နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
၁၉၉၄ ခုနှစ်တုန်းက စတိဗ်ဂျော့ဘ်စ်ဟာ Apple ကနေ ထွက်ခွာခဲ့ပြီး iPhone နဲ့ iPad တွေ မပေါ်ခင်၊ သူ Apple ကို ပြန်မရောက်သေးခင် အချိန်တုန်းက Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခု လုပ်ခဲ့ပါတယ်။
အစတုန်းက ကွန်ပျူတာဆော့ဖ်ဝဲလ်တွေ၊ နည်းပညာတွေအကြောင်း ပြောကြရင်းကနေ နောက်ပိုင်းမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သူ့ဘဝရဲ့ အရေးကြီးဆုံး သင်ခန်းစာတွေထဲက တစ်ခုကို ပြောပြဖြစ်သွားပါတယ်။
အင်တာဗျူးသူက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က နည်းပညာကို ယုံကြည်ခဲ့သလိုမျိုး အခုလည်း အရင်အတိုင်း ယုံကြည်မှုရှိပါသေးလားလို့ မေးတဲ့အခါ ဂျော့ဘ်စ်က ဒီလိုဖြေခဲ့ပါတယ်။
"နည်းပညာဆိုတာ ဘာမှမဟုတ်ဘူး။" သူဆက်ပြီး ပြောတာကတော့ "အရေးကြီးတာက လူတွေကို ယုံကြည်မှုရှိဖို့ပဲ။ သူတို့က အခြေခံအားဖြင့် ကောင်းမွန်ကြတယ်။ ဉာဏ်လဲကောင်းကြတယ်။
သူတို့ကို ကိရိယာတွေပေးလိုက်ရင် အံ့ဩစရာကောင်းတဲ့ အရာတွေကို ဖန်တီးနိုင်ကြမှာပါ။"
ဒါက ကျွန်တော်တို့အတွက် ဘာကို ဆိုလိုတာလဲ။
ကြီးကျယ်တဲ့ တီထွင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ စတိဗ်ဂျော့ဘ်စ်က နည်းပညာထက် လူတွေက ပိုအရေးကြီးတယ်လို့ ယုံကြည်ခဲ့ပါတယ်။ လူတွေကို ယုံကြည်မှုထားမယ်၊ သူတို့ဟာ စွမ်းဆောင်နိုင်တယ်၊ ဉာဏ်ကောင်းတယ်လို့ ယုံကြည်ပြီး မှန်ကန်တဲ့ ကိရိယာတွေကို ပေးလိုက်မယ်ဆိုရင် သူတို့ဟာ အံ့မခန်းတဲ့ အရာတွေကို လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ သူခံယူထားပါတယ်။
ဒီစကားက ကျွန်တော်တို့ကို သတိပေးနေတာကတော့ ကြီးကျယ်တဲ့ တီထွင်မှုတိုင်း၊ ကြီးမားတဲ့ တိုးတက်မှုတိုင်းရဲ့ အဓိကအချက်မှာ လူတွေ (သူတို့ရဲ့ အတွေးအခေါ်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ဖန်တီးနိုင်စွမ်းတွေနဲ့) ရှိနေတယ်ဆိုတာပါပဲ။ နည်းပညာဆိုတာ ကိရိယာတစ်ခုမျှသာဖြစ်ပြီး၊ ကျွန်တော်တို့လူသားတွေက အဲဒီကိရိယာနဲ့ ဘာတွေလုပ်ဆောင်လဲဆိုတာကသာ တကယ်အရေးကြီးပါတယ်။
“လူတွေကို ယုံကြည်ပါ” – စတိဗ်ဂျော့ဘ်စ်၏ ခေါင်းဆောင်မှုပုံစံ
“လူတွေကို ယုံကြည်ပါ” – ရိုးရှင်းတဲ့ ဒီစကားစုဟာ သင်ခန်းစာတစ်ခုပါပဲ။ ဂျော့ဘ်စ်ဟာ မေးခွန်းရဲ့ ဦးတည်ချက်ကို နည်းပညာကနေ လူသားဆန်မှုဆီ ပြောင်းပြန်လှန်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူဟာ ခေတ်အဆက်ဆက် အသုံးဝင်နေမယ့် ခေါင်းဆောင်မှုမူတစ်ခုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ ယုံကြည်မှုဆိုတာ ကိုယ့်ဝန်ထမ်းတွေကို အရင်ဆုံး ယုံကြည်ပေးဖို့ပါပဲ။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဂျော့ဘ်စ် ရင့်ကျက်လာတဲ့အခါ နည်းပညာရဲ့ စွမ်းအားကိုပဲ သူယုံကြည်ခဲ့တာ မဟုတ်ပါဘူး။ နည်းပညာကို အသုံးပြုနိုင်တဲ့ လူတွေရဲ့ စွမ်းရည်ကိုပါ သူယုံကြည်ခဲ့ပါတယ်။ ယုံကြည်မှုကနေ စတင်တဲ့အခါ ပူးပေါင်းဆောင်ရွက်မှုနဲ့ တီထွင်ဖန်တီးမှုတွေ နောက်ကနေ အလိုလိုလိုက်လာမယ်ဆိုတာ သူသိခဲ့ပါတယ်။ ဒီနေရာမှာ ပြောတဲ့ ယုံကြည်မှုဆိုတာ ပထမဆုံးရအောင် ယူရမယ့်အရာ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေက သက်သေမပြခင် ပေးရမယ့် လက်ဆောင်တစ်ခုပါ။ စာရေးဆရာနဲ့ ယုံကြည်မှုဆိုင်ရာ ကျွမ်းကျင်သူ Stephen M.R. Covey က သူ့ရဲ့ “The Speed of Trust” စာအုပ်ထဲမှာ ဒီလို အကောင်းဆုံး ဖော်ပြထားပါတယ်။ ယုံကြည်မှု မြင့်မားတဲ့ အဖွဲ့အစည်းတွေဟာ ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပြီး ပိုကောင်းတဲ့ ရလဒ်တွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ဆောင်နိုင်ကြပါတယ်။ ရိုးရာအတွေးအခေါ်ကတော့ လူတွေဟာ ယုံကြည်မှုကို ရရှိအောင် ကြိုးစားရမယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဂျော့ဘ်စ်နဲ့ ဒီနေ့ခေတ် ကြီးမြတ်တဲ့ ခေါင်းဆောင်များစွာကတော့ ဒီအမြင်နဲ့ မတူပါဘူး။ သူတို့အတွက်ကတော့ ယုံကြည်မှုက အရင်လာရပါတယ်။ ဂျော့ဘ်စ်ရဲ့ ခေါင်းဆောင်မှုပုံစံဟာ ဝန်ထမ်းတွေဟာ ကောင်းမွန်ပြီး ဉာဏ်ကောင်းကြတယ်၊ မှန်ကန်တဲ့ ကိရိယာတွေနဲ့ လွတ်လပ်ခွင့်ပေးလိုက်ရင် ကြီးမြတ်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်ကြတယ်ဆိုတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံထားပါတယ်။ ခေါင်းဆောင်တွေ ဒီလမ်းစဉ်ကို လိုက်နာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ဒီမှာဖော်ပြထားပါတယ်။
ယုံကြည်မှုအခြေခံသော ခေါင်းဆောင်မှု၏ အကျိုးကျေးဇူးများ
ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို ယုံကြည်မှုနဲ့ ဦးဆောင်တဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
၁။ ဝန်ထမ်းများ စိတ်လုံခြုံမှုရှိခြင်း
ခေါင်းဆောင်တွေက ယုံကြည်မှုနဲ့ လည်ပတ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဝန်ထမ်းတွေဟာ တုံ့ပြန်မှုတွေကို မကြောက်ဘဲ စိတ်ကူးအသစ်တွေ ပေးဖို့၊ စွန့်စားရဲဖို့နဲ့ တီထွင်ဆန်းသစ်ဖို့အတွက် လွတ်လပ်မှုကို ခံစားရပါတယ်။
၂။ ဝန်ထမ်းများ တာဝန်ယူမှုရှိခြင်း
ဂျော့ဘ်စ်ရဲ့ အင်ဂျင်နီယာတွေအပေါ် ယုံကြည်မှုက သူတို့ Apple ထဲကို မဝင်ခင်ကတည်းက စတင်ခဲ့တာပါ။ သူ့ရဲ့ ဝန်ထမ်းခေါ်ယူမှု ဒဿနက ရှင်းပါတယ်။ သူတစ်ချိန်က ပြောခဲ့ဖူးသလိုပါပဲ –
“လူတော် တွေကို ခန့်ပြီး ဘာလုပ်ရမယ်ဆိုတာကို ပြောပြနေတာက အဓိပ္ပာယ်မရှိဘူး။ လူတော်တွေကို ခန့်ရခြင်း အကြောင်းဟာ သူတို့က ကျွန်တော်တို့ကို ဘာလုပ်ရမယ်ဆိုတာ ပြောပြနိုင်ဖို့ပဲ။”
ဒီလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်တာက အလုပ်အပေါ် တာဝန်ယူစိတ်နဲ့ ဂုဏ်ယူစိတ်ကို တည်ဆောက်ပေးပါတယ်။
၃။ ဝန်ထမ်းများ လေးစားခံရတယ်လို့ ခံစားရခြင်း
ယုံကြည်မှုက လေးစားမှုကို ဖော်ပြပါတယ်။ ခေါင်းဆောင်တွေက ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ကို ယုံကြည်တဲ့အခါ အပြန်အလှန်လေးစားမှုနဲ့ သစ္စာစောင့်သိမှုကို မြှင့်တင်ပေးပါတယ်။ ဒါကပဲ ခိုင်မာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးပေးပါတယ်။
၄။ ဝန်ထမ်းများက “ဘာ့ကြောင့်” ဆိုတာကို နားလည်ခြင်း
