“ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ Green Building အကြောင်း”
Green Building ဆိုတာ ဘာလဲ?
ကမ္ဘာကြီးပူနွေးလာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိလာပြီးတဲ့နောက်မှာ လူတွေက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့နည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။ အဲ့ဒီထဲက နည်းလမ်းတစ်ခုကတော့ Green Buildings လို့ခေါ်တဲ့နည်းပညာနဲ့ အိမ်တွေ၊ အဆောက်အဦးတွေကို ဆောက်လုပ်တာပဲဖြစ်ပါတယ်။ ဒီလိုအဆောက်အဦးတွေက ဒီဇိုင်းဆွဲတဲ့အဆင့်ကတည်းကစပြီး ဆောက်လုပ်တဲ့အဆင့်၊ အသုံးပြုတဲ့အဆင့်၊ ပြုပြင်ထိန်းသိမ်းတာကစလို့ ဖျက်သိမ်းတဲ့အချိန်အထိပါ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
Green Buildings တွေရဲ့ အဓိကရည်ရွယ်ချက်က သမားရိုးကျအဆောက်အဦးတွေလို ပတ်ဝန်းကျင် ထိခိုက်မှုမရှိရလေအောင် လျှော့ချဖို့အတွက်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့စွမ်းအင်သုံးစွဲမှုရဲ့ ၄၀% ကျော် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုရဲ့ ၂၄% ဟာ အဆောက်အဦးတွေကနေ လာတာလို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အဆောက်အဦးဆိုတာက ဆောက်လုပ်လိုက်ပြီဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့အများတော့ ထိခိုက်မှုတွေ ရှိနေတာပါပဲ။
ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုထိရောက်စွာအသုံးပြုမှု
Green Building တစ်ခုဆောက်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကနေ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ (non-renewable) ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ ဒါကြောင့် ပြန်လည်အသုံးပြုနိုင်တဲ့ သစ်သား၊ ဝါး၊ ကောက်ရိုး၊ ပြန်လည်အသုံးပြုထားတဲ့ သတ္တုတွေ စတဲ့ သဘာဝပစ္စည်းတွေကို အများဆုံး အသုံးပြုကြပါတယ်။ Green Building စံနှုန်းတွေအရ အဆောက်အအုံပစ္စည်းတွေကို ဆောက်လုပ်မယ့်နေရာမှာပဲ ပြုလုပ်သင့်ပါတယ်။ ဥပမာ- မြေကြီးတုံးတွေလုပ်ရင် ဆောက်လုပ်ရေးဧရိယာထဲမှာပဲ လုပ်တာမျိုးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်း တွေကို သယ်ယူပို့ဆောင်ဖို့အတွက် သုံးရတဲ့ စွမ်းအင်တွေ သက်သာစေပါတယ်။ ဒါ့အပြင် ပစ္စည်းထုတ်လုပ်တဲ့အခါ ရုပ်ကြွင်းလောင်စာ (fossil fuels) တွေလို ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စွမ်းအင်တွေကို ရှောင်ရှားရပါမယ်။
ဒါပေမဲ့ ဒီလိုလုပ်တာမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ ဥပမာ- မြေကြီးတုံးလုပ်ဖို့ မြေတူးလိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်က အနည်းနဲ့အများတော့ ထိခိုက်မှုရှိသွားတာပါပဲ။ ဒါကြောင့် ၁၀၀ ရာခိုင်နှုန်း Green Building ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပါပဲ။ နောက်တစ်ခုက အချို့ပစ္စည်းတွေဟာ off-site manufacture လို့ခေါ်တဲ့ စက်ရုံတွေမှာ ကြိုတင်ထုတ်လုပ်ကာကောင်းမွန်တဲ့ အရည်အသွေးရစေပြီး စွန့်ပစ်ပစ္စည်းအနည်းဆုံးနဲ့ လုပ်ငန်းခွင်မှာ လုံခြုံရေး ပိုကောင်းတာမျိုးတွေလဲ ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ လိုအပ်လာပြန်ပါတယ်။ ပြီးတော့ အဆောက်အဦးဆောက်ဖို့ ပစ္စည်းတွေကို ရွေးချယ်တဲ့အခါမှာလည်း ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပစ္စည်းတွေသုံးရနိုင်တာကြောင့် Green Building ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်။
ဒီလိုအခက်အခဲတွေ ရှိပေမဲ့ material efficiency ကို လျစ်လျူရှုလို့ မရပါဘူး။ Green Building ရဲ့ နည်းပညာတွေက လက်ရှိဆောက်လုပ်ရေးနည်းပညာတွေနဲ့ အကောင်အထည်ဖော်လို့ရတဲ့ လက်တွေ့ကျတဲ့အရာတွေကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ ဥပမာ- embodied energy လို့ခေါ်တဲ့ ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့ အတွက်လိုအပ်တဲ့ စုစုပေါင်းစွမ်းအင်ပမာဏ နည်းစေတဲ့ပစ္စည်းတွေကို အသုံးပြုဖို့ ကြိုးစားတာမျိုးပါ။ ဥပမာ- သစ်သားက embodied energy နည်းပြီး သံမဏိ (steel) ကတော့ များပါတယ်။ ဒါပေမဲ့ သံမဏိက ပြန်လည်အသုံးပြုဖို့ (recyclable) ပိုလွယ်တာကြောင့်အကျိုးအပြစ်နှစ်ဖက်လုံးကို ချိန်ဆဖို့ လိုအပ်ပါတယ်။
