Startup လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုး
မိတ်ဆွေ Startup တည်ထောင်ဖို့ စိတ်ကူးရှိပြီလား?
ဒီဆောင်းပါးမှာ မြန်မာနိုင်ငံအတွင်း Startup တစ်ခုစတင်ဖို့ အသုံးဝင်မယ့် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုးကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ မိမိကိုယ်ပိုင်ငွေဖြင့် စတင်ခြင်း
ဒီနည်းလမ်းက Startup လုပ်ငန်း စတင်လိုတဲ့ လုပ်ငန်းးရှင်များအတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ - မိမိမှာရှိတဲ့ စုဆောင်းငွေ၊ အပိုဝင်ငွေတွေကို အသုံးပြုပြီး လုပ်ငန်းစတင်တာမျိုးပါ။ အားသာချက်ကတော့ လုပ်ငန်းအပေါ် မိမိကိုယ်တိုင် အပြည့်အဝထိန်းချုပ်ပိုင်ခွင့်ရှိမှာဖြစ်ပြီး အားနည်းချက်ကတော့ ငွေကြေးအကန့်အသတ်ရှိနိုင်တာပါ။
၂။ မိသားစုနဲ့ မိတ်ဆွေများထံမှ အကူညီတောင်းခံခြင်း
မိမိရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေဆီက ငွေကြေးအကူညီတောင်းတာပါ။ ဒီနည်းက အတိုးနှုန်းနည်းနည်းနဲ့ (ဒါမှမဟုတ်) အတိုးမဲ့ ငွေချေးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် ငွေကြေးပြဿနာတွေကြောင့် ဆက်ဆံရေးတွေ ပျက်စီးသွားတာမျိုး မဖြစ်အောင် သတိထားဖို့လိုပါတယ်။
၃။ ဘဏ်များ, အသေးစားငွေချေးလုပ်ငန်းများမှ ရယူခြင်း
နံပါတ် (၃) နည်းလမ်း အနေနဲ့ Startup လုပ်ငန်းများအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်းတစ်ခုက ဘဏ်များနဲ့ အသေးစားငွေချေးလုပ်ငန်းများမှ ချေးငွေရယူခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အဓိကအားသာချက်ကတော့ ပိုင်ဆိုင်မှု ခွဲဝေပေးစရာမလိုဘဲ ငွေကြေးရရှိနိုင်ခြင်းဖြစ်ပေမယ့် အတိုးနှုန်းမြင့်မားမှုနဲ့ အာမခံပစ္စည်းလိုအပ်ချက်တော့ ရှိပါတယ်။ ဘဏ်အများစုဟာ အာမခံပစ္စည်းအဖြစ် အိမ်၊ မြေနှင့် ကားကဲ့သို့သော တန်ဖိုးရှိပစ္စည်းများကို တောင်းဆိုလေ့ရှိပါတယ်။ အာမခံပစ္စည်းအခက်အခဲရှိပါက အသေးစားငွေချေးလုပ်ငန်း (Microfinance) အဖွဲ့အစည်းများမှ ချေးငွေများကို အခြားရွေးချယ်စရာအဖြစ် စဉ်းစားနိုင်ပါတယ်။ အသေးစားချေးငွေလုပ်ငန်းများဟာ အာမခံပစ္စည်းအနည်းငယ်သာ လိုအပ်တတ်ပြီး ငွေကြေးပမာဏ အနည်းငယ်သာ လိုအပ်သူများအတွက် ပိုမိုသင့်တော်ပေမယ့် အတိုးနှုန်းမှာ ဘဏ်ချေးငွေထက် ပိုမိုမြင့်မားတတ်ပါတယ်။ ခုနောက်ပိုင်းမှာ KBZ၊ CB၊ AYA စတဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၊ အစိုးရဘဏ်များအပြင် Hanna၊ LOLC၊ Dawn စတဲ့ ပြည်တွင်း၊ပြည်ပ အသေးစားငွေချေးလုပ်ငန်းများက လုပ်ငန်းရှင်များအတွက် သီးသန်းချေးငွေများ ထုတ်ပေးတဲ့ အစီအစဉ်များလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် SME Development Bank များမှလည်း Startup လုပ်ငန်းများအတွက် ချေးငွေအထူးပရိုဂရမ်များ ပေးလျက်ရှိပြီး အတိုးနှုန်း သက်သာစွာနဲ့ လုပ်ငန်းစတင်နိုင်နေပြီဖြစ်ပါတယ်။
၄။ Venture Capital (VC) ရင်းနှီးမြှုပ်နှံမှု
ဒီနည်းကတော့ မိမိလုပ်ငန်းကို မြန်မြန်ဆန်ဆန် တိုးချဲ့လိုတယ်။ ငွေကြေး အမြောက်အမြားကို အချိန်တိုအတွင်း လိုအပ်တဲ့ လုပ်ငန်းရှင် အတွက် သင့်တော်ပါတယ်။ Venture Capital ရဲ့ သဘောက မိမိလုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ရောင်းချလိုက်တဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက် မိမိလုပ်ငန်းအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ခွင့်တော့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် VC တွေက မိမိလုပ်ငန်းကို ငွေကြေးအပြင် နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ ဈေးကွက်ရှာဖွေရေးမှာပါ အများအပြား အကူညီပေးနိုင်ပါတယ်။
၅။ Angel Investors များနှင့် ချိတ်ဆက်ခြင်း
