"သဘာဝပါဝင်ပစ္စည်းများကိုသာ သုံးစွဲထုတ်လုပ်ပြီး နိုင်ငံတကာမှာ စျေးကွက်နေရာယူနိုင်ခဲ့တဲ့ The Face Shop"
The Face Shop ဆိုတဲ့ ကိုရီးယား skin care အမှတ်တံဆိပ်ကိုတော့ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ Jeong Un-ho က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ LG လုပ်ငန်းစုရဲ့ အိမ်သုံးကုန်နဲ့ ကျန်းမာရေးပစ္စည်း လုပ်ငန်းကနေ (LG H&H) ကနေ ဝယ်ယူလိုက်ပြီး နိုင်ငံတကာဈေးကွက်ဖြန့်ချိရေးနဲ့ လိုအပ်တဲ့ resources များကို ထပ်မံရင်းနှီးမြှုပ်နှံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက် ကတော့ အရည်အသွေးမြင့်မားပြီး အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းများနဲ့ အလှကုန် အမျိုးအစားအစုံကို ထူးခြားချက်ဖြစ်တဲ့ သဘာဝပါဝင်ပစ္စည်းများကိုသာသုံးစွဲပြီး တီထွင်ဖန်တီးမှုနည်းပညာ ဖော်ြမူလာများဖြင့် ဖန်တီးထုတ်လုပ်ဖို့ဖြစ်ပါတယ်။ အဲ့ဒီလို သဘာဝပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်မှုကြောင့် သုံးစွဲသူများရဲ့ ကြိုက်နှစ်သက်မှုများကို ရရှိကာ (၂) နှစ်အတွင်း ဆိုင်ပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူသိများလာပြီးနောက် နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ထပ်မံဝင်ရောက်လိုတဲ့ ဈေးကွက်လိုအပ်ချက်နဲ့ အဲ့ဒီနိုင်ငံတွေက သတ်မှတ်ချက်တွေအတိုင်း ကြိုးစား ထုတ်လုပ်ခဲ့ပါတယ်။ ကိုရီးယား အလှကုန်များကို ခေတ်စားအောင်လုပ်နိုင်ခဲ့ပြီး အာရှ၊ မြောက်အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ စနစ်တကျ စီမံခန့်ခွဲမှုများကြောင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ နိုင်ငံတကာဈေးကွက်ကို စတင်လည်ပတ်နိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း (၃၅) နိုင်ငံမှာ ဆိုင်ပေါင်း (၃၀၀၀) ကျော်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အလျင်အမြန်တိုးတက်ဖို့အတွက် The Face Shop အနေနဲ့ အသုံးပြုခဲ့တဲ့ ဗျူဟာတွေအနေနဲ့ ပြည်တွင်းမှာရှိတဲ့ စွန့်ဦးတီထွင်သူများနဲ့ပူးပေါင်းကာ Franchising မော်ဒယ်ကို အသုံးပြုပြီး လိုင်စင်ချပေးခြင်းကို အသုံးပြုခဲ့ပါတယ်။ အဲ့လိုပြုလုပ်ခဲ့ခြင်းကြောင့် ပြည်တွင်းသုံးစွဲသူတွေရဲ့ အကြိုက်တွေကို အလွယ်တကူသိရှိနိုင်ပြီး လုပ်ငန်းတိုးတက်မှုအတွက် များစွာအထောက်အကူ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ် မဟာဗျူဟာတစ်ခုကတော့ ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ သုံးစွဲသူတွေရဲ့ ပြောင်းလဲ လာတဲ့ ဝယ်ယူပုံအလေ့အထတွေကို လေ့လာပြီး The Face Shop ရဲ့ e-commerce platform ကို ပြုလုပ်ဖို့ ရင်းနှီးမြှုပ်နှံလိုက်ပြီး အွန်လိုင်းလက်လီရောင်းချသူများနဲ့ မဟာဗျူဟာကျကျ မိတ်ဖက်များပြုလုပ်ကာ ပိုမိုကျယ်ပြန့်တဲ့ သုံးစွဲသူဈေးကွက်ကိုချဲ့ထွင်လိုက်ပြီး ဈေးကွက်ဝေစုကို ရယူလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။
The Face Shop အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကိုလည်း ၂၀၁၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွင်းမှာ အရည်အသွေးမြင့်အလှကုန်နဲ့ အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းများအပေါ် စိတ်ဝင်စားမှု မြင့်တက်စေဖို့ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေရဲ့ ဈေးဝယ်စင်တာတွေမှာလည်း အရောင်းဆိုင်များ ဖွင့်လှစ်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေအတွက်လည်း ပုံမှန်အရောင်းမြှင့်တင်ခြင်း၊ influencers များဖြင့် ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်စည်ပြပွဲများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ဝယ်သူများနဲ့ ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုများရရှိခဲ့ပါတယ်။
သူတို့ရဲ့ ထုတ်ကုန်လိုင်းအရလည်း အသားအရည်ထိန်းသိမ်းဖို့ ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ မျက်နှာအပြင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ ဆံပင်ကျန်းမာရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အမျိုးသမီးသုံး၊ အမျိုးသားသုံးပစ္စည်းများကို စုံလင်စွာထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် The Face Shop အမှတ်တံဆိပ်အောက်မှာပဲ ထပ်ပြီး label အခွဲတွေနဲ့ အသားအရည်အမျိုးအစားအလိုက် ဖော်မြူလာအခွဲတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် သုံးစွဲသူအမျိုးအစားများစွာအထိ ရည်ရွယ်ကာ ရောင်းချနိုင်တာကလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် တီထွင်ဖန်တီးမှုတွေနဲ့ ကုန်ပစ္စည်းအသစ်ထုတ်လုပ်မှုတွေကြောင့် ဈေးကွက်ဝေစုလည်း ကြီးမားစွာရရှိထားပါတယ်။
လက်ရှိမှာတော့ LG Household & Health Care ရဲ့ နှစ်စဉ် အမြတ်ငွေထဲမှာ The Face Shop မှ ရရှိတဲ့ အမြတ်ငွေကလည်း အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ သုံးသပ်ချက်များအရ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၃.၁) ဘီလီယံအထိ တန်ဖိုးရှိတယ်လို့ ဖော်ပြထားပါတယ်။ The Face Shop အနေဖြင့်လည်း အလှကုန်ဈေးကွက်ထဲမှာ အဓိကလှုပ်ရှားနေတဲ့ ကုန်အမှတ်တံဆိပ် တစ်ခုအနေဖြင့်လည်း ရပ်တည်လျက်ရှိပါတယ်။
The Face Shop ရဲ့ အရောင်းပိုင်းနဲ့ ထုတ်လုပ်မှုပိုင်းမှာလည်း ဝန်ထမ်းပေါင်း (၂၀၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍအတွက်လည်း ကောင်းတဲ့ အကျိုးသက်ရောက်မှုများ ပေးဆောင်လျက်ရှိပါတယ်။
Daw May Thet Hnin
MBA (Heriot-Watt University)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
10 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
10 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