စွမ်းအင်ကိုထိရောက်စွာအသုံးပြုမှု
Green Building တစ်ခုဟာ သူ့ဘာသာသူ စွမ်းအင် လုံလောက်ရုံသာမက စွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ရပါမယ်။ အကောင်းဆုံးကတော့ နေရောင်ခြည်စွမ်းအင် (solar power)၊ လေစွမ်းအင် (wind power) နဲ့ ဇီဝလောင်စာစွမ်းအင် (biomass) တွေကို သုံးပြီး အဆောက်အဦးအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ကိုယ်တိုင်ထုတ်လုပ်တာမျိုးဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက် အိမ်ကို လေလုံအောင်လုပ်တာ၊ အပူလျှပ်ကာ (insulation) တွေ ထည့်သွင်းဆောက်လုပ်တာနဲ့ သဘာဝအလင်းရောင်ကို အပြည့်အဝရအောင် ဒီဇိုင်းဆွဲတာမျိုးတွေကလည်း လျှပ်စစ်မီးဖိုးကို အများကြီးသက်သာစေပါတယ်။
ရေကိုထိရောက်စွာအသုံးပြုမှု
Green Building တွေရဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ ရေကို သက်သာအောင် သုံးစွဲပြီး ရေရဲ့အရည်အသွေးကို ကာကွယ်ဖို့ပါပဲ။ ဒါကြောင့် မြေအောက်ရေကို အလွန်အကျွံထုတ်ယူတာမျိုး မလုပ်သင့်ပါဘူး။ မိုးရေခံယူတာ (rainwater harvesting) နဲ့ ရေကို ပြန်လည်သန့်စင်ပြီး ပြန်လည် အသုံးပြုတာ မျိုးတွေ လုပ်သင့်ပါတယ်။ ဒါပေမဲ့ ရေကို သန့်စင်ဖို့အတွက် desalination လိုမျိုး စွမ်းအင်အများကြီးသုံးရတဲ့ နည်းလမ်းတွေကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်လို့နေပါတယ်။ တစ်ကယ်လို့ ဒီစွမ်းအင်ကို နျူကလီးယားစွမ်းအင်လိုမျိုး ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့နည်းနဲ့ ထုတ်မယ်ဆိုရင် 100% Green Building ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆိုရပါမယ်။
ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်
Green Building တွေ ဆောက်လုပ်တဲ့အခါ ကနဦးကုန်ကျစရိတ်က ပိုများနိုင်ပါတယ်။ ဥပမာ- Photo-voltaic လို နည်းပညာအသစ်တွေက ပိုက်ဆံပိုကုန်နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ စွမ်းအင်အဖိုးအခတွေ အများကြီး သက်သာစေပါတယ်။ လေ့လာချက်တွေအရ Green Building တွေဟာ နှစ် ၂၀ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုရဲ့ $53 to $71 per square foot ပြန်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Green Building တွေက လူတွေကို ပိုဆွဲဆောင်နိုင်ပြီး ရောင်းစျေးလည်း ပိုကောင်း၊ ငှားရမ်းသူလည်း များလာတဲ့အတွက် ရေရှည်မှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးအမြတ်ပိုများနိုင်ပါတယ်။
Green Building တွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ စွမ်းအင်နဲ့ ရေကို သက်သာအောင်သုံးနိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုစေပါတယ်။ လက်ရှိအချိန်မှာ 100% Green Building တစ်ခုကို တည်ဆောက်ဖို့ကတော့ အခက်အခဲတွေ ရှိနေသေးပေမဲ့ ရေရှည်မှာ ရရှိမယ့် အကျိုးအမြတ်တွေနဲ့ အန္တရာယ်နည်းပါးမှုတွေကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
https://ivypanda.com/essays/green-buildings-and-sustainability/
Ivypanda မှ Green Buildings and Environmental Sustainability Analytical Essay ကိုသင့်တော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်
Theint Thinzar
BE (Civil-WYTU) M.Sc (Construction Project Mgt), Heriot-Watt University
Latest Articles
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
8 hours ago
ဝန်ထမ်းများ အလုပ်အား ကျေနပ်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
1 day ago
ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း
2 days ago
ကောင်းမွန်တဲ့ IT Project Manager တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ
2 weeks ago
Startup လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုး
2 weeks ago
