အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း

အကောင်းမြင်စိတ်နဲ့ တွေးခေါ်ခြင်းဟာ စိတ်ဖိစီးမှုကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေပြီး သင့်ကျန်းမာရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။ မိမိကိုယ်ကို အနုတ်လက္ခဏာဆန်တဲ့ ပြောဆိုမှုများကို ကျော်လွှားဖို့ လေ့ကျင့်လို့ရပါတယ်။

သင့်ရဲ့ ဖန်ခွက်ထဲမှာ ရေက တစ်ဝက်ပဲ ရှိသလား၊ ဒါမှမဟုတ် တစ်ဝက်ကျန်နေသေးသလား?
အကောင်းမြင်စိတ်နှင့်ပတ်သက်တဲ့ ဒီရှေးဟောင်းမေးခွန်းကို သင်ဖြေဆိုပုံက သင့်ရဲ့ ဘဝအပေါ် အမြင်နှင့် သင့်ကိုယ်သင် ဆက်ဆံပုံကို ထင်ဟပ်စေနိုင်ပြီး သင်ဟာ အကောင်းမြင်တတ်တဲ့သူလား၊ ဒါမှမဟုတ် အဆိုးမြင်သူလားဆိုတာကိုလည်း အတိုင်းအတာတစ်ခုထိ ဖော်ပြနိုင်ပါတယ်။

လေ့လာမှုအချို့အရ အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်စတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများဟာ သင့်ကျန်းမာရေးနှင့် ဘဝအရည်အသွေးအပေါ် များစွာသက်ရောက်မှုရှိနိုင်ပါတယ်။ အကောင်းမြင်စိတ် နှင့်အတူ အပြုသဘောဆောင်တဲ့ တွေးခေါ်မှုဟာ ထိရောက်တဲ့ စိတ်ဖိစီးမှုဆိုင်ရာစီမံခန့်ခွဲဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာနဲ့ ဆက်စပ်နေပါတယ်။

သင်ဟာ အဆိုးမြင်တဲ့ဘက်ကိုတိမ်းစောင်းသူဆိုရင်လည်း စိတ်မပူပါနဲ့။ အပြုသဘောဆောင်တဲ့ တွေးခေါ်မှုစွမ်းရည်များကို သင်ယူလို့ရပါတယ်။

အပြုသဘောဆောင်တဲ့တွေးခေါ်မှုနှင့် မိမိကိုယ်ကိုပြောဆိုမှုကို နားလည်ခြင်း
အပြုသဘောဆောင်တဲ့တွေးခေါ်မှုဆိုတာက ဘဝရဲ့ မကောင်းတဲ့အခြေအနေများကို လျစ်လျူရှုရမယ်လို့ မဆိုလိုပါဘူး။ ဒီအခြေအနေတွေကို ပိုမိုအပြုသဘောဆန်ပြီး ထိရောက်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်တာ မျိုးကို ဆိုလိုပါတယ်။ အဆိုးဆုံးဖြစ်လာမယ်ဆိုတာမျိုး မဟုတ်ဘဲ အကောင်းဆုံးသာဖြစ်လာမယ်လို့ ယုံကြည်ခြင်းဖြစ်ပါတယ်။

အပြုသဘောဆောင်တဲ့တွေးခေါ်မှုဟာ မိမိကိုယ်ကိုပြောဆိုမှု (Self-talk) ကနေစတင်ပါတယ်။ မိမိကိုယ်ကိုပြောဆိုမှုဆိုတာက ကိုယ့်ဦးနှောက်ထဲမှာ အဆက်မပြတ်စီးဆင်းနေတဲ့ အတွေးများ ဖြစ်ပါတယ်။ ဒီလိုအလိုအလျောက်တွေးခေါ်မှုတွေဟာ အပြုသဘောဆောင်နိုင်သလို အနုတ်လက္ခဏာ ဆန်နေတာလည်း ဖြစ်နိုင်ပါတယ်