အိန်ဂျယ်ရင်းနှီးမြှုပ်နှံသူများ (Angel Investor) များဟာ အတွေ့အကြုံရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြပြီး အခြားစွန့်ဦးတီထွင်လုပ်ငန်းများကို ငွေကြေးနှင့် အကြံဉာဏ်များ ပေးလေ့ရှိပါတယ်။ သူတို့က ငွေကြေးအပြင် သူတို့ရဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး လမ်းညွှန်မှုတွေ၊ ဆက်သွယ်ရမယ့်လူတွေကိုပါ မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ investor တွေကို ရွေးချယ်ဖို့တော့ လိုပါတယ်။ထင်ရှားတဲ့ ဥပမာပေးရရင် Andy Bechtolsheim (Sun Microsystems တည်ထောင်သူ)က ဂူဂဲလ် (Google) ၏ ကနဦးကာလမှာ $100,000 ပတ်ဝန်းကျင် ရင်းနှီးမြှုပ်နှံပေးခဲ့တဲ့ Angel Investor တစ်ဦးဖြစ်ပါတယ်။
၆။ Crowdfunding ဖြင့် ရန်ပုံငွေရှာဖွေခြင်း
Crowdfunding ဆိုတာက အနာဂတ်စီးပွားရေးလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများနှင့် လူမှုရေးပရောဂျက်များအတွက် လူထုမှ တိုက်ရိုက်ငွေကြေးထောက်ပံ့နိုင်သည့် နည်းလမ်းပါ။အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ပရောဂျက်တစ်ခုအတွက် လူအများစုမှ ငွေကြေးအနည်းငယ်စီ စုပေါင်းထောက်ပံ့ခြင်းဖြစ်ပြီး ယခုအခါ နည်းပညာဖွံ့ဖြိုးမှုနဲ့အတူ လူကြိုက်များလာတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံသစ်တစ်ခုဖြစ်ပါတယ်။ Kickstarter ,SeedInves ,Funding Circle စတဲ့ Platform တွေ မှာ Startup လုပ်ငန်းရှင်များဟာ မိမိ စီးပွားရေးလုပ်ငန်း အိုင်ဒီယာ၊ ပရောဂျက်များကို တင်ပြပြီး ငွေကြေးအရင်းအနှီး ရှာဖွေနိုင်ပါတယ်။
၇။ Business Plan ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း
အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေက ပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေဆီက ငွေကြေးအရင်းအနှီး ၊ လမ်းညွှန်မှုနဲ့ networking အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုများပြီး ရွေးချယ်ခံရဖို့ ခက်ခဲနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆို Myanmar Young Entrepreneurs Association, 3ZeroHouse Myanmar စတဲ့ အဖွဲ့အစည်းတွေက ကျင်းပတဲ့ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်း မိမိလုပ်ငန်းရဲ့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ပါတယ်။
၈။ ထောက်ပံ့ငွေများ
အစိုးရမှ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးရန်ရည်ရွယ်၍ ပြုလုပ်သော အထောက်အပံ့ Program များ ဖြစ်ပါတယ်။ဒီငွေကြေးများကို ပြန်လည်ပေးဆပ်ရန် မလိုအပ်ဘဲ လုပ်ငန်းများစတင်ရန် သို့မဟုတ် တိုးချဲ့ရန်အတွက် အသုံးပြုနိုင်ပါတယ်။
အကြံပြုချက်
မိမိလုပ်ငန်းရဲ့ အဆင့်၊ အရွယ်အစားနဲ့ လိုအပ်ချက်များပေါ်မူတည်ပြီး သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။ အစပိုင်းမှာ ကိုယ်ပိုင်ငွေနဲ့စတင်ခြင်းနှင့် မိသားစုထံမှအကူညီရယူခြင်းတို့ကို ဦးစားပေးသင့်ပြီး လုပ်ငန်းကြီးထွားလာပါက Venture Capital သို့မဟုတ် ဘဏ်ချေးငွေတို့ကို စဉ်းစားသင့်ပါတယ်။ ငွေကြေးအရင်းအနှီး၊ အဆက်အသွယ် အတွေ့အကြုံး နည်းပါးသေးတဲ့ လူငယ်တွေအတွက် မူ Crowdfunding နှင့် Business Plan ပြိုင်ပွဲများဟာ အထူးသင့်တော်တဲ့ နည်းလမ်းများဖြစ်ပြီး ဒီနည်းလမ်းများဟာ ငွေကြေးအပြင် မိမိလုပ်ငန်းအား မီဒီယာများမှာ ဖော်ပြခံရခြင်း၊ Network ကောင်းများရရှိခြင်းစသော အကျိုးကျေးဇူးများစွာကိုပါ တစ်ပြိုင်နက်တည်း ရရှိစေပါတယ်။
ဒီဆောင်းပါးဟာ Startup လုပ်ငန်းများစတင်ရန် ကြိုးစားနေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
ကိုးကားစာရင်း
https://www.bdc.ca/en/articles-tools/start-buy-business/start-business/start-up-financing-sources
ဆုရည်ပိုင်
B.Act (YUEco)
Latest Articles
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
4 days ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
4 days ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
4 days ago
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 weeks ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
3 weeks ago
