Type A စရိုက်လက္ခဏာဆိုတာ ဘာလဲ။

Type A စရိုက်လက္ခဏာ ဆိုတာက ပြိုင်ဆိုင်လိုစိတ်ကြီးတာ၊ ရန်လိုတတ်တာ၊ ပြီးတော့ အချိန်ကို အရမ်းတန်ဖိုးထားပြီး အမြဲတမ်း အလျှင်လိုနေတတ်တဲ့ စိတ်နေစိတ်ထားတွေကို ပြောတာပါ။ ဒီလိုလူမျိုးတွေဟာ အများအားဖြင့် စိတ်မြန်လက်မြန်ရှိပြီး၊ အသေးစိတ်ကို သေသေချာချာလုပ်ချင်တယ်၊ ပန်းတိုင်ကို ဦးတည်လုပ်ဆောင်တတ်ကြသလို အလုပ်တွေ မြန်မြန်ဆန်ဆန် လုပ်ရတဲ့ ပတ်ဝန်းကျင်မျိုးနဲ့လည်း လိုက်ဖက်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက နှလုံးအထူးကုဆရာဝန်တွေဖြစ်တဲ့ Meyer Friedman နဲ့ Ray Rosenman တို့က Type A စရိုက်လက္ခဏာဆိုတဲ့ အယူအဆကို စတင်မိတ်ဆက်ခဲ့တာပါ။ သူတို့က ဒီလို စရိုက်လက္ခဏာတွေရှိတဲ့သူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ (CHD) ဖြစ်နိုင်ခြေ ပိုများတယ်လို့ ပြောခဲ့ကြပါတယ်။ ဒီအဆိုကတော့ အငြင်းပွားစရာဖြစ်ပေမဲ့၊ သုတေသီတော်တော်များများကတော့ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သုတေသနလုပ်ငန်းတွေမှာ Type A စရိုက်လက္ခဏာရှိတဲ့သူတွေ ကို အခုထိ ဆက်သုံးနေကြတုန်းပါပဲ။ Type A စရိုက်လက္ခဏာရှိခြင်းက ကောင်းကျိုးရော ဆိုးကျိုးပါ နှစ်ခုစလုံး ရှိပါတယ်။ ကိုယ့်ရဲ့ စရိုက်လက္ခဏာကို သိထားခြင်းက ကိုယ့်ရဲ့ တုံ့ပြန်မှုတွေနဲ့ အပြုအမူတွေကို ပိုပြီး ကောင်းကောင်းနားလည် စီမံခန့်ခွဲနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Type A နဲ့ တခြားစရိုက်လက္ခဏာတွေက ဘာတွေကွာလဲ။

လူတွေပြောပြောနေကြတဲ့ "Type A" ဒါမှမဟုတ် "Type B" စရိုက်လက္ခဏာဆိုတာကို သင်ကြားဖူးမှာပါ။ ဒါပေမဲ့ သုတေသီတွေက စရိုက်လက္ခဏာလေးမျိုးကို အမှန်တကယ် ဖော်ထုတ်ထားပြီး တစ်မျိုးစီကလည်း သီးခြားအပြုအမူပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။ သူတို့တွေကတော့-

