လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်

 

ဒီနေ့ခေတ်မှာ ကိုယ့်လုပ်ငန်းအား ကမ္ဘာကြီးကို ထိခိုက်မှုမရှိဘဲ ဘယ်လိုကြီးထွားအောင် လုပ်မလဲဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကို မေးဖူးပါသလား။ တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) ဟာ ကျွနု်ပ်တို့ မလုပ်ရသေးတဲ့ အကောင်းဆုံး စီးပွားရေးအလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။

ဒီဆောင်းပါးလေးမှာ လုပ်ငန်းငယ်ပိုင်ရှင်တွေအတွက်...

  • ဘာကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးက အရေးကြီးတာလဲ
  • ဘာတွေ လုပ်လို့ရမလဲ
  • ဒါက ကိုယ့်လုပ်ငန်းကို ဘယ်လိုကြီးထွားစေမလဲ ဆိုတာတွေကို ရှင်းပြပေးသွားမှာပါ။

တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) ဆိုတာ ဘာလဲ။

ရိုးရိုးပြောရရင် ဒါဟာ အလေအလွင့် မရှိစေတဲ့ စီးပွားရေးလုပ်နည်းပါ။ ထုတ်လုပ်→သုံးစွဲ→လွှင့်ပစ် ဆိုတဲ့ ရိုးရိုးစနစ်အစား၊ ဘာမှ အလေအလွင့်မရှိအောင် ထုတ်ကုန်နဲ့ စနစ်တွေကို ဒီဇိုင်းဆွဲတဲ့ နည်းလမ်းပါ။

  • ပစ္စည်းတွေကို ပြန်သုံးတယ်၊ ပြင်ဆင်တယ်၊ အသစ်တစ်ခုအဖြစ် ပြောင်းလဲတယ်
  • အမှိုက်ဟာ အရင်းအမြစ်တစ်ခု ဖြစ်လာတယ်
  • ထုတ်ကုန်တွေကို ကြာရှည်ခံအောင် လုပ်တယ်
  • ထုတ်လုပ်တဲ့ ဖြစ်စဥ်တစ်ခုလုံးရဲ့ သက်တမ်းကို အစအဆုံး တွေးတောတယ်

ဒါက ကုမ္ပဏီကြီးတွေအတွက်ပဲလို့ ထင်စရာရှိပေမယ့်၊ တကယ်တော့ လုပ်ငန်းငယ်တွေဟာ ပိုပြီးလွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။ အကြောင်းကတော့ သူတို့က ပိုပြီးပြောင်းလွယ်ပြင်လွယ်ရှိလို့ဖြစ်ပါတယ်။ သူတို့က လူမှုအသိုင်းအဝိုင်းနဲ့ နီးစပ်တယ်၊ ပြီးတော့ ဖောက်သည်တွေရဲ့ တန်ဖိုးထားမှုကို ပိုသိတယ်နိုင်တဲ့ အားသာချက်တွေရှိပါတယ်။

ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းငယ်တွေဟာ ဒီစဉ်းစားနည်းကို အသုံးပြုပြီး အမှန်တကယ် အကျိုးကျေးဇူးတွေ ရလာနေပါပြီ။ ဥပမာအားဖြင့် -

  • EcoPost 

ကင်ညာနိုင်ငံမှာ ပလပ်စတစ်အမှိုက်တွေ များလာတာကိုမြင်ပြီး၊ တစ်စုံတစ်ယောက်က ဖြေရှင်းမှာကို စောင့်မနေဘဲ EcoPost တည်ထောင်သူများက စတင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အခုဆို သူတို့က ပလပ်စတစ်အမှိုက်တွေကို လယ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေအတွက် ခိုင်ခံ့တဲ့ ခြံစည်းရိုးတိုင်တွေ အဖြစ် ပြောင်းလဲပေးနေပါပြီ။ ဒါက ညစ်ညမ်းမှုကိုလျှော့ချရုံသာမက၊ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးနေပါတယ် (အထူးသဖြင့် အမျိုးသမီးနဲ့ လူငယ်တွေအတွက်)။

  • Repurpose (US)

ဒီဂျစ်တယ်ပလက်ဖောင်းတွေနဲ့ Smart Tool တွေက အခုဆို လုပ်ငန်းတွေအတွက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချပြီး ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။ အမေရိကန်မှာဆိုရင် Repurpose က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မြေဆွေးပြုလုပ်နိုင်တဲ့ ခွက်၊ ပန်းကန်နဲ့ စားပွဲတန်းသုံးပစ္စည်းတွေထုတ်လုပ်ပါတယ်။ Repurpose အဖွဲ့က AI အပါအဝင် နည်းပညာတွေကို သူတို့ရဲ့လုပ်ငန်းတွေမှာ သုံးဖို့စီမံပါတယ်။ ဒါပေမယ့် သူတို့က သတိထားပြီးသုံးကြပါတယ်တယ်။ အကြောင်းကတော့ AI မှာလည်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတာကို သိထားလို့ဖြစ်ပါတယ်။ ဒါမှသူတို့ရဲ့ စွန့်ပစ်ပစ္စည်းလျှော့ချရေး ရည်မှန်းချက်နဲ့ ကိုက်ညီမှာပါ။ သူတို့ရဲ့ တိုးတက်မှုက ရေရှည်တည်တံ့မှုနဲ့ အမြတ်အစွန်းက တွဲဖက်သွားနိုင်တယ်ဆိုတာ ပြသနေပါတယ်

