ရိုးရှင်းတယ်လို့ထင်ရပေမယ့် ဆန်းသစ်ပြီးလေးနက်မှုရှိတဲ့ Business နှစ်ခု
"Everdrop"
Everdrop က ပလတ်စတစ်နဲ့ တခြားအရင်းအမြစ်များကို အသုံးပြုမှုအနည်းဆုံးဖြစ်ဖို့ ရည်ရွယ်ချက်ဖြင့် သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေတဲ့ မြူးနစ်မြို့မှ ကုမ္ပဏီတစ်ခု ဖြစ်တယ်။ သမားရိုးကျ သန့်ရှင်းရေးသုံးထုတ်ကုန်တွေက ပလတ်စတစ်ဘူးကြီးများ ဒါမှမဟုတ် ပလတ်စတစ်အိတ်ကြီး များကို ထုတ်ပိုးအသုံးပြုကာ ရောင်းချကြတယ်။ သုံးစွဲသူတွေကလည်း တစ်ခါသုံးလို့ကုန်သွားရင် စွန့်ပစ်ပြီး နောက်ထပ်အသစ်တစ်ဘူး ထပ်ထပ်ဝယ်ကြတယ်။ Everdrop က မီးဖိုချောင်နဲ့ ရေချိုးခန်းသန့်ရှင်းရေးအတွက်သုံးတဲ့ ချေးချွတ်ဆေးကို အရည်ပျော်နိုင်တဲ့ ဆေးပြားများ (dissolvable detergent tabs) အသွင်ပြောင်းပြီး ၎င်းဆေးပြားပုံစံလေးများကို စက္ကူနဲ့ထုပ်ပိုးပြီး ပြန်လည်သုံးလို့ရတဲ့ spray ဘူးနဲ့အတူ ရောင်းချတဲ့ brand တစ်ခုဖြစ်တယ်။ ပန်းကန်ဆေးရာမှာသုံးဖို့ဆေးပြားနဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်တို့ကိုလည်း ရောင်းချတယ်။ သုံးစွဲသူတွေက သုံးလို့ကုန်သွားရင် ဘူးလိုက်ကြီး ဝယ်စရာမလိုဘဲ tablet စက္ကူအိတ်ထုတ်လေးကိုသာဝယ်ယူပြီး မူလဝယ်ထားတဲ့ spray ဘူးထဲသို့ tablet နဲ့ ရေ ရောနှောကာ အကြိမ်ကြိမ်ပြန်လည်ဖြည့်ပြီးသုံးစွဲနိုင်အောင် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်များဖြစ်တယ်။ ဒီထုတ်ကုန်တွေကို ဂျာမနီ၊ သြစတီးယား၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အီတလီနဲ့ နယ်သာလန်နိုင်ငံများမှာ ရောင်းချလျက်ရှိတယ်။
Everdrop ဖြစ်ပေါ်လာရတဲ့ အခြေခံကျတဲ့ idea ကတော့ သန့်ရှင်းရေးအတွက်သုံးတဲ့ပစ္စည်းတွေက အများအားဖြင့် “ရေ” ဖြစ်တယ်ဆိုတာပါပဲ။ အဲ့ဒါဆို ကုမ္ပဏီတွေက စားသုံးသူတွေအိမ်မှာရှိနှင့်နေပြီးသား “ရေ” ကို ဘာကြောင့် resources တွေ အများကြီးသုံးပြီး customerတွေဆီ ပို့နေရမှာလဲဆိုတဲ့မေးခွန်းနဲ့ စတင်ခဲ့တယ်။ အဲ့ဒီမှာ သန့်ရှင်းရေးသုံးထုတ်ကုန်တွေကို ရေမှာပျော်ဝင်နိုင်တဲ့ ဆေးပြားများအဖြစ် redesign လုပ်တဲ့အပြင် တစ်ခါသုံးပလတ်စတစ် အသုံးပြုတဲ့ထုပ်ပိုးမှုပုံစံကိုပါ ဖယ်ရှားတဲ့အနေနဲ့ စက္ကူအိတ်ငယ်လေးများထုပ်ပိုးကာ ပြန်လည်အသုံးပြုနိုင်တဲ့ PET ဘူး၊ ဖန်ပုလင်းတွေနဲ့ ထုတ်ကုန်တွေကို ရောင်းချပါတယ်။
"ထူးခြားချက်"
