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving) ၊အကြောင်းအရင်းသုံးသပ်နိုင်စွမ်း (Reasoning) နဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း (Decision Making) တို့ဟာ လေ့ကျင့်မှုရှိမှကောင်းမွန်လာရတဲ့ ကြွက်သားတွေနဲ့ တူပါတယ်။ AI က ဒီလုပ်ငန်းတွေကို အလိုအလျောက် လုပ်ပေးလာတာနဲ့အမျှ ဒီကြွက်သားတွေဟာ အားနည်းလာပြီး ဆုတ်ယုတ်လာနိုင်ပါတယ်။
ဘယ်လိုနယ်ပယ်တွေမှာ သက်ရောက်မှုရှိလဲ?
၁။ ပညာရေးနယ်ပယ်
ကျောင်းသားတွေ AI ကို အလွယ်တကူ သုံးပြီး အိမ်စာတွေ အလွယ်တကူ ပြီးအောင်လုပ်လာတဲ့အခါ ကိုယ်တိုင် ကြိုးစားစဉ်းစားရတဲ့ "အခက်အခဲကို ဖြတ်ကျော်မှု" အတွေ့အကြုံ ဆုံးရှုံးသွားပါတယ်။ ဥပမာ AI က သင်္ချာပုစ္ဆာအဖြေကို တန်းပေးတဲ့အခါ ကိုယ်တိုင် ချဉ်းကပ်တွက်ချက်ရတဲ့ ကျွမ်းကျင်မှု ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါဟာ တစ်စုံတစ်ခု (သို့) ပြဿနာတစ်ခုပေါ်မှာ နက်ရှိုင်းစွာနားလည်မှု ဆန်းသစ်တီထွင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
၂။ အလုပ်အကိုင်နယ်ပယ်
Automation Bias (စက်ကို အလွန်အမင်းယုံကြည်ခြင်း) တွေရှိလာပါတယ်။ AI က အဆင်သင့်အဖြေတွေပေးနိုင်လို့ လူတွေက အဲ့ဒီအဖြေတွေကို မှန်ကန်တယ်လို့ အလွယ်တကူ ယုံလွယ်လာကြပါတယ်။ မိမိကိုယ်တိုင် ပြန်လည်စိစစ်ဝေဖန်တာမျိုးတွေကိုလဲ လျှော့ချလာကြပါတယ်။ ဥပမာ ဆရာဝန်တွေ AI ရောဂါရှာစက်ရဲ့ ရလဒ်ကို မေးခွန်းမထုတ်ဘဲ ယုံကြည်လိုက်မိတဲ့အခါ လူနာရဲ့ လက္ခဏာတွေကို နက်နက်နဲနဲ ဆန်းစစ်ဖို့အတွက် ပျက်ကွက်လာတတ်ကြပါတယ်။
၃။ နေ့စဉ်ဘဝ
ဒစ်ဂျစ်တယ် မေ့လျော့မှု (Digital Amnesia) - GPS ကို အမြဲသုံးပြီး လမ်းလျှောက်ရင် ကိုယ်တိုင် လမ်းမှတ်မိနိုင်စွမ်း ကျလာတယ်။ ဖုန်းထဲမှာ လျှို့ဝှက် PIN နံပါတ်တွေ အလိုအလျောက်သိမ်းထားတဲ့အခါ ကိုယ်တိုင် မှတ်မိဖို့ မလုပ်တော့ဘူး။
အကြောင်းအရာနယ်ပယ် ကျဉ်းမြောင်းလာခြင်း - YouTube/Facebook တွေရဲ့ "သင့်အတွက် အကြံပြုထားသော ဗီဒီယိုများ" ကိုပဲ အမြဲကြည့်နေရင် ကိုယ်တိုင် စိတ်ဝင်စားတာတွေကို ရှာဖွေခြင်း နည်းလာပြီး ဗဟုသုတနဲ့ ရွေးချယ်စရာတွေ ကျဉ်းမြောင်းသွားပါတယ်။
Google Effect နှင့် ဉာဏ်ရည်တု (AI) ကွာခြားချက်
Google နှင့် AI နှစ်ခုစလုံးက ပြင်ပအသိဉာဏ်အရင်းအမြစ် (External Cognitive Resources) အဖြစ် လုပ်ဆောင်ကာ ဦးနှောက်ရဲ့ အားထုတ်မှုကို လျှော့ချပေးသော်လည်း ၎င်းတို့ရဲ့ သက်ရောက်မှုများကတော့ ကွာခြားပါတယ်။ Google ၏ အဓိက သက်ရောက်မှုမှာ ဒစ်ဂျစ်တယ် မေ့လျော့မှု (Digital Amnesia) ဖြစ်စေပါတယ်။ အင်တာနက်ပေါ်တွင် အချက်အလက်များ အလွယ်တကူ ရှာဖွေရနိုင်တာကြောင့် လူသားတို့က အချက်အလက်များကို ကိုယ်တိုင် မှတ်သားထားရန် လိုအပ်မှု လျော့နည်းလာကာ၊ ရလဒ်အနေနဲ့ အချက်အလက်များကို မှတ်မိနိုင်စွမ်း ကျဆင်းလာခြင်း ဖြစ်ပါတယ်။
ဉာဏ်ရည်တု (AI)ရဲ့ သက်ရောက်မှုကတော့ ပိုမိုနက်ရှိုင်းပါတယ်။ AI က ပြဿနာဖြေရှင်းခြင်း၊ ဆင်ခြင်တုံတရားဖြင့် သုံးသပ်ခြင်းကဲ့သို့သော ဉာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ငန်းများကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်တာကြောင့် အကြောင်းအရင်းသုံးသပ်နိုင်စွမ်းနည်းခြင်း (Reasoning Deficiency) ကို ဖြစ်စေပါတယ်။ ဒီအခြေအနေတွေမှာ လူသားတွေရဲ့ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းက ယုတ်လျော့လာပြီး ပြဿနာများကို ကိုယ်တိုင် ချဉ်းကပ်ဖြေရှင်းနိုင်စွမ်း ဆုတ်ယုတ်လာနိုင်ပါတယ်။