  • Type A: ဒီလိုလူတွေက ဇွဲရှိတယ်၊ လူမှုဆက်ဆံရေးကောင်းတယ်၊ စည်းကမ်းလိုက်နာတတ်တယ်။ သူတို့က အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုများပြီး မကျေနပ်တာတွေ များတတ်သလို၊ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေအတွက်ပါ မျှော်မှန်းချက်တွေ မြင့်မြင့်မားမားထားတတ်ကြပါတယ်။
  • Type B: Type B စရိုက်လက္ခဏာရှိသူတွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်၊ စည်းစနစ်မကျဘူး၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်တယ်။ Type A တွေထက် ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ စိတ်အေးလက်အေး နေတတ်ကြပေမဲ့ တချို့အခါတွေမှာ စိတ်ရှုပ်ထွေးတာမျိုးလည်း ရှိတတ်ပါတယ်။ သူတို့က စိတ်ဖိစီးမှု နည်းပြီး ပြင်ပဆုလာဘ်တွေကြောင့် အလုပ်လုပ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ကျေနပ်မှုအတွက်ပဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်ကြပါတယ်။
  • Type C: Type C စရိုက်လက္ခဏာရှိသူတွေက များသောအားဖြင့် အစွဲအလမ်းကြီးတယ်၊ အသေးစိတ်ကျတယ်၊ ခွဲခြမ်းစိတ်ဖြာတတ်ပြီး ဆင်ခြင်တုံတရားရှိတယ်။ သူတို့က Passive ဖြစ်ပြီး ပဋိပက္ခကို ရှောင်ရှားတတ်ကြတာကြောင့် ကိုယ့်ရဲ့ ခံစားချက်တွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုတာထက် "ငြိမ်းချမ်းရေးကို ထိန်းသိမ်းတာ" ကို ပိုနှစ်သက်ကြပါတယ်။ Type C မှာရှိတဲ့ "C" ကတော့ "cancer-prone" ကို ကိုယ်စားပြုတာဖြစ်ပြီး တချို့သုတေသီတွေက ကိုယ့်ခံစားချက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းနဲ့ ထုတ်ဖော်ခွင့်မရတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ ယူဆထားကြပါတယ်။
  • Type D: Type D စရိုက်လက္ခဏာတွေမှာ အတွင်းပိုင်းစိတ်ကူးယဉ်တတ်တာ (introversion) နဲ့ အနုတ်လက္ခဏာဆောင်တဲ့ ခံစားချက် (negative affect) တွေ ပါဝင်ပါတယ်။ Type D မှာရှိတဲ့ "D" ကတော့ "distress" ကို ကိုယ်စားပြုပါတယ်။ ဒီလိုစရိုက်လက္ခဏာရှိသူတွေဟာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးတာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ သူတို့က များသောအားဖြင့် ကြင်နာတတ်ပြီး၊ သစ္စာရှိကာ ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

သင်ဟာ Type A စရိုက်လက္ခဏာရှိသူလား။

တချို့သုတေသီများက "Type A Personality" ဆိုတာက လူတစ်ဦးရဲ့ ပင်ကိုယ်စရိုက်အမျိုးအစား (ဒါမှမဟုတ်) တစ်သက်တာလုံး သူတို့နဲ့အတူရှိနေမဲ့ စရိုက်လက္ခဏာအမျိုးအစားတစ်ခုလို့ ယုံကြည်ကြပါတယ်။ဒီအယူအဆကို သဘောတူတဲ့သူတွေကတော့ Type A စရိုက်လက္ခဏာတွေဟာ အချိန်ကြာလာမှ ဖြစ်လာတာ မဟုတ်ဘဲ မွေးရာပါပဲလို့ ယုံကြည်တတ်ကြပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေနဲ့ သုတေသီတော်တော်များများကတော့ Type A, B, C, D ဆိုတာ သင်ယူလို့ရတဲ့ အပြုအမူပုံစံတွေကို ရည်ညွှန်းတယ်လို့ ငြင်းခုန်တတ်ကြပါတယ်။ ဒီစရိုက်လက္ခဏာတွေဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေနဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ၊ လေ့လာမှုတစ်ခုမှာ ဆေးကျောင်းသားတွေဟာ ပထမနှစ်ထက် နောက်ဆုံးနှစ်မှာ Type A စရိုက်လက္ခဏာတွေနဲ့ ပိုပြီး ကိုက်ညီတာကို တွေ့ရှိခဲ့ရပါတယ်။

Type A စရိုက်လက္ခဏာတွေက ဘာတွေလဲ။

သုတေသီတွေတွေ ဖော်ထုတ်ထားတဲ့ Type A စရိုက်လက္ခဏာတွေကတော့ ရန်လိုခြင်း၊ စိတ်မရှည်ခြင်း၊ ပြိုင်ဆိုင်လိုစိတ်ရှိခြင်း၊ ပြင်ပလူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အလျှင်စလိုလုပ်တတ်ခြင်း၊ အစွဲအလမ်းကြီးခြင်း၊ အချိန်ကို အလွန်တန်ဖိုးထားခြင်း နဲ့ ပန်းတိုင်ကို ဦးတည်လုပ်ဆောင်တတ်ခြင်း တို့ဘဲ ဖြစ်ပါတယ်။ သင်ဟာ Type A စရိုက်လက္ခဏာရှိသူဖြစ်နိုင်တယ်လို့ ထင်ရင် သိနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီမှာ Type A စရိုက်လက္ခဏာတွေကို ပြသနေတဲ့ အပြုအမူအချို့ကတော့-