Everdrop တည်ထောင်သူတွေက detergent တွေဟာ ရေမြောင်းတွေဆီကို အိမ်တွေဆီကနေ ထုတ်လွှတ်လိုက်တဲ့ အကြီးမားဆုံးရင်းမြစ်ဖြစ်တယ်ဆိုတာကို သတိပြုမိခဲ့ကြတယ်။ အဲ့ဒီမှာ detergent တွေအတွက် ‘green chemistry’ formula ကိုဖန်တီးခဲ့ပြီး online water hardness tool ဆိုတဲ့ customer တွေကို သူတို့အသုံးပြုတဲ့ ရေရဲ့ဓာတ်သတ္တုပါဝင်မှုအခြေနေပေါ်မူတည်ပြီး အွန်လိုင်းကနေ စစ်ဆေးကာ detergent ပမာဏ အတိအကျဘယ်လောက်သုံးရင်ရတယ်လို့ ဖော်ပြပေးနိုင်တဲ့နည်းပညာ အသုံးပြုထားတယ်။ သမားရိုးကျ detergent တွေနဲ့ယှဥ်ရင် မလိုလားအပ်တဲ့ ရေရှည်ကောင်းကျိုးမဖြစ်မယ့်အရာတွေ ရေထဲပါဝင်မှု လျော့နည်းသွားဖို့ ရည်ရွယ်ထားတယ်။
Everdrop ရဲ့ tablets တွေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ပုလင်းတွေက ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေ အများကြီးဖြစ်စေတယ်။ Tablet ပုံစံပြုလုပ်ခြင်းက တစ်ခါသုံးပလတ်စတစ်အသုံးပြုမှု အလားအလာကို ရှောင်ရှားစေပြီး online water hardness tool က detergent တွေ အလွန်အကျွံအသုံးပြုမှုကို ဖယ်ရှားပေးနိုင်တယ်။ Packaging အတွက် FSC-certified paper အသုံးပြုပြီး product တွေကို tablet ပုံစံအဖြစ် redesign လုပ်ထားတဲ့အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ သမားရိုးကျ သန့်ရှင်းရေးသုံး ဘူးများကို သယ်ယူပို့ဆောင်တာထက် carbon ထွက်ရှိမှုပမာဏ လျှော့ချနိုင်ပါတယ်။ Tablet ပါဝင်တဲ့အထုတ်ငယ်လေးတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် တစ်ထုပ်ကို ယူရို (၁) ဒေါ်လာနဲ့ ရောင်းချတယ်။ ကုမ္ပဏီစတည်ထောင်ချိန်မှစပြီး Everdrop ကုန်ပစ္စည်းရောင်းချမှုကနေ တစ်ခါသုံး ပလတ်စတစ်ပုလင်းပေါင်း (၅) သန်းကျော် သက်သာသွားစေပါတယ်။
"BioPak"
ဒီနေ့ခေတ်မှာ take-away food sector က အလျင်အမြန်တိုးတက်လာမှု ရလဒ်အနေနဲ့ အစားအစာ ထည့်တဲ့တစ်ခါသုံးပလတ်စတစ်ဘူးများ၊ အိတ်များ စတဲ့ packaging များ အသုံးပြုရမှုဟာ နှစ်တိုင်းများပြားကာ စွန့်ပစ်မှုလည်း အသုံးပြုမှုနဲ့အတူ လိုက်လံတိုးပွားလာတယ်။ Recycle လုပ်မယ်ဆိုလည်း စားကြွင်း စားကျန်တွေကြောင့် မသင့်လျော်ကာ လက်တွေ့မှာ ဒီလိုနဲ့ပဲ ပါဆယ်ဘူးတို့ အိတ်တို့ဟာ အမှိုက်ပုံမှာပဲ အဆုံးသတ်သွားလေ့ရှိတယ်။ Project Drawdown (2018) လေ့လာမှုတစ်ခုအရ တစ်ကမ္ဘာလုံးရှိ solid waste တွေရဲ့ တစ်ဝက်နီးပါးလောက်က အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများနဲ့ ပြိုကွဲပျက်စီးနိုင်တဲ့စွန့်ပစ်ပစ္စည်းများဖြစ်ကာ ၎င်းတို့ဟာ လဟာပြင်အမှိုက်ပုံများမှာ အဆုံးသတ်ကာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေနိုင်တဲ့ အမြင့်ဆုံး အလားအလာရှိတဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်ပေးနိုင်တာကို တွေ့ရှိခဲ့ကြတယ်။
