" Profit is not always the point "
TED Talk Review ဒီတစ်ခေါက်မှာ မျှဝေသွားချင်တဲ့ ခေါင်းစဉ်ကတော့ TED Talk discussion မှာ FMCG(Fast moving consumer goods) လို့ခေါ်တဲ့ လူသုံးကုန်စားသောက်ကုန်တွေကို အများဆုံးထုတ်လုပ်ရောင်းချပြီးတော့ ကမ္ဘာမှာဆပ်ပြာထုတ်လုပ်မှုမှာ နံပါတ်တစ် ဗြိတိသျှ multinational ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unilever ရဲ့ Global Chief Operating Officer အိန္ဒိယလူမျိုး Harish Manwani တင်ပြဆွေးနွေးခဲ့တဲ့ “ Profit is not always the point“ ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာမှာတော့ စီးပွားရေးလုပ်ငန်းစုတော်တော်များများဟာ အကျိုးအမြတ် ရရှိရေးဆိုတဲ့ ကဏ္ဍကိုဦးစားပေးရုံတင်မကဘဲ Corporate Social Responsibility (CSR) လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်လာကြပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းအများစုကတော့ ဒီ CSR လုပ်ဆောင်မှုတွေကို အကျိုးအမြတ် ရရှိဖို့ပဲဆိုတဲ့ အတွေးအမြင်အောက်ကနေ စဉ်းစားလုပ်ဆောင်ကြတာမလို့ CSR ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခုတုံးသဖွယ် အသုံးချလာကြပါတယ်။ ဒီအကြောင်းကို Harish က "ကျွန်တော်တို့အားလုံး ဒီအရင်းရှင်စနစ်ရဲ့ ပုံစံခွက်အရ စီးပွားရေးလုပ်တယ်ဆိုတာ ထုတ်လုပ်သူကနေ စားသုံးသူကိုရောင်းတယ်။ ရောင်းသူ၀ယ်သူ နှစ်ဦးကြားမှာ ရောင်းကုန်ပစ္စည်းကို ဘယ်လိုပိုမိုကောင်းအောင်လုပ်မလဲဆိုတာနဲ့တင် လွတ်လွတ်လပ်လပ် ရောင်း၀ယ်စီးပွားရှာကြပါတယ်။
အဲ့လိုပဲ ကျွန်တော်တို့ကိုငယ်စဉ်က စီးပွားရေးနဲ့ပတ်သက်ပြီး သင်ကြားရတာ တွေမှာလည်း လုပ်ငန်းတွေ ပိုမိုကြီးမားတိုးတက်လာဖို့ လိုအပ်တဲ့ 3G Growth model: အချက်တွေဖြစ်တဲ့ Consistent လုပ်ငန်းရဲ့တိုးတက်နှုန်းတည်ငြိမ်ဖို့၊ Competitive အပြိုင်အဆိုင်ရှိဖို့၊ Profitable အမြတ်ရရှိဖို့ ဒါတွေပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ကမ္ဘာမှာတော့ ဒီ 3G model ကို 4G အဖြစ်ပြောင်းလဲထပ်တိုးသင့်ပြီလို့ ကျွန်တော်မြင်မိပါတယ်။ အဲ့ဒါကတော့ Responsible တာ၀န်ယူဖို့ပါပဲ။" လို့ တင်ပြဆွေးနွေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ Economic value ကို ဖန်တီးရယူပြီး အပြင်မှာဖြစ်သမျှကို မဆိုင်သလို ထိုင်ကြည့်နေရုံနဲ့မရဘဲ Social Value ကို စနစ်တကျတည်ဆောက်ဖို့လိုသလို ယနေ့ခေတ်ဆက်လက်တည်တံ့ အောင်မြင်နေတဲ့ ကုမ္ပဏီတော်တော်များများဟာလည်း 4G model ကို လိုက်နာကျင့်သုံးကြတယ်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ အပြောကတော့လွယ်တယ်၊ လုပ်ရင်ခက်တယ်ဆိုသလိုပဲ ဒီအရာကို ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာပါပြီ။ အဖြေကတော့ Leadership ခေါင်းဆောင်မှုပါ။ ဒီကျွန်တော်တို့ အရိုးစွဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပုံစံခွက်ကိုဖောက်ထွက် အစကနေပြန်လည်ပုံသွင်းဖို့ ဒီခေါင်းဆောင်မှုကပဲ ဆောင်ရွက်ပေးနိုင်မှာပါ။ ဒါ့အပြင် လူ့အဖွဲ့အစည်းထဲမှာပဲ ရောင်း၀ယ်ဖောက်ကားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း သူတို့ရဲ့ထုတ်ကုန်တွေ အမှတ်တံဆိပ်တွေကိုရောင်းရရရေးပဲ ဦးတည်ထားမယ့် အစား ငါတို့ဟာ ဒီလူ့အဖွဲ့အစည်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လက်ခံယုံကြည်ထားဖို့လည်း လိုပါတယ်။ Harish က သူ Unilever မှာ အလုပ်စ၀င်တုန်းက သူ့သူဌေးပြောတဲ့စကားကို ပြန်လည်မျှဝေပါတယ်။
ကျွန်တော် 1976 ခုနှစ်မှာ Unilever ကို အလုပ်သင်အဖြစ်နဲ့စ၀င်တော့ ပထမဆုံးနေ့မှာတင် ကျွန်တော့်သူဌေးက ကျွန်တော့်ကိုမေးတယ်။ မင်းဘာလို့ ဒီကုမ္ပဏီကိုရောက်နေသလဲသိလားတဲ့၊ အဲဒါနဲ့ကျွန်တော်လည်း ကျွန်တော်ဒီကိုရောက်နေတာ ဆပ်ပြာတွေ ရောင်းဖို့ပါလို့ ဖြေလိုက်တာပေါ့။ သူဌေးက ပြန်ပြောတယ်၊ မဟုတ်ဘူး၊ မင်းဒီကိုရောက်နေတာ ဘ၀တွေကို ပြောင်းလဲပစ်ဖို့တဲ့။ စစချင်းတော့ ကျွန်တော်လည်း စိတ်ထဲမှာ သူဌေးကတော့ နောက်ပြီလို့ တွေးမိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်သိလာရတာက ကျွန်တော်တို့ ရောင်းနေတဲ့ ဆပ်ပြာတွေက လူ့အသက်တွေကို ဆေးဝါးကုမ္ပဏီ အများကြီးထက် ပိုပြီးကယ်တင်နေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ Unilever ဟာ ကမ္ဘာမှာ အကြီးဆုံးလက်ဆေးကြမယ် အစီအစဉ်ကို ဦးဆောင်ပြုလုပ်နေတာပါ။ ဒီလိုမျိုး တစ်ကိုယ်ရည်ကျန်းမာ သန့်ရှင်းရေးအစီအစဉ်မှာ ပါ၀င်ကြတဲ့လူဦးရေဟာ သန်းငါးရာ ရှိပါတယ်။ ကျွန်တော်ဆိုလိုချင်တာ ဒါပါပဲ။ ဆပ်ပြာရောင်းထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် လူမှုအသိုင်းအ၀န်း ပြောင်းလဲရမယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ကို ယနေ့အခါမှာတော့ လူဦးရေ သန်းနှစ်ထောင်လောက် သုံးနေတဲ့ အမှတ်တံဆိပ်ပစ္စည်း ဖြစ်စေခဲ့ပါပြီ။
လုပ်ဆောင်မှုသေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေခြင်းမျိုးပါ။ ဆက်လက်ပြီး ကုမ္ပဏီဖြတ်သန်းခဲ့သမျှ အတွေ့အကြုံတွေ လုပ်ငန်းစဉ်တွေကို မျှဝေပြီးနောက်မှာတော့ Harish က နောက်ဆုံး မေးခွန်းတစ်ခုကို မေးပါတယ်။ "ကျွန်တော်တို့ ဒီလို သဘာ၀ပတ်၀န်းကျင်အတွက်ရော လူမှုပတ်၀န်းကျင်အတွက်ပါ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ကြဉ်းနိုင်စေဖို့ ဘယ်လိုသွားကြမလဲ၊ အဖြေကတော့ ရှင်းရှင်းလေးပါ၊ ကျွန်တော်တို့ဟာ အတူတကွနဲ့ အားလုံးညီညီညာညာ ကြိုးစားကြမယ်။ ခေါင်းဆောင်မှုနေရာမှာလည်း ပြုပြုင်လာကြမယ်ဆိုရင် ကျွန်တော်တို့လိုရာ လားရာ ကမ္ဘာသစ်ကိုမြင်ကြရမှာပါ" လို့ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။
Paing Soe Myat
SFU Media Club
(Undergraduate Programme)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