  • နေ့စဉ်ဘဝမှာ စိတ်မရှည်ဘူး၊ အချိန်ဆွဲတာကို သည်းမခံနိုင်ဘူး။
  • အလုပ်အကိုင်မှာ တိုးတက်ဖို့၊ ရာထူးတက်ဖို့ စတဲ့ ပြင်ပအောင်မြင်မှုတွေကိုသာ အဓိကအားထားတယ်။
  • အမှားလုပ်မိရင် အရမ်းစိတ်ဆိုးတယ်၊ မကြိုက်ဘူး။
  • ပွင့်ပွင့်လင်းလင်းပြောတတ်တယ်၊ ကိုယ့်အမြင်ကို မပြောဘဲမနေနိုင်ဘူး။
  • ကိုယ့်ကိုယ်ကိုရော၊ သူများကိုပါ အမြင့်ဆုံးစံနှုန်းတွေနဲ့ ထားတယ်။
  • ပန်းတိုင်မရောက်ရင် အရမ်းစိတ်ညစ်တယ်၊ စိတ်ဖိစီးမှုများတယ်။
  • တာဝန်အများကြီးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်တယ်။
  • ဒေါသထွက်လွယ်၊ စိတ်တိုလွယ်ပြီး (အထူးသဖြင့် အလုပ်ဖိစီးမှု) ကို ခံနိုင်ရည်နည်းတယ်။
  • သူများတွေက မင်းကို "အလုပ်ကြိုးစားလွန်းသူ" လို့ ခေါ်တတ်ကြတယ်။
  • အလုပ်မှာ မကြာခဏ မကျေနပ်ဘူး၊ အလုပ်ပြောင်းဖို့ စဉ်းစားနေမိတတ်တယ်။

Type A စရိုက်လက္ခဏာတွေရဲ့ ကောင်းကျိုးများ

လူတစ်ဦးချင်းစီရဲ့ စရိုက်လက္ခဏာတွေလိုပဲ Type A စရိုက်လက္ခဏာတွေမှာလည်း အားသာချက်ရော အားနည်းချက်ပါ ရှိပါတယ်။ Type A စရိုက်လက္ခဏာရှိခြင်းရဲ့ ကောင်းကျိုးအချို့ကတော့-

  • လုပ်ငန်းမျိုးစုံကို တစ်ပြိုင်နက်တည်း လုပ်နိုင်ခြင်း- သူတို့ဟာ ပန်းတိုင်ကို ဦးတည်လုပ်ဆောင်တတ်တဲ့ သဘောကြောင့် Type A စရိုက်လက္ခဏာရှိသူတွေဟာ မကြာခဏဆိုသလို မတူညီတဲ့ အခန်းကဏ္ဍတွေနဲ့ တာဝန်အများကြီးကို ယူတတ်ကြပါတယ်။
  • အောင်မြင်မှု မြင့်မားခြင်း- Type A စရိုက်လက္ခဏာရှိသူတွေက များသောအားဖြင့် ရည်မှန်းချက်ကြီးတယ်၊ ဂုဏ်သိက္ခာကို ဂရုစိုက်တယ်၊ အောင်မြင်အောင် ကြိုးစားတယ်။ ဒီစရိုက်လက္ခဏာတွေက ဘဝ၊ ကျောင်းနဲ့ အလုပ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်ပါတယ်။
  • အချိန်သတ်မှတ်ချက်ကို အလေးထားခြင်း- Type A စရိုက်လက္ခဏာရှိသူများဟာ အချိန်အတိအကျလိုက်နာခြင်းနှင့် အသေးစိတ်ကို အလေးထားခြင်း တို့နှင့် ဆက်စပ်နေပါတယ်။ အထူးသဖြင့် အချိန်သတ်မှတ်ချက်ပြည့်မီဖို့ ကိစ္စမှာ ပိုသိသာထင်ရှားပါတယ်။ ဒီစရိုက်လက္ခဏာတွေ ရှိတယ်ဆိုရင် သင်ဟာ ပျင်းရိပြီး အလုပ်ရွှေ့ဆိုင်းတာမျိုး ဖြစ်နိုင်ခြေ နည်းပါတယ်။
  • ခေါင်းဆောင်မှု အရည်အသွေးခြင်း- Type A စရိုက်လက္ခဏာရှိသူအများစုဟာ ပြတ်သားပြီး ရဲရင့်ကြပါတယ်။ ဒါက သူတို့ကို ဆုံးဖြတ်ချက်တွေချဖို့၊ ခိုင်မာတဲ့ ရပ်တည်ချက်တွေယူဖို့နဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍတွေမှာ ဦးဆောင်ဖို့ ကူညီပေးနိုင်ပါတယ်။

