တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI

               Artificial Intelligence (AI) သည် တက္ကသိုလ်များအတွင်း ကျောင်းသားများ နှင့် ဆရာများ၏ သင်ယူမှုနှင့် သင်ကြားမှုပုံစံများကို အမြန်ဆုံး ပြောင်းလဲလျက်ရှိပါသည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း ပြုလုပ်ခဲ့သော စစ်တမ်းများအရ AI အား အသုံးပြုမှုမှာ အလွန်မြန်ဆန်စွာ ကြီးထွားလာပြီး ကျေးဇူးတင်ရမည့် အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများလည်း ရှိနေကြောင်း တွေ့ရပါသည်။ ကျောင်းသားများက AI ကို စတင် အသုံးပြုနေကြပြီဖြစ်သော်လည်း ဆရာများကမူ ပိုမိုသတိနှင့် ချဉ်းကပ်လျက်ရှိပြီး နှစ်ဖက်စလုံးတွင် AI အား ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

ကျောင်းသားများကြားတွင် AI အား ကျယ်ပြန့်စွာ အသုံးပြုလာခြင်း

               AI အား စာသင်ခန်းအတွင်း အသုံးပြုခြင်းသည် ယခုအခါ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်လာပါသည်။ စစ်တမ်းများအရ ကျောင်းသား ၈၀% မှ ၉၂% အထိသည် ၎င်းတို့၏ ပညာရေးတွင် AI TOOLSများကို အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကျောင်းသားများသည် AI ကို အောက်ပါအလုပ်များအတွက် အဓိကအားဖြင့် အသုံးပြုနေကြပါသည်-

  • သတင်းအချက်အလက်များ ရှာဖွေခြင်း
  • သဒ္ဒါနှင့် စာအရေးအသား စစ်ဆေးခြင်း
  • စာတမ်းများအား အကျဉ်းချုပ်ခြင်း
  • စာတမ်းများအား မူကြမ်းရေးသားခြင်း
  • ရှုပ်ထွေးသော အကြောင်းအရာများအား ရှင်းလင်းခြင်း
  • သုတေသန စိတ်ကူးသစ်များ တောင်းခံခြင်း

               သို့ရာတွင် AI ၏ အချက်အလက်များ မှန်ကန်မှုရှိမရှိ၊ စာမေးပွဲများတွင် လိမ်ညာသော နည်းလမ်းအဖြစ် အသုံးချမှုများ (အကြံဉာဏ်ယူခြင်း) နှင့် AI ကို အလွန်အမင်း မှီခိုခြင်းကြောင့် ကျောင်းသားများ၏ ကိုယ်ပိုင်တွေးခေါ်မှုစွမ်းရည် ကျဆင်းလာနိုင်ခြင်း အစရှိသည့် စိုးရိမ်မှုများလည်း ရှိနေဆဲဖြစ်ပါသည်။

ဆရာများ၏ AI အား သတိနှင့် စူးစမ်းအသုံးပြုခြင်း

               ဆရာများဘက်တွင်မူ AI အား အသုံးပြုမှုမှာ ကျောင်းသားများထက် နှေးကွေးပါသည်။ ဆရာ ၉၀% ကျော်က အနာဂတ်တွင် AI အား ပိုမိုအသုံးပြုရန် ရည်ရွယ်ထားသော်လည်း လက်ရှိအချိန်တွင် အနည်းငယ်မျှသာ အသုံးပြုနေကြပါသည်။ ဆရာများသည် AI အား အောက်ပါအလုပ်များအတွက် စမ်းသပ်အသုံးပြုနေကြပါသည်-

  • သင်ရိုးညွှန်းတမ်း ဒီဇိုင်းဆွဲခြင်းကို အကူအညီပေးရန်
  • စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်အစဉ်များကို အလိုအလျောက်လုပ်ဆောင်ခြင်း- AI သည် စာစစ်ခြင်း၊ အချိန်ဇယားဆွဲခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကဲ့သို့သော ထပ်ကာထပ်ကာလုပ်ရသော စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်တာဝန်များကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်ပြီး သင်ကြားခြင်းနှင့် သုတေသနလုပ်ခြင်းကဲ့သို့သော ပိုမိုအဓိပ္ပာယ်ရှိသည့် လုပ်ဆောင်ချက်များအတွက် ဆရာများ၏ အချိန်ကို ရယူပေးနိုင်ပါသည်။
  •  သင်ကြားမှုနည်းလမ်းများကို မြှင့်တင်ရန်
  • ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သင်ယူမှုကို စိတ်ကြိုက်ပြင်ဆင်ပေးရန်