ဒါ့ကြောင့် နည်းပညာရဲ့ အကျိုးကျေးဇူးများ (အချိန်ကုန်သက်သာခြင်း၊ အလုပ်မြန်ဆန်ခြင်း) ကို ရယူရင်း တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ (မှတ်ဉာဏ်၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း) မဆုံးရှုံးစေဖို့အတွက် ဟန်ချက်ညီညီ ကိုင်တွယ်ရန် အထူးလိုအပ်လှပါတယ်။
AI ခေတ်မှာ ကိုယ်ပိုင်အတွေးစွမ်းရည် မဆုံးရှုံးအောင် ဘယ်လိုကာကွယ်မလဲ?
AI ကို "အထောက်အကူ" အနေနဲ့ပဲ သုံးပါ၊ "အစားထိုးခြင်း" မလုပ်ပါနဲ့ - AI ကပေးလာတဲ့ အဖြေတွေကို ချက်ချင်းယုံမပစ်ဘဲ ဆန်းစစ်ပါ၊ မေးခွန်းထုတ်ပါ၊ ဘာကြောင့်လဲဆိုတာ နားလည်အောင်လုပ်ပါ။ ဥပမာ AI က အက်ဆေးတစ်ပုဒ်အတွက် အကြံပေးတာကို ကိုယ်တိုင် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေးသားတာမျိုးလုပ်ပါ။ ဒါမှမဟုတ် "ဒီအကြောင်းအရာအတွက် နည်းလမ်း (၅) မျိုး စဉ်းစားပေးပါ" ဆိုတာမျိုး စိတ်ကူးသစ်ရအောင် အကူညီတောင်းပါ။
အခြေခံကျွမ်းကျင်မှုများကို လေ့ကျင့်ထားပါ - သင်္ချာအခြေခံတွက်တတ်ဖို့၊ အဓိကအချက်တွေကို အတိုချုပ်တတ်ဖို့၊ ယုတ္တိတန်အောင် စဉ်းစားတတ်ဖို့ကို AI ပေါ် အလွန်အမင်း မှီခိုတာမျိုး ရှောင်သင့်ပါတယ်။
အရေးကြီးဆုံးဖြတ်ချက်များကို လူသားက ချမှတ်ပါ - ကျန်းမာရေး၊ ဥပဒေ၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ AI က အကြံပေးနိုင်ပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို လူသားတွေကိုယ်တိုင်က ချမှတ်တာမျိုးလုပ်ပါ။ AI ကပေးလာတဲ့ အကြံဉာဏ်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။
ဦးနှောက်ကို ပုံမှန်လေ့ကျင့်ပေးပါ - တစ်ခါတစ်ရံ GPS မသုံးဘဲ ကိုယ်တိုင် လမ်းရှာကြည့်ပါ။ အရေးကြီး ဖုန်းနံပါတ်များ၊ လျှို့ဝှက် PIN နံပါတ်များကို မှတ်မိအောင် ကြိုးစားပါ။ စာအုပ်ဖတ်ခြင်း၊ ဉာဏ်စမ်းပဟေဠိဖြေခြင်း၊ ကိုယ်တိုင် စာရင်းချုပ်ခြင်း စတာတွေလုပ်ဆောင်ပါ။
AI နည်းပညာဟာ အလွန်အဖိုးတန်တဲ့ အထောက်အကူ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း AI ကို အလွန်အမင်း အားကိုးမိပြီး ကိုယ်ပိုင်တွေးခေါ်စဉ်းစားနိုင်စွမ်းကို လျစ်လျူရှုလိုက်ပါက ကျွန်ုပ်တို့ရဲ့ အသိဉာဏ်ဆိုင်ရာ ကြွက်သားတွေ ယိုယွင်းလာပြီး မှန်ကန်တဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် AI ရဲ့ အခန်းကဏ္ဍကို ပံ့ပိုးကူညီရေးကိရိယာအဖြစ်သာ သတ်မှတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်များကို မိမိကိုယ်တိုင်အမြဲလေ့ကျင့်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
AI, Cognitive Offloading, and Critical Thinking: Balancing Convenience with Engagement - Good Assumptions ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
4 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
4 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