  • Salubata 

တချို့လုပ်ငန်းတွေက လူမှုရေးအကျိုးသက်ရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ရည်မှန်းချက်တွေကို ပေါင်းစပ်ထားပါတယ်။ Salubata ဆိုတဲ့ကုမ္ပဏီက ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ခေတ်မီဒီဇိုင်းရှိတဲ့ ဖိနပ်တွေအဖြစ် ပြောင်းလဲထုတ်လုပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကူညီရင်းနဲ့ပဲ ကုမ္ပဏီရဲ့ အမြတ်ငွေ ၅% ကို ဆင်းရဲနွမ်းပါးတဲ့ ရပ်ရွာလူထုထဲက ကလေးတွေနဲ့ မိန်းကလေးတွေအား လုပ်ပိုင်ခွင့်မြှင့်တင်ဖို့ လှူဒါန်းပါတယ်။

အထက်မှာ‌ဖော်ပြခဲ့တဲ့ လုပ်ငန်းတွေက ကြီးမားတဲ့ကော်ပိုရေးရှင်းကြီးတွေမဟုတ်ပါဘူး။ ပုံမှန်လူတွေကပဲ ကိုယ်ပိုင်လုပ်ငန်းကို မတူညီတဲ့နည်းလမ်းနဲ့ လုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ကုမ္ပဏီငယ်လေးတွေပါ။ သူတို့ရဲ့လုပ်ဆောင်ချက်တွေက လူတွေရဲ့ဘဝတွေကိုတိုးတက်စေရုံသာမက ပိုမိုအားကောင်းပြီး ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေကိုလည်း တည်ဆောက်ပေးနေပါတယ်။

အသေးစားလုပ်ငန်းတွေ ဘာကြောင့် ရေရှည်တည်တံ့မှုကို ဂရုစိုက်သင့်သလဲ။

အသေးစားလုပ်ငန်းရှင်အများစုအတွက် လက်ရှိလုပ်နေရတဲ့ အလုပ်တွေနဲ့ပင် များနေပြီဆိုတာကို ကျွနု်ပ်နားလည်ပါတယ်။ ရောင်းအားမြှင့်တက်ရေး၊ ဝန်ထမ်းလစာပေးရေး၊ ဖောက်သည်တွေကျေနပ်အောင်လုပ်ရေး၊ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေ မြှင့်တင်ရေး စတဲ့ အလုပ်တွေနဲ့ပဲ ပြည့်နေတာပါ။ "ရေရှည်တည်တံ့မှု" အကြောင်းတွေးဖို့ဆိုတာ ကိုယ့်အတွက် ဈေးကြီးတဲ့အပိုဝန်ထုပ်တစ်ခုလိုပဲ ခံစားရနိုင်ပါတယ်။

ဒါပေမယ့်... စိမ်းလန်းစိုပြေရေး (green) လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး ကိုယ့်လုပ်ငန်းအတွက် မဖြစ်မနေယူသင့်တဲ့ နည်းဗျူဟာကျ အကျိုးကျေးဇူးတစ်ခုပါ။

အခုခေတ် ဖောက်သည်တွေဟာ သူတို့ဝယ်ယူတဲ့ပစ္စည်းတွေအကြောင်း "ဒါက ဘယ်ကလာတာလဲ" "ဘယ်သူလုပ်တာလဲ" "သုံးပြီးရင် ဘာဖြစ်သွားမလဲ" စတဲ့မေးခွန်းတွေကို ပိုမိုမေးမြန်းလာကြပါတယ်။ အကယ်၍ သင့်လုပ်ငန်းက ဒီမေးခွန်းတွေကို ရိုးရိုးသားသားနဲ့ အပြုသဘောဆောင်တဲ့အဖြေ ပေးနိုင်မယ်ဆိုရင်၊ သင်ဟာ အခြားလုပ်ငန်းတွေထက် ပိုထင်ရှားလာပါလိမ့်မယ်။

ဒီနေ့ခေတ်မှာ ဖောက်သည်တွေဟာ သူတို့ရဲ့ရွေးချယ်မှုတွေက ကမ္ဘာကြီးကို ဘယ်လိုသက်ရောက်မှုရှိစေလဲဆိုတာကို ပိုသိလာကြပါတယ်။ သူတို့က လူသားတွေနဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့လုပ်ငန်းတွေကို ပံ့ပိုးချင်ကြပါတယ်။ ဒါကြောင့် တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) နည်းလမ်းတွေကို ကျင့်သုံးခြင်းဖြင့် ဖောက်သည်တွေနဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်နိုင်ပြီး ပြိုင်ဆိုင်မှုများတဲ့စျေးကွက်ထဲမှာ ကိုယ့်လုပ်ငန်းကို ပိုထင်ရှားစေနိုင်ပါတယ်။

တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) ထဲ ဘယ်လိုပါဝင်မလဲ။

လုပ်ငန်းငယ်လေးတွေဟာ ပြည့်စုံဖို့မလိုပါဘူး။ တစ်ခါတည်း အရာအားလုံးကို ပြောင်းလဲဖို့လည်းမလိုပါဘူး။ အရေးကြီးတာက ပထမဆုံးခြေလှမ်းကို စတင်ဖို့ပါပဲ။

ဒါကြောင့် သင့်အနေနဲ့ စတင်စဉ်းစားနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတချို့ မှာ–

  • ထုပ်ပိုးမှုကို ပြန်လည်စဉ်းစားပါ – ပြန်လည်အသုံးပြုနိုင်တဲ့ (recyclable) ဒါမှမဟုတ် ဇီဝချေဖျက်နိုင်တဲ့ (biodegradable) ပစ္စည်းတွေသုံးလို့ရမလား။
  • စွန့်ပစ်ပစ္စည်းလျှော့ချပါ – မလိုအပ်တော့တဲ့ပစ္စည်းတွေကို လှူဒါန်းခြင်း၊ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် အခြားနည်းနဲ့ အသုံးချခြင်း လုပ်နိုင်မလား။
  • ပြင်ဆင်ခြင်း (repair) နဲ့ ပြန်ဖြည့်ခြင်း (refill) ဝန်ဆောင်မှုတွေပေးပါ – ဖောက်သည်တွေကို ပစ္စည်းပြန်ယူပြင်ခွင့် သို့မဟုတ် ပြန်လည်ဖြည့်သုံးစေခွင့် ပေးနိုင်မလား။
  • ဒေသခံလုပ်ငန်းများနဲ့ မိတ်ဖက်ပြုပါ – အခြားသော အသေးစားလုပ်ငန်းတွေ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စွန့်ပစ်ပစ္စည်းလျှော့ချခြင်း၊ အရင်းအမြစ်မျှဝေခြင်းတို့ကို လုပ်ဆောင်နိုင်မလား။
  • သင့်ရဲ့ဇာတ်လမ်းကိုပြောပါ – သင်ဘာလုပ်နေလဲ၊ ဘာကြောင့်လုပ်နေလဲဆိုတာကို ဖောက်သည်တွေကို ပြောပြပါ။ လူတွေဟာ တစ်ခုခုအတွက်ရပ်တည်နေတဲ့လုပ်ငန်းတွေကို ပံ့ပိုးချင်ကြပါတယ်။

စတင်ဖို့ ဘယ်ကစရမှန်း မသေချာရင် အသေးစားကနေ စလိုက်ပါ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုက နောက်ထပ် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဆီ ဦးတည်သွားစေနိုင်ပါတယ်။

ဥပမာ -

  • မုန့်ဖုတ်ဆိုင်တစ်ခုရဲ့ နောက်ဖေးမှာ အသေးစား မြေဆွေးပုံး တစ်လုံး ထားလိုက်ခြင်း
  • ထုတ်ကုန်အား ရိုးရှင်းလွယ်ကူစွာ ပြင်ဆင်ပေးခြင်း။
  • ပြန်လည်အသုံးပြုနိုင်တဲ့ ထုပ်ပိုးမှုကို ရွေးချယ်လိုက်ခြင်း

ဒီလိုအသေးစား အစပြုမှုလေးတွေကနေ အချိန်ကြာလာတဲ့အခါ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဟာ သင့်အချိန်ပါ။

စီးပွားရေးအနာဂတ်ကို ကြည့်မယ်ဆိုရင် ရေရှည်တည်တံ့မှု (Sustainability) ဟာ အခြေခံစဉ်းစားပုံတစ်ခု ဖြစ်လာပါပြီ။ သင်ဒီစာကိုဖတ်နေတယ်ဆိုတာ - သင့်မှာဂရုစိုက်စရာရှိတယ်၊ သင့်လုပ်ငန်းကို မှန်ကန်စွာကြီးထွားစေချင်တယ်၊ သင့်လက်ရာတွေကို ဂုဏ်ယူချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒါကြောင့် ဒီအခိုက်အတန့်ကို သင့်အခွင့်အရေးအဖြစ် ယူလိုက်ပါ။

• ရေရှည်တည်တံ့မှုဆီပထမဆုံးခြေလှမ်းစတင်ပါ
• သင့်လုပ်ငန်းလည်ပတ်မှုတွေကိုပြန်ဆန်းစစ်ပါ
• မေးခွန်းအသစ်တွေမေးပါ-အဖြေအသစ်တွေရှာပါ
• ဖောက်သည်တွေနဲ့ပြောပါ-အဖွဲ့နဲ့တိုင်ပင်ပါ
• အတူတကွ ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်ပါ

ကမ္ဘာကြီးပြောင်းလဲနေပါပြီ။ ဒီပြောင်းလဲမှုထဲမှာ သင်ဦးဆောင်နိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်။

forbes.com website မှ “Small Business And The Circular Economy: SMBs Are Key To a Sustainable Future” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program), Chiang Mai University, Thailand