Type A စရိုက်လက္ခဏာတွေရဲ့ ဆိုးကျိုးများ

Type A စရိုက်လက္ခဏာတွေမှာ ဖြစ်နိုင်တဲ့ ဆိုးကျိုးအချို့လည်း ရှိပါတယ်-

  • အလုပ်မှာ မကျေနပ်ခြင်း- Type A စရိုက်လက္ခဏာရှိသူအများစုက သူတို့ရဲ့ အလုပ်အကိုင်ကို အလွန်အမင်း အလေးထားတတ်ကြပါတယ်။ ဒါက သူတို့ကို ပန်းတိုင်ရောက်အောင် ကူညီနိုင်ပေမဲ့ တချို့ကိစ္စတွေမှာတော့ အလုပ်မှာ မကျေနပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ပင်ပန်းနွမ်းနယ်ခြင်း- Type A စရိုက်လက္ခဏာရှိသူတွေက အလုပ်ကြိုးစားလွန်းတာနဲ့ ပန်းတိုင်တွေ မပြည့်မီတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရမ်းအားမလိုအားမရဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ရေရှည်မှာ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
  • စိတ်ဖိစီးမှုများခြင်း- Type A စရိုက်လက္ခဏာတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ တင်းမာမှုတွေ များပြားတာနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ဒီလိုစရိုက်လက္ခဏာရှိသူတွေဟာ စိတ်ဖိစီးမှုနဲ့ ကြုံလာတဲ့အခါ စိတ်ခံစားမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း နည်းပါးတတ်ကြပါတယ်။
  • ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများခြင်း- တချို့သုတေသနတွေက Type A စရိုက်လက္ခဏာရှိသူတွေဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း (heart attacks) နဲ့ သွေးတိုးခြင်း (hypertension) လိုမျိုး ကျန်းမာရေးပြဿနာအချို့ ဖြစ်နိုင်ခြေ ပိုများတာနဲ့ ဆက်စပ်နေတယ်လို့ အကြံပြုထားပါတယ်။

Type A စရိုက်လက္ခဏာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။

Type A စရိုက်လက္ခဏာရှိသူတွေဟာ စိုးရိမ်ပူပန်တာ၊ အလုပ်အလွန်အကျွံလုပ်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Type A စရိုက်လက္ခဏာတွေ ရှိတယ်လို့ သိထားပြီဆိုရင် ရေရှည်စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေကို ရှောင်ရှားဖို့ ဒါမှမဟုတ် ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ရှိပါတယ်-