ကိုယ့်ဦးနှောက်ထဲက အတွေးအများစုဟာ အနုတ်လက္ခဏာဆန်တယ်ဆိုရင် ကိုယ့်ဘဝအပေါ်အမြင်က လည်း အဆိုးမြင်စိတ်များနေနိုင်ပါတယ်။ တကယ်လို့ သင့်အတွေးအများစုဟာ အပြုသဘောဆန်တယ် ဆိုရင် သင်ဟာ အပြုသဘောဆောင်တဲ့တွေးခေါ်မှုကို အလေ့အကျင့်ပြုလုပ်တတ်တဲ့ အကောင်းမြင်သူ တစ်ဦး ဖြစ်နိုင်ခြေများတယ်။

အနုတ်လက္ခဏာဆန်တဲ့ တွေးခေါ်မှုကို ဖော်ထုတ်ခြင်း
မိမိကိုယ်ကိုပြောဆိုမှုများဟာ အပြုသဘောဆောင်လား၊ အနုတ်လက္ခဏာဆန်လားဆိုတာ မသေချာ ဘူးလား?

အနုတ်လက္ခဏာဆန်နေတဲ့ မိမိကိုယ်ကိုပြောဆိုမှုရဲ့ အဖြစ်များတဲ့ ပုံစံတွေကတော့ -

  • စစ်ထုတ်ခြင်း - အခြေအနေတစ်ခု၏ အနုတ်လက္ခဏာဆန်တဲ့ အချက်တွေကို ကြီးမားအောင် ချဲ့ကားပြောဆိုပြီး အပြုသဘောဆောင်တဲ့အချက်များကို လျစ်လျူရှုခြင်း။
    ဥပမာ - အလုပ်မှာ ကောင်းမွန်တဲ့နေ့ရက်တစ်ခု ရှိခဲ့တယ်။ အလုပ်တာဝန်တွေကို အချိန်မတိုင်မီ ပြီးမြောက်ခဲ့ပြီး အလုပ်ကိုမြန်မြန်ဆန်ဆန်နဲ့ စေ့စေ့စပ်စပ်လုပ်ဆောင်ခဲ့တယ်လို့ ချီးကျူးခံရ တယ်။ ဒါပေမယ့် ညနေပိုင်းကျတော့ သင်ဟာ ပိုမိုများပြားတဲ့ အလုပ်တာဝန်များကို လုပ်ဆောင် ဖို့ အစီအစဉ်ကိုသာ အာရုံစိုက်ပြီး သင်ချီးကျူးခံရတာတွေကို မေ့ထားလိုက်တာမျိုး။
  • ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်း - အဆိုးတစ်ခုခုဖြစ်ရင် သင့်ကိုယ်သင် အလိုလိုအပြစ်ရှာခြင်း။
    ဥပမာ - သင့်မိတ်ဆွေတွေနဲ့ ညဘက်တွေ့ဖို့ အစီအစဉ် ပျက်သွားတာသိရပြီး အစီအစဉ် ပြောင်းလဲရခြင်းက ဘယ်သူကမှ သင့်အနားမှာ မရှိချင်ကြတာကြောင့်လို့ ယူဆလိုက်တာမျိုး။
  • ဆိုးဆိုးရွားရွားဖြစ်လာမယ်လို့ ထင်မြင်ခြင်း - အဆိုးဆုံးအခြေအနေကို အလိုလိုမျှော်လင့်ထား ခြင်း။
    ဥပမာ - ကော်ဖီဆိုင်မှာ သင့်အော်ဒါမှားသွားလို့ အဲ့နေ့တစ်နေ့လုံး အဆိုးဆုံးဖြစ်လာမယ်လို့ တွေးတာမျိုး။
  • အပြစ်လွှဲချခြင်း - သင့်အပေါ်ဖြစ်ပျက်သမျှအတွက် အခြားသူများကို အပြစ်တင်ခြင်း။
  • "ငါ ဒါလုပ်သင့်တယ်" လို့ ပြောခြင်း - သင်လုပ်သင့်တယ်လို့ ထင်တဲ့အရာတွေကို တွေးပြီး မလုပ်မိတာကို အပြစ်ရှာခြင်း။
  • အသေးအဖွဲကိစ္စများကို ကြီးမားအောင် လုပ်ခြင်း
  • စံပြဝါဒ  - မဖြစ်နိုင်တဲ့ စံချိန်စံညွှန်းများထားပြီး စံပြဖြစ်ဖို့ ကြိုးစားခြင်းက ကိုယ့်ကိုယ်ကို ရှုံးနိမ့် မှုအတွက် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။
  • အဖြူနဲ့အမည်း ခွဲခြားတွေးခေါ်ခြင်း - အရာရာကို ကောင်းတယ် ဒါမှမဟုတ် ဆိုးတယ်လို့သာ မြင်ပြီး အလယ်အလတ်လမ်းကြောင်း မရှိလို့ ယူဆခြင်း။

အပြုသဘောဆောင်တဲ့ တွေးခေါ်မှုကို အာရုံစိုက်ခြင်း
သင့်အနေနဲ့ အနုတ်လက္ခဏာဆန်တဲ့ တွေးခေါ်မှုကို အပြုသဘောဆောင်တဲ့ တွေးခေါ်မှုအဖြစ် ပြောင်းလဲ နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ရိုးရှင်းပေမယ့် အချိန်ယူလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်း တွေကတော့...

  • ပြောင်းလဲရမယ့် နယ်ပယ်တွေကို ဖော်ထုတ်ပါ - ကိုယ်ဘယ်နေရာတွေမှာ အနုတ်လက္ခဏာ ဆန်ဆန် တွေးခေါ်တတ်လဲဆိုတာကို အရင်သိအောင်လုပ်ပါ။ အလုပ်၊ နေ့စဉ်သွားလာမှု၊ ဘဝ အပြောင်းအလဲများ ဒါမှမဟုတ် ဆက်ဆံရေးစတာတွေ ဖြစ်နိုင်ပါတယ်။ အနုတ်လက္ခဏာ ဆန်ဆန်တွေးခေါ်မှုတွေအစား အပြုသဘောဆောင်တဲ့တွေးခေါ်မှုနဲ့ စိတ်ဖိစီးမှုကို စီမံဖို့တွေး ကြည့်ပါ။
  • သင့်ကိုယ်သင် စစ်ဆေးပါ - တစ်နေ့တာလုံး သင့်အတွေးများကို ရပ်ပြီး အကဲဖြတ်ပါ။ သင့်အတွေးတွေဟာ အဓိကအားဖြင့် အနုတ်လက္ခဏာဆန်နေတယ်ဆိုရင် အပြုသဘောဆောင် မယ့် အဓိပ္ပာယ်ဖော်နည်းကို ရှာဖွေကြည့်ပါ။
  • ရယ်မောမှုကို လက်ခံပါ - အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ပြုံးရယ်ဖို့ သင့်ကိုယ်သင် ခွင့်ပြုပါ။ နေ့စဉ်ဖြစ်ရပ်တွေမှာ ရယ်စရာကောင်းတဲ့အရာများကို ရှာဖွေပါ။ ဘဝမှာရယ်မော နိုင်တာတွေများရင် စိတ်ဖိစီးမှုကို ပိုမိုနည်းပါးစွာ ခံစားရပါတယ်။
  • ကျန်းမာတဲ့နေထိုင်မှုပုံစံကို လိုက်နာပါ - တစ်ပတ်တာရဲ့ နေ့အများစုမှာ မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ တစ်နေ့တာလုံး ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်စီ ခွဲပြီးလည်း လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်အခြေအနေနှင့် စိတ်ဖိစီးမှုကို လျော့ပါး စေနိုင်ပါတယ်။ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးပါ။ လုံလောက်စွာအိပ်စက်ခြင်းဖြင့် အနားယူပါ။ စိတ်ဖိစီးမှု ကို စီမံခန့်ခွဲနည်းများကို လေ့လာပါ။
  • အပြုသဘောဆောင်တဲ့သူများနှင့် နေပါ - သင့်ဘဝမှာ အပြုသဘောဆောင်ပြီး သင့်ကို အားပေးတတ်တဲ့လူများနဲ့ ဝန်းရံထားပါ။ အနုတ်လက္ခဏာဆန်တဲ့ လူတွေဟာ သင့်စိတ်ဖိစီးမှုကို တိုးစေနိုင်ပြီး ကျန်းမာသောနည်းလမ်းဖြင့် စိတ်ဖိစီးမှုကို စီမံနိုင်စွမ်းရှိမရှိကို သံသယဖြစ်စေ နိုင်ပါတယ်။
  • အပြုသဘောဆောင်တဲ့မိမိကိုယ်ကိုပြောဆိုမှုကို လေ့ကျင့်ပါ - ရိုးရှင်းတဲ့စည်းမျဉ်းတစ်ခုနဲ့ စတင်ပါ - သင့်ကိုယ်သင် မည်သူ့ကိုမျှ မပြောလိုတဲ့ စကားမျိုးကို မပြောမိပါစေနှင့်။ သင့်ကိုယ် သင် နူးညံ့စွာနဲ့ အားပေးစကားပြောပါ။ အနုတ်လက္ခဏာဆန်တဲ့ အတွေးတစ်ခု ဝင်လာရင် ယုတ္တိ ရှိရှိ အကဲဖြတ်ပြီး သင့်အတွက် ကောင်းမွန်တဲ့အရာများကို အတည်ပြုပြောဆိုပါ။ သင့်ဘဝမှာ ကျေးဇူးတင်စရာများအကြောင်း တွေးကြည့်ပါ။
  • နေ့စဉ် အပြုသဘောဆောင်တဲ့တွေးခေါ်မှုကို လေ့ကျင့်ခြင်း
    သင့်မှာ အနုတ်လက္ခဏာဆန်တဲ့ အမြင်ရှိတတ်ရင် တစ်ညတည်းနဲ့ အကောင်းမြင်သူဖြစ်လာ မယ်လို့ မမျှော်လင့်ပါနှင့်။ ဒါပေမယ့် လေ့ကျင့်မှုနဲ့ တဖြည်းဖြည်း မိမိကိုယ်ကိုပြောဆိုမှုမှာ ကိုယ့်ကိုယ်ကို ဝေဖန်မှုနည်းလာပြီး ကိုယ့်ကိုယ်ကို လက်ခံမှု ပိုများလာမယ်။ သင့်ပတ်ဝန်းကျင် မှာရှိတဲ့ ကမ္ဘာကြီးကိုလည်း ပိုမိုဝေဖန်မှု နည်းလာမယ်။

ကိုယ့်စိတ်အခြေအနေဟာ ယေဘုယျအားဖြင့် အကောင်းမြင်နေတယ်ဆိုရင် နေ့စဉ်စိတ်ဖိစီးမှုများ ကို ပိုမိုထိရောက်စွာ ရင်ဆိုင်နိုင်မှာပါ။ ဒါ့အပြင် အပြုသဘောဆောင်တဲ့တွေးခေါ်မှုမှ စိတ်ဖိစီးမှု လျော့ကျပြီး ကိုယ့်ရဲ့ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူဖြစ်စေလို့ အလုပ်မှာ ရော၊ အိမ်မှာရော၊ ပိုမိုပျော်ရွင်စေပါလိမ့်မယ်။

mayoclinic.org မှ Positive thinking: Stop negative self-talk to reduce stress ဆောင်းပါးကို သင့်တော်သလို ဘာသာပြန်ထားပါတယ်။

Reference link - https://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/positive-thinking/art-20043950

Myint Zu Phyo

BBM (NMDC)

MBA (YUE)