               ဆရာများအနေဖြင့် AI စနစ်အတွင်း ရှိနိုင်သော AI Model ၏ ဘက်လိုက်မှုများ၊ အချက်အလက်များ လုံခြုံရေး၊ ကျောင်းသားများ၏ AI အား အကြံဉာဏ်ယူမှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြပါသည်။ ဆရာအများအပြားသည် AI နှင့် ပတ်သက်၍ လေ့လာသင်ယူရန် လိုအပ်နေသေးကြောင်း ခံစားရပါသည်။

စိန်ခေါ်မှုများနှင့် အနာဂတ်အတွက် အဓိပ္ပာယ်များ

               ကျောင်းသားဖြစ်စေ၊ ဆရာဖြစ်စေ နှစ်ဦးစလုံးသည် AI ကို ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများ အားနည်းနေကြောင်း တွေ့ရှိရပါသည်။ ကျောင်းသားအများအပြားသည် AI ကို အသုံးပြုရသော နောင်လုပ်ငန်းခွင်အတွက် မပြင်ဆင်ထားဘူးဟု ထင်မြင်မိပါသည်။ အနာဂတ်အတွက် ဤအချက်များဖြင့် ညွှန်ပြနေပါသည်-

  • AI ၏ ပိုမိုနက်ရှိုင်းသော ပေါင်းစည်းမှု- AI သည် သင်ကြားမှု၊ သင်ယူမှုနှင့် တက္ကသိုလ်များ၏ စီမံခန့်ခွဲမှုစနစ်များတွင် ပိုမို၍ နေရာယူလာမည်ဖြစ်သည်။
  • ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှုရှိသော အသုံးပြုမှုအပေါ် အလေးပေးခြင်း- တက္ကသိုလ်များအနေဖြင့် AI အား တရားဝင်နှင့် ကျင့်ဝတ်နှင့်ညီသော နည်းလမ်းဖြင့် အသုံးပြုရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးရန် လိုအပ်ပါသည်။
  • ဆရာများ၏ အခန်းကဏ္ဍ ပြောင်းလဲလာခြင်း- AI က အလိုအလျောက်လုပ်ဆောင်နိုင်သော အလုပ်များ ပိုမိုလုပ်လာသည်နှင့်အမျှ ဆရာများသည် ကျောင်းသားများ၏ ကိုယ်ပိုင်တွေးခေါ်မှုစွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များကို ပိုမိုအာရုံစိုက် သင်ကြားလာကြရမည် ဖြစ်သည်။
  • တန်းတူညီမျှမှု ပြဿနာ- ကျောင်းသားအားလုံး AI Tools များနှင့် သင်တန်းများကို တန်းတူညီမျှ ရရှိစေရန် ဖြစ်ပါသည်။

AI ၏ တက္ကသိုလ်ပညာရေးအပေါ် သက်ရောက်မှုသည် ငြင်းဆိုမရပါ။ အနာဂတ်လမ်းကြောင်းသည် AI ၏ အကျိုးကျေးဇူးများကို ရယူခြင်းနှင့် ကိုယ်ကျင့်တရား၊ တန်းတူညီမျှမှုနှင့် AI စာတတ်မြောက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကြိုတင်ကာကွယ်ခြင်း ဟူသော ဟန်ချက်ညီမှုကို လိုအပ်နေပါသည်။

Reference: https://sites.campbell.edu/academictechnology/2025/03/06/ai-in-higher-education-a-summary-of-recent-surveys-of-students-and-faculty/
 

Dr. Daw Thel Seint Aye
Acting Professor and Head, Strategy First Int'l College,
B.C.Sc., B.C.Sc. (Hons), M.C.Sc., Ph.D (IT)