  • သတိပဋ္ဌာန်နည်းစနစ်တွေကို လေ့ကျင့်ပါ: အသက်ရှုလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာ ဒါမှမဟုတ် ယောဂလိုမျိုး သတိပဋ္ဌာန်နည်းစနစ်တွေနဲ့ စိတ်ဖိစီးမှုကို လျော့ပါးအောင်လုပ်ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ: ကောင်းကောင်းအိပ်စက်အနားယူခြင်းက ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ပေးနိုင်တယ်၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်၊ ပြီးတော့ ဒေါသနဲ့ ပဋိပက္ခကိုလည်း ရှောင်ရှားနိုင်ပါတယ်။ အခန်းကို အလင်းလျှော့ပြီး သက်သောင့်သက်သာနဲ့ အေးအောင်ထားပါ၊ ပြီးတော့ အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီအလိုမှာ ဖုန်းနဲ့ ကွန်ပျူတာကို ပိတ်ထားခြင်းဖြင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းအလေ့အကျင့်တွေကို လေ့ကျင့်ပါ။
  • မှတ်တမ်းရေးပါ : မှတ်တမ်းရေးခြင်းက သင့်ကို အေးအေးဆေးဆေး စဉ်းစားတတ်စေပြီး အတွေးတွေကို ပိုမိုသတိထားမိလာစေနိုင်ပါတယ်။ နေ့တိုင်း အပြုသဘောဆောင်တဲ့ အရာသုံးခုကို ရေးချကြည့်ပါ။ ဒါမှမဟုတ် (အနုတ်လက္ခဏာဆောင်တဲ့ ထပ်တလဲလဲအတွေးတွေလိုမျိုး) "ပြဿနာ" တစ်ခုကို ၁၀ မိနစ်လောက် လွတ်လပ်စွာ စိတ်ထဲရှိရာ ရေးသားပြီး ဖြေရှင်းကြည့်ပါ။
  • သင်နှစ်သက်တဲ့ ဝါသနာတွေမှာ ပါဝင်ဖို့ အချိန်ယူပါ: အချိန်တိုင်း အလုပ်လုပ်တာ ဒါမှမဟုတ် အလုပ်အကြောင်း စဉ်းစားနေတာမျိုး မလုပ်ပါနဲ့။ စိတ်အပန်းဖြေတာ ဒါမှမဟုတ် လူမှုဆက်ဆံရေး ထူထောင်တာကို ရည်ရွယ်တဲ့ ပျော်စရာလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ သေချာလုပ်ပါ။
  • ပင်ပန်းနွမ်းနယ်မှု ကာကွယ်ရေး အစီအစဉ်တွေကို အခွင့်ကောင်းယူပါ: သင့်အလုပ်မှာ ဝန်ထမ်းအကူအညီပေးရေး အစီအစဉ် (EAP) ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှု ကာကွယ်ရေးအတွက် တခြား အရင်းအမြစ်တွေ ရှိတယ်ဆိုရင် အဲဒါတွေကို အသုံးပြုဖို့ စဉ်းစားပါ။ အထူးသဖြင့် အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေကို ခံစားရတတ်တယ်ဆိုရင် ပိုပြီး အသုံးဝင်ပါလိမ့်မယ်။
  • လိုအပ်ရင် အလုပ်ပြောင်းပါ: ကိုယ့်အလုပ်အပေါ် ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတာက Type A စရိုက်လက္ခဏာရှိသူတွေအတွက် အရေးကြီးပါတယ်။ သင့်ရဲ့ အသံကို နားမထောင်ဘူးလို့ ခံစားရရင် ဒါမှမဟုတ် သင့်အလုပ်မှာ ကိုယ့်အရည်အချင်းအပြည့်အဝကို အသုံးမချနိုင်ဘူးလို့ ထင်ရင် အလုပ်အသစ်ရှာဖို့ စဉ်းစားကြည့်ပါ။
  • လိုအပ်ရင် ပညာရှင်အကူအညီ ရယူပါ: စိုးရိမ်ပူပန်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာလိုမျိုး စိတ်ကျန်းမာရေးလက္ခဏာတွေအတွက် အကူအညီလိုအပ်ရင် စိတ်ကုထုံးဆရာဝန်နဲ့ ပြသဖို့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူဆီက လွှဲပြောင်းတောင်းခံပါ။ Cognitive-behavioral therapy (CBT) ဒါမှမဟုတ် dialectical behavior therapy (DBT) က သင့်ကို ကျန်းမာတဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေ မွေးမြူဖို့ ကူညီပေးနိုင်ပါတယ်။

www.health.com မှ    Laura Dorwart ရေးသားသော What Does It Mean to Have a Type A Personality? ဆောင်းပါးကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics