ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
အောင်မြင်တဲ့အဖွဲ့တွေမှာ အထူးသဖြင့် ထင်ရှားတဲ့ အချက်တချို့ ရှိတတ်ပါတယ်။ ဒီအချက်တွေက အဖွဲ့ရဲ့ အလုပ်တွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ အောင်မြင်မှုရရှိဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကိုယ်က တာဝန်ဘယ်လောက်ပဲကြီးကြီး၊ ဘယ်လိုနယ်ပယ်မှာပဲ လုပ်ကိုင်နေနေ အဖွဲ့လိုက် အလုပ်လုပ်တဲ့အခါ ဒီအချက်တွေကို သိထားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ဖော်ဆောင်နိုင်မှာပါ။ ဒီဆောင်းပါးမှာတော့ အောင်မြင်တဲ့အဖွဲ့တွေရဲ့ ကောင်းကျိုးနဲ့ ၎င်းတို့မှာ တွေ့ရလေ့ရှိတဲ့ အရေးကြီးတဲ့ အချက် (၇) ချက်ကို ရှင်းပြပေးထားပြီး အဖွဲ့အတွင်း အောင်မြင်စွာ လုပ်ကိုင်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကိုလည်း ဆွေးနွေးပေးထားပါတယ်။
ထိရောက်တဲ့အသင်းအဖွဲ့များရှိခြင်းရဲ့ ကောင်းကျိုးများ
အားကောင်းတဲ့ အဖွဲ့တစ်ခုနဲ့ အလုပ်လုပ်တဲ့အခါ အဖွဲ့ဝင်တိုင်းအတွက်ရော၊ ကုမ္ပဏီအတွက်ပါ အများကြီး အကျိုးရှိပါတယ်။ ဒီလိုအဖွဲ့မျိုးတွေမှာ အိုင်ဒီယာအသစ်တွေ ဖန်တီးနိုင်ပြီး ပြဿနာတွေကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်။ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို အပြည့်အဝအသုံးချပြီး နည်းလမ်းသစ်တွေကို စမ်းသပ်ရတာကို သဘောကျကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတူလုပ်ကိုင်ရင်းနဲ့ ကျွမ်းကျင်မှုအသစ်တွေ၊ အလုပ်လုပ်နည်းတွေနဲ့ အသိပညာတွေကိုလည်း အပြန်အလှန် သင်ယူကြရပါတယ်။
အဖွဲ့လိုက် အလုပ်လုပ်ခြင်းက လုပ်ငန်းတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ရလဒ်တွေကိုလည်း ပိုကောင်းစေပါတယ်။ ထိရောက်တဲ့အဖွဲ့တွေနဲ့ အလုပ်လုပ်ရတဲ့အခါ အလုပ်သမားတွေဟာ ပိုပြီး စိတ်အားထက်သန်လာတတ်ကြတယ်။ သူတို့ရဲ့ ပါဝင်မှုကို တန်ဖိုးထားမိပြီး ကုမ္ပဏီအောင်မြင်ဖို့အတွက် တာဝန်ယူမှုရှိလာကြတယ်။ အားကောင်းတဲ့အဖွဲ့တွေနဲ့ အလုပ်လုပ်ရင် တစ်ယောက်တည်း (ဒါမှမဟုတ်) အဆင်မပြေတဲ့အဖွဲ့တွေနဲ့ အလုပ်လုပ်ရတဲ့ဖိစီးမှုတွေလည်း သိသိသာသာ လျော့ကျသွားတတ်ပါတယ်။ အောင်မြင်တဲ့ အသင်းအဖွဲ့ တွေမှာ တွေ့ရတဲ့ လက္ခဏာရပ်တွေကတော့-
၁။ ရှင်းလင်းတဲ့ ခေါင်းဆောင်မှု
အောင်မြင်တဲ့အဖွဲ့တွေမှာ အမြဲတမ်းနီးပါး ထိရောက်တဲ့ခေါင်းဆောင်မှုရှိပါတယ်။ တစ်ဦးတည်း (ဒါမှမဟုတ်) အချို့သောအဖွဲ့ဝင်တွေက ခေါင်းဆောင်အဖြစ် လုပ်ဆောင်ကြပြီး အဖွဲ့တစ်ခုလုံးကို တူညီတဲ့ ရည်မှန်းချက်ဆီ ဦးတည်စေပါတယ်။ ကောင်းမွန်တဲ့ခေါင်းဆောင်တွေဟာ အဖွဲ့ကို လမ်းညွှန်မှုပေးတာ၊ အာရုံစိုက်ပြီး လုပ်ရမဲ့ အလုပ်တွေကို ထောက်ပြပေးတာမျိုး လုပ်လေ့ရှိပါတယ်။ အဖွဲ့အနေနဲ့ အခက်အခဲတွေ့တဲ့အခါ ခေါင်းဆောင်တွေက အားပေးစကားပြောတတ်ကြပါတယ်။ တချို့အဖွဲ့တွေမှာ ခေါင်းဆောင်နေရာကို အလှည့်ကျပြောင်းလဲပြီး အဖွဲ့ဝင်တိုင်းကို ဦးဆောင်ခွင့်ပေးတတ်ကြပါတယ်။ ဒီလိုမျိုး ခေါင်းဆောင်မှုကို ဝေမျှခြင်းက အဖွဲ့ဝင်တွေမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုစိတ်တွေ ပိုမိုဖြစ်ပေါ်စေပြီး အဖွဲ့ရဲ့စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။
၂။ အလုပ်မစခင် ရည်မှန်းချက်တွေ ချမှတ်ဖို့ အရေးကြီးတယ်
ထိရောက်တဲ့အဖွဲ့တစ်ခုဟာ အလုပ်စတင်ချိန်မှာ အရင်ဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို အတူတူသတ်မှတ်လေ့ရှိပါတယ်။ ကုမ္ပဏီရဲ့ လုပ်ငန်းပန်းတိုင်တွေနဲ့ကိုက်ညီမဲ့ အဖွဲ့အတွက် အဓိကရည်ရွယ်ချက်တွေကို ပူးပေါင်းဆွေးနွေးပြီး ချမှတ်ကြတာပါ။ အဖွဲ့ဝင်တွေအနေနဲ့ သူတို့လုပ်နေတဲ့အလုပ်က အဓိပ္ပါယ်ရှိတယ်လို့ ခံစားရရင် ပိုပြီးစိတ်ပါဝင်စားစွာ လုပ်ဆောင်တတ်ကြပါတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လိုအစီအစဉ်တွေ ချမလဲ၊ ဘယ်သူက ဘာတာဝန်ယူမလဲ၊ အချိန်ဇယားဘယ်လိုဆွဲမလဲဆိုတာ အတူတူဆုံးဖြတ်ကြတယ်။အောင်မြင်တဲ့အဖွဲ့တွေဟာ သူတို့ရဲ့အောင်မြင်မှုကို ဘယ်လိုတိုင်းတာမလဲ၊ ရလဒ်တွေကို ဘယ်လို အကဲဖြတ်မလဲဆိုတာ အရင်ဆုံးသတ်မှတ်ထားလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ဝင်တွေအနေနဲ့ ဘာအတွက်ကြိုးစားနေရတာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရပြီး အလုပ်တစ်ခုပြီးမြောက်ချိန်ကိုလည်း သိရှိနိုင်ပါတယ်။ ပြီးတော့ အဖွဲ့တွေဟာ သူတို့ရည်မှန်းချက်တွေကို ပုံမှန်ပြန်လည်သုံးသပ်ပြီး လိုအပ်ရင် ချိန်ညှိဖို့ ဆုံးဖြတ်လေ့ရှိပါတယ်။
၃။ သီးသန့်တာဝန်တွေ သတ်မှတ်ပေးခြင်း
အဖွဲ့ဝင်တစ်ဦးချင်းစီမှာ သတ်မှတ်ထားတဲ့တာဝန်ရှိမှသာ သူတို့ရဲ့အဖွဲ့ကို အထိရောက်ဆုံး ပံ့ပိုးနိုင်ပြီး အောင်မြင်မှုရရှိအောင် ကူညီနိုင်ပါတယ်။ တာဝန်တွေကို အဖွဲ့ခေါင်းဆောင်က သတ်မှတ်ပေးနိုင်သလို၊ အဖွဲ့ဝင်အားလုံးအတူတကွ ဆွေးနွေးပြီး တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့တာဝန်တွေ ခွဲဝေယူနိုင်ပါတယ်။ အဖွဲ့ရဲ့တာဝန်တွေကို ရည်မှန်းချက်အလိုက် သတ်မှတ်လေ့ရှိပါတယ်။ ဥပမာ - စျေးကွက်ရှာဖွေရေး လှုံ့ဆော်မှုတစ်ခုလုပ်ဖို့ဆိုရင် တာဝန်တွေက ထုတ်ကုန်အသစ်တစ်ခုဖန်တီးဖို့အတွက် တာဝန်တွေနဲ့ မတူနိုင်ပါဘူး။ ခေါင်းဆောင်တစ်ဦးဟာ အဖွဲ့မဖွဲ့စည်းခင် လိုအပ်မဲ့တာဝန်တွေကို အရင်ဆုံးစဉ်းစားထားနိုင်ပါတယ်။ ဒါမှ သင့်တော်တဲ့အဖွဲ့ဝင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ပရောဂျက်တစ်လျှောက်လုံးမှာ တာဝန်တွေ ပြောင်းလဲနိုင်ပါတယ်။ ထိရောက်တဲ့အဖွဲ့တွေဟာ အဖွဲ့ဖွဲ့ပြီးတဲ့အခါ တာဝန်တွေကို ပြန်လည်သုံးသပ်လေ့ရှိပြီး အဖွဲ့ဝင်တစ်ဦးချင်းစီက သူတို့ရဲ့တာဝန်တွေကို ပြည့်ပြည့်ဝဝထမ်းဆောင်နိုင်ဖို့ သေချာစေပါတယ်။
၄။ ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှု
ပွင့်လင်းတဲ့ဆက်သွယ်မှုရှိတဲ့အဖွဲ့မှာ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့အကြံဉာဏ်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပြီး သူတို့ပြောတဲ့အရာကို တကယ်တန်းထည့်သွင်းစဉ်းစားမယ်လို့ ခံစားရပါတယ်။ အောင်မြင်တဲ့အဖွဲ့တွေဟာ အမြင်အမျိုးမျိုး၊ ထင်မြင်ယူဆချက်အမျိုးမျိုးကို ကြိုဆိုလေ့ရှိပြီး ဒီအရာတွေက သူတို့ကို ပြဿနာတွေဖြေရှင်းဖို့နဲ့ တီထွင်ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ အလုပ်တွေပြီးမြောက်အောင် ကူညီပေးပါတယ်။ ထိရောက်တဲ့ဆက်သွယ်ပြောဆိုမှုမှာ တက်တက်ကြွကြွနားထောင်ခြင်းလည်း ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေဟာ အချင်းချင်းရဲ့အကြံဉာဏ်တွေကို အာရုံစိုက်နားထောင်ပြီး တုံ့ပြန်မှုမပြုခင် သေချာစဉ်းစားတတ်ကြပါတယ်။ ဒီလိုနည်းနဲ့ အဖွဲ့ဟာ ဗဟုသုတတွေမျှဝေနိုင်ပြီး အကြံဉာဏ်အသစ်တွေကို စမ်းသပ်အသုံးချကာ ထိရောက်တဲ့အစီအစဉ်တွေဖော်ဆောင်ဖို့ အတူတကွလုပ်ဆောင်နိုင်ပါတယ်။
၅။ ပူးပေါင်းဆောင်ရွက်မှု
အောင်မြင်တဲ့အဖွဲ့တွေဟာ သူတို့ရဲ့တာဝန်တွေပြီးမြောက်ဖို့နဲ့ အဖွဲ့လိုက်ရည်မှန်းချက်တွေအောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံကြပါတယ်။ ပြဿနာတက်တဲ့အခါ အကူအညီတောင်းတာ၊ တစ်ဦးနဲ့တစ်ဦး အကြံဉာဏ်တွေမျှဝေတာတွေဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့အစိတ်အပိုင်းတွေပါ။ အဖွဲ့ဝင်တွေဟာ ပရောဂျက်တစ်လျှောက်လုံး အဆက်မပြတ်ပူးပေါင်းလုပ်ဆောင်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက မှန်ကန်နေရဲ့လား၊ ရည်မှန်းချက်တွေနဲ့ကိုက်ညီရဲ့လားဆိုတာ စစ်ဆေးကြပါတယ်။ ဒီလိုပူးပေါင်းလုပ်ဆောင်မှုကြောင့် အကြံဉာဏ်အသစ်တွေဖလှယ်နိုင်ပြီး အဖွဲ့ရဲ့စုပေါင်းကျွမ်းကျင်မှုတွေကို အသုံးချကာ ဆန်းသစ်တီထွင်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
၆။ ယုံကြည်မှု
အဖွဲ့ဝင်တွေအချင်းချင်း ယုံကြည်မှုရှိတဲ့အဖွဲ့တွေဟာ သူတို့ရဲ့ရည်မှန်းချက်တွေကို အလွယ်တကူ အောင်မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပရောဂျက်ရဲ့လုပ်ငန်းစဉ်တွေကို ယုံကြည်လို့ပါ။ ယုံကြည်မှုဟာ ပွင့်လင်းသောဆက်ဆံရေး၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုတွေကို မြှင့်တင်ပေးပါတယ်။ အဖွဲ့တစ်ခုဟာ အဖွဲ့ဝင်တွေကြားယုံကြည်မှုတိုးတက်ဖို့ အဖွဲ့အစည်းဆိုင်ရာလှုပ်ရှားမှုတွေ (team-building exercises) လုပ်ဆောင်လေ့ရှိပါတယ်။
၇။ ပဋိပက္ခဖြေရှင်းနိုင်မှု