စားကြွင်းစားကျန်တွေက အပင်နဲ့ မြေကြီးကိုအာဟာရကြွယ်ဝဖို့ တန်ဖိုးရှိတဲ့ဓာတ်မြေသြဇာအဖြစ် ပြောင်းလဲသွားမယ့် သဘာဝရဲ့ဖြစ်စဥ်တစ်ခုထဲပါဝင်လို့နေပါတယ်။ ဒီအချက်ကို အခွင့်ရေးအဖြစ်ယူကာ packaging ကိုပါ သဘာဝထဲမှာ compost ဖြစ်သွားစေဖို့ BioPak က Foodservice industry ရဲ့ ထုပ်ပိုးမှုအပိုင်း လိုအပ်ချက်လည်းဖြည့်ဆည်းနိုင်ပြီး အစားအစာထုပ်ပိုးရာမှာ သုံးတဲ့ဘူးများကို စားကြွင်းစားကျန်များနဲ့အတူ လဟာပြင်အမှိုက်ပုံမရောက်ဘဲ သဘာဝဆီပြန်လည်ရောက်ရှိသွားဖို့ ချဥ်းကပ်သွားနိုင်မယ့် packaging ရဲ့ design ပိုင်းကို ပြောင်းလဲဖို့ တွေးတောလာကြတယ်။ တစ်ခါသုံး အစားအစာထုပ်ပိုးတဲ့ packaging များကို recycle နဲ့ reuse လုပ်ဖို့ မသင့်တော်လို့ compostable packaging တွေရဲ့ ကဏ္ဍက အလုပ်ဖြစ်လာနိုင်တယ်လို့ ယူဆလာကြပါတယ်။
Take away food sector မှာ ထည့်မယ့်အစားအစာပေါ်မူတည်ပြီး လိုအပ်တဲ့ထုပ်ပိုးမှုပစ္စည်းများအတွက် BioPak က Compostable packaging တွက် အပင်အခြေခံကုန်ကြမ်းများဖြစ်တဲ့ ကြံ၊ ပြောင်းဖူးနဲ့ ပီလောပီနံများ အသုံးပြုထားတဲ့ ထုတ်ကုန်များ၊ သဘာဝပတ်ဝန်းကျင်နဲ့အညီ လိုက်လျောစွာ စီမံထားတဲ့ သစ်တောများမှ ရယူထုတ်လုပ်ထားတဲ့ စာရွက်၊ သစ်သားနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်အမျိုးအစားများ ထုတ်လုပ်ရောင်းချတယ်။
"ထူးခြားချက်"
အဲ့ဒါတင်မကဘဲ အဲ့ဒီ packaging တွေ သင့်လျော်တဲ့နည်းလမ်းဖြင့် ဆွေးမြေ့ပျက်စီးစေနိုင်ဖို့ စီစဥ်ထားတဲ့ Compost Connect လို့ခေါ်တဲ့ အသုံးပြုပြီးသားထုတ်ကုန်တွေကို ပြန်လည်စုစည်းပြီး သင့်လျော်စွာ ပြိုကွဲစေတဲ့ ဝန်ဆောင်မှု (after-use collection and composting service) ကိုပါတွဲပြီး လုပ်ဆောင်ပေးတဲ့ system ကို ဖန်တီးပေးထားတယ်။ Packaging နဲ့အတူ စားကြွင်းစားကျန်များပါ ဓာတ်ပြုပြိုကွဲစေကာ အာဟာရပြည့်ဝတဲ့မြေဆီကို ပြုပြင်ထိန်းသိမ်းပေးရာမှာ အားဖြည့်ပေးပါတယ်။ BioPak ကထုတ်လုပ်တဲ့ packaging တွေက ISO14000 စံချိန်စံညွှန်းဖြစ်တဲ့ ကုန်ထုတ်လုပ်မှု operation ပိုင်းက သဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင်ပြုလုပ်ရာမှာ ကူညီပေးတဲ့ အသိအမှတ်ပြုမှုနဲ့အညီ ထုတ်ကုန်များကို ထုတ်လုပ်ထားတယ်။ ထုတ်လုပ်မှုဖြစ်စဥ်အစမှာလည်း သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေအောင် စီမံရယူထားတဲ့ ကုန်ကြမ်းအရင်းအမြစ်များကို အသုံးပြုထားပြီး နောက်ဆုံးမှာ အမှိုက်ပုံမှာပဲ အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ packaging နဲ့ အစားအစာတွေကို ခွဲထုတ်ကာ ရရှိလာတဲ့ ဆွေးမြေ့ပျက်စီးတဲ့ မြေဆွေးတွေကို မြေပြုပြင်ပြောင်းလဲတဲ့နေရာ၊ အပင်အသစ်တွေစိုက်ပျိုးတဲ့နေရာမှာ ပြန်လည်အသုံးပြုခြင်းနဲ့ ပတ်ဝန်းကျင်ဆီ သင့်တော်တဲ့ပုံစံနဲ့ လိုက်လျောညီထွေစွာ သဘာဝထဲ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ပလပ်စတစ်ညစ်ညမ်းမှု လျှော့ချခြင်း၊ ကာဗွန်ထွက်ရှိမှု ဖြတ်တောက်နိုင်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်တယ်။
Compost service ကို သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံများမှာ postcodes ၂၀၀၀ ကျော် အသုံးပြုနိုင်အောင် စီမံထားပြီး အဲ့ဒီဝန်ဆောင်မှုကို စတင်မိတ်ဆက်ချိန်မှစပြီး ကုမ္ပဏီ၂၀၀ နဲ့ချိတ်ဆက်လုပ်ဆောင်ပြီး လဟာပြင် အမှိုက်ပုံကနေ အစာကြွင်းကျန်များနဲ့ packaging ပေါင်း တန်ချိန်ပေါင်း ၆၆၀ ခွဲထုတ်နိုင်ခဲ့ပြီး အာဟာရကြွယ်ဝတဲ့ မြေဆွေးအိတ်ပေါင်း ၆၆၀၀၀ ကို ဖန်တီးနိုင်ခဲ့တယ်။ Business နှစ်ခုအကြောင်း လေ့လာမိပြီးနောက်မှာတော့ ကျွန်မတို့က ပြဿနာရဲ့ပုစ္ဆာကို အဖြေရှာရာမှာ ရှုပ်ရှုပ်ထွေးထွေးစဥ်းစားနေတတ်ပြီး ရိုးရှင်းမှုနဲ့ သဘာဝရဲ့သဘောတရားများကို မမြင်နိုင်တော့တဲ့အခြေနေမျိုးကို ရောက်မှန်းမသိရောက်သွားတတ်ကြပါတယ်။ ဒါကြောင့် ရိုးရှင်းတဲ့အတွေးခေါ်များကို သဘာဝရဲ့ သဘောတရားကိုပါ လေ့လာရင်း လက်ရှိတိုးတက်နေတဲ့နည်းပညာများဖြင့် ပေါင်းစပ်အသုံးပြုကာ ဖြေရှင်းဖို့ ခြေလှမ်းစတင်သင့်တယ်လို့ ထင်မြင်မိပါတယ်။
Ellenmacarthurfoundation.org မှ Dissolvable cleaning tablets: Everdrop ဆောင်းပါးနဲ့ Closing the loop on single-use food packaging: BioPak ဆောင်းပါးများကို သင့်လျော်သလို ဘာသာပြန်ဆိုထားပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။
https://www.ellenmacarthurfoundation.org/.../dissolvable...
https://www.ellenmacarthurfoundation.org/.../closing-the...
Daw Myint Zu Phyo
BBM, (NMDC), MBA (YUE)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
4 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
4 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
