သုတေသနခေါင်းစဉ်ကို ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်များ
သင့်လျော်တဲ့ သုတေသနခေါင်းစဉ်ကို ရွေးချယ်ခြင်းဟာ သုတေသနလုပ်တဲ့အခါမှာ အရေးကြီးတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ဆိုတာ စာဖတ်သူတွေအတွက် ပထမဆုံးကြည့်ရှုကြရမယ့်အရာဖြစ်သလို လေ့လာမှုရဲ့ ဦးတည်ချက်နဲ့အာရုံကို ပုံဖော်ရာမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါကြောင့် သုတေသီများက မိမိတို့ရဲ့ သုတေသနခေါင်းစဉ်ကို အပြီးသတ်ခြင်းမပြုမီ အချက်များစွာကို ဂရုတစိုက် စေ့စေ့တွေးဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ သုတေသနခေါင်းစဉ်တစ်ခု ရွေးချယ်ရာတဲ့အခါ သုတေသီများ သတိထားသင့်ပြီး အဓိကထည့်သွင်းစဉ်းစားရမယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
"ရှင်းလင်းမှုနဲ့ တိကျမှု"
သုတေသနခေါင်းစဉ်ရွေးချယ်တဲ့အခါ အဓိကထည့်သွင်းစဉ်းစားရမယ့်အချက်မှာ ရှင်းလင်းပြတ်သားမှုနဲ့ တိကျသေချာမှု ဖြစ်ပါတယ်။ ခေါင်းစဉ်က လေ့လာမှုရဲ့အနှစ်သာရကို တိုတိုတုတ်တုတ် ဖော်ပြသင့်ပါတယ်။ ဒါမှ စာဖတ်သူများက သုတေသနခေါင်းစဉ်၊ ရည်မှန်းချက်များနဲ့ လေ့လာမှုနယ်ပယ်တို့ကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။ မရှင်းလင်းတဲ့ ဒါမှမဟုတ် ရှုပ်ထွေးလွန်းတဲ့ ခေါင်းစဉ်တွေက စာဖတ်သူများကို ခေါင်းရှုပ်စေပြီး သုတေသနရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်စေနိုင်ပါတယ်။ ဒါကြောင့် သုတေသီများက ရိုးရှင်းပြီး တိုတိုတုတ်တုတ်နဲ့ နားလည်ရ လွယ်ကူတဲ့ ခေါင်းစဉ်များကို ဖန်တီးသင့်ပါတယ်။
"ဆက်စပ်မှုနဲ့အရေးပါမှု"
သုတေသနခေါင်းစဉ်ဆိုတာ သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်အတွင်း လေ့လာမှုရဲ့ဆက်စပ်မှုနဲ့ အရေးပါမှုကို ထင်ဟပ်စေသင့်ပါတယ်။ ဥပမာ- လက်ရှိလေ့လာပြီး စာပေများရဲ့ကွာဟချက်များကို ဖြေရှင်းပေးခြင်း၊ အသစ်သောချဉ်းကပ်နည်း ဒါမှမဟုတ် လက်ရှိမှာ လူအများစိတ်ဝင်စားနေကြတဲ့ သုတေသနမေးခွန်း/ပြဿနာတစ်ခုကို ဖြေရှင်းခြင်းတို့မှာ အထောက်အကူ ဖြစ်စေသင့်ပါတယ်။ သုတေသီများဟာ ပိုမိုကျယ်ပြန့်တဲ့ ပညာရေးအသိုင်းအဝိုင်းအတွင်း မိမိတို့ လေ့လာမှုရဲ့အရေးပါမှုကို ပေါ်လွင်စေတဲ့ ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်းဖြင့် သူတို့ရေးသားထားတဲ့ သုတေသနရဲ့ တန်ဖိုးကိုလည်း ပေါ်လွင်စေပြီး စာဖတ်သူများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
"သော့ချက်စာလုံးများနဲ့ရှာဖွေနိုင်မှု"
