လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။

ယနေ့ခေတ်လို အပြောင်းအလဲများတဲ့လုပ်ငန်းခွင်မှာ ထိရောက်တဲ့ဆက်သွယ်ရေးနဲ့ ချောမွေ့တဲ့ပူးပေါင်းဆောင် ရွက်မှုတို့ဟာ အဖွဲ့အစည်းတွေရဲ့အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအားကောင်း ပြီး အချင်းချင်းနားလည်မှုရှိတဲ့လုပ်ငန်းခွင်တွေဟာ ထုတ်လုပ်မှုမြင့်မားခြင်း၊ တီထွင်မှုအားကောင်းခြင်းနဲ့ ဝန်ထမ်း မြဲခြင်းတို့ကိုဖြစ်စေပါတယ်။

အဖွဲ့အစည်းများအတွင်း နားလည်မှုလွဲမှားခြင်းဟာ အလုပ်တာဝန်များထပ်ခါထပ်ခါလုပ်ဆောင်မိခြင်း၊ အမှား အယွင်းများခြင်း၊ အဖွဲ့ဝင်အချင်းချင်း ဆက်ဆံရေးတင်းမာမှုများနဲ့ စိတ်ပျက်အားငယ်စေမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဝန်ထမ်းများဟာ ၎င်းတို့ရဲ့လုပ်ဆောင်ရတဲ့အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ရတဲ့အလုပ်ရဲ့ အသေးစိတ်အချက်အလက် တွေနဲ့ပတ်သက်ပြီး ရှင်းလင်းမှုမရှိရင် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းသွားနိုင်ပါတယ်။

ဝန်ထမ်းများဟာ သူတို့ရဲ့အလုပ်အပေါ်မှာ သေချာနားလည်မှုရှိပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အဖွဲ့ အစည်းများအတွင်း အိုင်ဒီယာများလွတ်လပ်စွာဖလှယ်နိုင်ခြင်းနဲ့ ပြဿနာများကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီအနေနဲ့ သူတို့ပြောတာကို သေချာနားထောင်ပေးတယ်လို့ ခံစား ရစေပြီး အဖွဲ့အစည်းများရဲ့ပန်းတိုင်တွေကို လွယ်လွယ်ကူကူရောက်ရှိစေပါတယ်။

 

ဆက်သွယ်မှုကောင်းမွန်စေမယ့်နည်းလမ်းများ

၁။ တိုတိုရှင်းရှင်းပြောပါ။

အီးမေးလ်ဖြစ်စေ၊ နှုတ်နဲ့ညွှန်ကြားချက်ဖြစ်စေ၊ တင်ပြချက်ဖြစ်စေ ရှင်းရှင်းလင်းလင်းဖော်ပြပါ။ Technical Terms တွေနဲ့ ရှုပ်ထွေးတဲ့ဝါကျတွေကိုရှောင်ရှားခြင်းတွေဟာ ဆိုလိုရင်းအကြောင်းအရာကို နားလည်မှုမလွဲဘဲ လက်ခံရရှိစေပါတယ်။

၂။ မှန်ကန်တဲ့ဆက်သွယ်ရေးနည်းလမ်းရွေးချယ်ပါ။

မတူညီတဲ့မက်ဆေ့ချ်များအတွက် မတူညီတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေ လိုအပ်ပါတယ်။ အီးမေးလ်များဟာ အသေးစိတ်မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအတွက်သင့်လျော်ပြီး မျက်နှာချင်းဆိုင်အစည်းအဝေးများက ချက်ချင်းတုံ့ပြန်ဖို့လိုတဲ့ဆွေးနွေးမှုများအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အရေးကြီးကိစ္စရပ်တွေကို ဖုန်းခေါ် ပြောဆိုသင့်ပြီး channel အသီးသီးမှ message များပေးပို့ခြင်းက အချိန်နဲ့တပြေးညီ အချက်အလက်များရောက်ရှိနိုင်ပါတယ်။