အောင်မြင်တဲ့အဖွဲ့တွေမှာ ပေါ်ပေါက်လာနိုင်တဲ့အငြင်းပွားမှုတွေကို ထိရောက်စွာဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေရှိကြပါတယ်။ အချင်းချင်းသဘောထားကွဲလွဲတဲ့အခါ အဖွဲ့ဝင်တွေဟာ အေးအေးဆေးဆေး ဆွေးနွေးတတ်ကြပြီး တစ်ဦးနဲ့တစ်ဦးရဲ့အမြင်တွေကို လေးစားကာ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့အဖြေရှာဖို့ အာရုံစိုက်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် အမြင်ကွဲလွဲမှုတွေကို နားထောင်နိုင်ပြီး အဖွဲ့တစ်ခုလုံးအတွက် အဆင်ပြေမဲ့ဖြေရှင်းချက်တွေရှာဖွေနိုင်ပါတယ်။ ထိရောက်တဲ့အဖွဲ့တွေဟာ အငြင်းပွားမှုတွေကို သူတို့ရဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနည်းတွေ တိုးတက်ဖို့ အခွင့်အလမ်းအဖြစ် မြင်တတ်ကြပါတယ်။
အဖွဲ့အတွင်း ထိရောက်မှုရှိစေဖို့ အချက်များ
သင့်အဖွဲ့မှာ ပိုမိုထိရောက်စွာအလုပ်လုပ်နိုင်ဖို့ ဒီအချက်လေးတွေကို အသုံးပြုနိုင်ပါတယ်။
၁။ အတူတူဆုံးဖြတ်ပါ
အဖွဲ့လိုက် သဘောတူညီမှုနဲ့ ဆုံးဖြတ်ချက်ချတာက အဖွဲ့အလုပ်တွေကို ပိုထိရောက်စေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ လူတိုင်းသဘောတူနိုင်ပြီး လုပ်ငန်းတွေကို ပိုပြီးအာရုံစိုက်လုပ်ဆောင်လာကြပါတယ်။
၂။ အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေပေးပါ
အကြံဉာဏ်ပေးဖို့နဲ့ အဲဒီအကြံဉာဏ်ကို လက်ခံတတ်တဲ့ အလေ့အထရှိခြင်းက အဖွဲ့ရဲ့အောင်မြင်မှုကို အားဖြည့်ပေးပါတယ်။ အဖွဲ့ဝင်တွေရဲ့ပြောစကားကို ပြဿနာဖြေရှင်းဖို့၊ လုပ်ငန်းတိုးတက်စေဖို့နဲ့ ပရောဂျက်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အကျိုးရှိရှိအသုံးချကြဖို့ အရေးကြီးပါတယ်။
၃။ အောင်မြင်မှုတွေကို အတူတကွဂုဏ်ပြုပါ
အဖွဲ့တစ်ဖွဲ့က သူတို့ရဲ့အောင်မြင်မှုတွေကို အတူတကွကျင်းပမယ်ဆိုရင် အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုတွေနဲ့ စုပေါင်းအောင်မြင်မှုတွေကို အသိအမှတ်ပြုခြင်းက အဖွဲ့တွေကို သူတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာ စိတ်အားထက်သန်နေအောင် ကူညီပေးနိုင်ပြီး သူတို့ရဲ့ကြိုးစားမှုရဲ့ တိုက်ရိုက်ရလဒ်တွေကိုလည်း မြင်တွေ့နိုင်မှာပါ။
www.indeed.com မှ 7 Characteristics of Effective Teams ဆောင်းပါးကို သင့်လျော်အောင်ဘာသာပြန်ဆိုထားပါတယ်။
Htet Pann Wai
B. Com (Q**), M. Com
Meiktila University of Economics
Latest Articles
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
8 hours ago
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
2 days ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
2 days ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
5 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
5 days ago