ဒစ်ဂျစ်တယ်ဒေတာဘေ့စ်များနဲ့ ရှာဖွေရေးအင်ဂျင်များက ပညာရေးသုတေသနပြုရာမှာ အရေးပါတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်လာတဲ့ခေတ်မှာ သုတေသနအတွက် သင့်တော်တဲ့ အဓိကစကားလုံးများ (Appropriate Keywords) ကို ရွေးချယ်ခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်။ သုတေသီတွေဟာ သက်ဆိုင်ရာ Keywords တွေကို ခေါင်းစဉ်ထဲ ထည့်သွင်းသင့်ပါတယ်။ ဒါမှ နောက်ထပ်လေ့လာသူတွေက Digital Databases နဲ့ Search Engines များမှာ သုတေသနခေါင်းစဉ်၊ ရည်မှန်းချက်များနဲ့ ကိုက်ညီတဲ့ Keywords များကို ထည့်သွင်းပြီး လွယ်ကူစွာ ရှာဖွေတွေ့ရှိ နိုင်မှာဖြစ်ပြီး နယ်ပယ်အတွင်းရှိ တခြားပညာရှင်များရဲ့ ဖော်ထုတ်ကိုးကားခြင်းခံရနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။
"ပရိသတ်ထည့်သွင်းစဉ်းစားမှု"
သုတေသီများဟာ သုတေသနခေါင်းစဥ်ရွေးချယ်တဲ့အခါ မိမိတို့ရဲ့ပစ်မှတ်ပရိသတ်ကို ထည့်သွင်းစဉ်းစားသင့်တယ်။ ပညာရှင်များ၊ လက်တွေ့ကျင့်သုံးသူများ၊ မူဝါဒချမှတ်သူများ ဒါမှမဟုတ် ပြည်သူလူထုပါဝင်သည်ဖြစ်စေ ရည်ရွယ် ထားတဲ့ စာဖတ်သူများနဲ့ ထပ်တူထပ်မျှဖြစ်စေဖို့ ခေါင်းစဉ်ကို အံဝင်ခွင်ကျဖြစ်စေသင့်ပါတယ်။ ပရိသတ်၏ နှစ်သက်မှုနှင့် မျှော်လင့်ချက်များကို နားလည်သဘောပေါက်ခြင်းက သုတေသီများအား မိမိတို့၏ပစ်မှတ်ထားသော သူများနှင့် သက်ဆိုင်တဲ့ ခေါင်းစဉ်တွေကို ဖန်တီးနိုင်စေရန် ကူညီပေးပါတယ်။
"ကျင့်ဝတ်နဲ့ ထိလွယ်ရှလွယ် ဘာသာစကား "
သုတေသနခေါင်းစဉ်အတွက် ဘာသာစကားကို ရွေးချယ်ရာမှာ အထူးသဖြင့် ထိလွယ်ရှလွယ် အကြောင်းအရာများကို အာရုံခံနိုင်စွမ်းနဲ့ အမြော်အမြင်ရှိစွာ ရွေးချယ်ဖို့က အရေးကြီးပါတယ်။ သုတေသီများအနေနဲ့ ခွဲခြားဆက်ဆံခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း ဒါမှမဟုတ် ထိခိုက်နစ်နာစေတဲ့ စကားလုံးအသုံးအနှုန်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်တယ်။ ဒါ့အပြင် ခေါင်းစဉ်ကို ဘောင်ခတ်တဲ့အခါ ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်များနဲ့ အခြေခံမူများကို လိုက်နာသင့်ပြီး ရှာဖွေတွေ့ရှိချက်များကို အထင်လွဲမှားစေခြင်း ဒါမှမဟုတ် မှားယွင်းစွာတင်ပြခြင်းမရှိဘဲ သုတေသနကို တိကျမှန်ကန်စွာ ကိုယ်စားပြုကြောင်း သေချာစေသင့်ပါတယ်။
သုတေသနခေါင်းစဉ်ကို ရွေးချယ်ခြင်းဟာ သေချာစွာထည့်သွင်းစဉ်းစားပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပြီး အရေးကြီးတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ရှင်းလင်းမှု၊ ဆက်စပ်မှု၊ ရှာဖွေနိုင်မှု၊ ပရိသတ်ထည့်သွင်းစဉ်းစားမှုနဲ့ ကျင့်ဝတ်ဘာသာစကား စတဲ့အကြောင်းရင်းများစွာကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သုတေသီများဟာ စာဖတ်သူများနဲ့ သက်ဆိုင်ရာနယ်ပယ်များ အတွင်း အသိပညာများ တိုးတက်လာစေကာ သုတေသနရဲ့ အနှစ်သာရကို ထိထိရောက်ရောက် ဆက်သွယ်ပေးနိုင်တဲ့ ခေါင်းစဉ်များကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။
References:
Day, R. A., & Gastel, B. (2012). How to Write and Publish a Scientific Paper (7th ed.). Cambridge University Press.
Daw Thwe Thwe Aye
Meiktila University of Economics
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