။ အမူအရာများအပေါ်သတိထားပါ။

ခန္ဓာကိုယ်အနေအထား၊ မျက်နှာအမူအရာနဲ့ အသံနေအသံထားတို့ဟာ ပေးချင်တဲ့မက်ဆေ့ချ်တွေက ဘယ်လို အရေးကြီးကြောင်း ပြသချင်တဲ့အပေါ် သက်ရောက်မှုရှိပါတယ်။ ဖော်ရွေတဲ့အပြုံးနဲ့ ပွင့်လင်းတဲ့ကိုယ်နေဟန်ထား တို့ဟာ အပြုသဘောဆောင်တဲ့ မက်ဆေ့ချ်တွေအပေါ် အားဖြည့်ပေးနိုင်ပါတယ်။

။ နားလည်မှုကိုအတည်ပြုပါ။

အရေးကြီးတဲ့အချက်အလက်တွေပေးပို့ပြီးနောက် မက်ဆေ့ချ်ကို တိကျစွာလက်ခံရရှိကြောင်း အတည်ပြုဖို့က လည်းအရေးကြီးပါတယ်။ အချက်အလက်လက်ခံသူတွေကို သူတို့ဘယ်လောက်နားလည်ကြောင်း ပြန်လည်ပြော ဆိုခိုင်းခြင်းက နားလည်မှုလွဲမှားခြင်းတွေကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် အစည်းအဝေးတွေအဆုံးမှာ အဓိက အကြောင်းအရာတွေကို အကျဉ်းချုပ်ပေးပြီး မေးခွန်းများမေးဖို့ဖိတ်ခေါ်ခြင်းတို့ဟာ အကြောင်းအရာပေါ်ပိုမို နားလည်စေပြီး ပူးပေါင်းပါဝင်မှုကိုလည်း အားပေးရာရောက်ပါတယ်။

 

လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဆိုင်ရာနည်းလမ်းများ

၁။ တာဝန်များကို ရှင်းလင်းစွာသတ်မှတ်ပါ။

တာဝန်များမရှင်းလင်းမှုဟာ အဖွဲ့ဝင်များအကြား ပဋိပက္ခအဖြစ်များတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အဖွဲ့ဝင် တစ်ဦးစီဟာ သူတို့လုပ်ရမယ့် တိကျတဲ့တာဝန်ဝတ္တရားများနဲ့ ၎င်းတို့ရဲ့တာဝန်အသီးသီးဟာ လုပ်ငန်းရည်မှန်း ချက်များအတွက် ဘယ်လိုအရေးကြီးတယ်ဆိုတာသိစေခြင်းဖြင့် အဖွဲ့ဝင်များရဲ့တာဝန်ယူမှုကို မြှင့်တင်ပေးနိုင် ပါတယ်။ ဒီလိုတာဝန်ပေးမှုတွေက အဖွဲ့ဝင်တွေရဲ့ ထူးခြားတဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကိုအသုံးချခွင့်ပေးပြီး လုပ်ငန်းအောင်မြင်မှုအတွက် ပံ့ပိုးပေးနိုင်ပါတယ်။

၂။ ယုံကြည်မှုကိုတည်ဆောက်ပါ။

ပူးပေါင်းဆောင်ရွက်မှုမှာ အဖွဲ့ဝင်တွေအနေနဲ့ အိုင်ဒီယာတွေကို မျှဝေနိုင်မယ့်ပတ်ဝန်းကျင်ကို ဖန်တီး ပေးဖို့လိုအပ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ကလည်း အရေးကြီးပါတယ်။

၃။ ပုံမှန်အဖွဲ့အစည်းအဝေးများအတွက် အချိန်ဇယားဆွဲပါ။

နေ့စဉ်၊ အပတ်စဉ် ပုံမှန်အစည်းအဝေးများဟာ အဖွဲ့အစည်းများအတွင်း ပုံမှန်ဆက်သွယ်မှုပြုလုပ်ဖို့နဲ့ အဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိဖို့အတွက် အရေးကြီးပါတယ်။ ပုံမှန်အစည်းအဝေးတွေကနေ အချက်အလက်များရယူခြင်း၊ ပြဿနာဖြေရှင်းခြင်းနဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါတယ်။

၄။ မတူကွဲပြားမှုကိုလက်ခံပါ။

မတူကွဲပြားမှုတွေဟာ အတွေ့အကြုံအမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ကိုယူဆောင်လာပြီး ပိုမိုဆန်းသစ်တဲ့ ဖြေရှင်း နည်းများကိုဖြစ်ပေါ်စေပါတယ်။ မတူကွဲပြားတဲ့လူတိုင်းကိုပါဝင်စေခြင်းအားဖြင့် ထူးခြားတဲ့အတွေးအမြင်များ ရရှိစေပြီး အဖွဲ့စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

၅။ အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်ကိုအားပေးပါ။

အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေဟာ အဖွဲ့အတွင်း စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အရေးကြီးပါတယ်။ တစ်ဦးချင်းစီတိုးတက်စေဖို့ရည်ရွယ်တဲ့ တုံ့ပြန်ချက်ပေးခြင်းဟာ အပြုသဘောဆောင်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၆။ နည်းပညာကိုအသုံးချပါ။

ပရောဂျက်စီမံခန့်ခွဲမှုဆော့ဖ်ဝဲလ်၊ စကားပြောခန်းနှင့် ဗီဒီယိုကွန်ဖရင့်ပါဝင်တဲ့ ဆက်သွယ်ရေးပလက်ဖောင်းတွေနဲ့ စာရွက်စာတမ်းမျှဝေနိုင်တဲ့ကိရိယာတွေဟာ အဖွဲ့ဝင်တိုင်းကို အချိန်နဲ့တပြေးညီဆက်သွယ်နိုင်ပြီး သတင်းအချက်အလက်များကို အသိပေးနိုင်ပါတယ်။ ဒီနည်းပညာတွေသုံးခြင်းကြောင့် မတူညီတဲ့ဒေသတွေ မှာရှိနေတဲ့အဖွဲ့များအတွက် အဖွဲ့လိုက်အလုပ်များလုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့စေပါတယ်။

၇။ အောင်မြင်မှုများကိုဂုဏ်ပြုပြီး ဆုံးရှုံးမှုများမှသင်ယူပါ။

အဖွဲ့အတွင်းအောင်မြင်မှုများကို (သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ) အသိအမှတ်ပြုခြင်းနဲ့ ဂုဏ်ပြုခြင်းတွေကနေ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ အလားတူဆုံးရှုံးမှုများကို သင်ယူနိုင်မယ့်အခွင့် အလမ်းများအဖြစ် ရှုမြင်နိုင်ဖို့လိုအပ်ပါတယ်။ ဘယ်နေရာမှာမှားယွင်းခဲ့တယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အနာဂတ် မှာ အလားတူပြဿနာတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်းများချမှတ်နိုင်ပါတယ်။

အချုပ်ပြောရရင် လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းနဲ့ နားလည်မှုလွဲမှားခြင်းများကို လျှော့ချနိုင်ဖို့ ရှင်းလင်းပြတ်သားပြီး တိကျတဲ့ဆက်သွယ်မှု၊ နားထောင်ပေးနိုင်မှု၊ ကောင်းမွန်တိကျတဲ့တာဝန်ခွဲဝေမှု၊ ယုံကြည်မှုနဲ့ သင့်လျော်တဲ့နည်းပညာတွေကို အသုံးချခြင်းဖြင့် အဖွဲ့အစည်းများဟာပိုမိုခိုင်မာလာပြီး ထိရောက်တဲ့အဖွဲ့များနဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

Reference Lists

https://www.proofhub.com/articles/reducing-confusion-in-workplace

https://happycompanies.com/blog/10-communication-tips-to-avoid-workplace-misunderstandings

https://asana.com/resources/collaboration-in-the-workplace

https://icehrm.com/blog/10-tips-to-improve-communication-and-collaboration-in-your-team/

https://www.prezent.ai/zenpedia/communication-strategies

https://hospitalityinsights.ehl.edu/improving-workplace-communication-balancing-assertiveness-and-empathy

https://empmonitor.com/blog/team-dynamics-strategies/

https://varthana.com/student/effective-communication-in-the-workplace

 

May Ye Myint Zon

BBM (Q), BA (Eng), MBA (YUE)