ဂျော့ဘ်စ်ဟာ အသေးစိတ်ကြီးကြပ်ခြင်းထက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (vision) က ပိုအရေးကြီးတယ်ဆိုတာကိုသိခဲ့ပါတယ်။ မျှဝေထားတဲ့ ရည်မှန်းချက် (shared vision) ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကတော့ –
“သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိပြီဆိုတာနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့ကိုယ်တိုင် ရှာဖွေကြလိမ့်မယ်။ သူတို့ လိုအပ်တာကတော့ ဘုံရည်မှန်းချက် (common vision) တစ်ခုပဲ။ ဒါကပဲ ခေါင်းဆောင်မှုရဲ့ အနှစ်သာရပဲ။ ရည်မှန်းချက်ရှိခြင်း၊ ပတ်ဝန်းကျင်က လူတွေ နားလည်အောင် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း၊ ပြီးတော့ ဘုံရည်မှန်းချက်တစ်ခုအပေါ် သဘောတူညီမှု ရယူခြင်းပဲ။”
၅။ ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်း
ဝန်ထမ်းတွေကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးပြီး လုပ်ဆောင်ခွင့်ပြုခြင်းက ခွင့်ပြုချက်ကို စောင့်စရာမလိုဘဲ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် စွမ်းအားပေးပါတယ်။ ဒါက ဆုံးဖြတ်ချက်ချမှတ်ခြင်းကို မြန်ဆန်စေပြီး ဖောက်သည်တွေရော ဝန်ထမ်းတွေအတွက်ပါ အတွေ့အကြုံကောင်းတွေကို တိုးတက်စေပါတယ်။
ခေါင်းဆောင်တွေက ယုံကြည်မှုနဲ့ စတင်တဲ့အခါ ဝန်ထမ်းတွေရဲ့ အတွေးအမြင်ပိုင်းဆိုင်ရာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေထက် သာလွန်တဲ့ အားသာချက်တစ်ခုပါပဲ။ ယုံကြည်ရတယ်လို့ ခံစားရတဲ့ အဖွဲ့အစည်းတစ်ခုဟာ ပိုမိုမြန်ဆန်စွာ လုပ်ကိုင်နိုင်ပြီး ပိုမိုတီထွင်ဆန်းသစ်နိုင်ကာ စီမံခန့်ခွဲရတဲ့ ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။ ဂျော့ဘ်စ်ရဲ့ ကိစ္စမှာတော့ ဒီယုံကြည်မှုဟာ ဒီနေ့ခေတ် ကမ္ဘာကြီးက မရှိမဖြစ်လိုအပ်နေတဲ့ ထုတ်ကုန်တွေကို ဖန်တီးနိုင်ခဲ့တဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။
ဂျော့ဘ်စ်ရဲ့ ခေါင်းဆောင်မှု သင်ခန်းစာဟာ လူတွေကို ယုံကြည်မှုရှိခြင်းကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ကိရိယာတွေနဲ့ သူတို့အကောင်းဆုံး လုပ်နိုင်တာတွေကို လုပ်ဆောင်ဖို့ လွတ်လပ်ခွင့်ပေးလိုက်မယ်ဆိုရင် သင်ဟာ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တီထွင်ဖန်တီးမှုရှိတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါဟာ အကျိုးအမြတ်များတဲ့ လုပ်ငန်းရလဒ်တွေအတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
Schwantes, M. (2023) Steve Jobs Shared This Apple Strategy That Made Him a Great Leader (Most Leaders Forget It). Inc. [Online]. Available at: https://www.inc.com/marcel-schwantes/steve-jobs-apple-great-leaders-business-lessons/91218711 (Accessed: 25 July 2025).
Daw Hninn Pwint Oo
M.Com, B.Com** (MEUE)
Latest Articles
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
9 hours ago
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
2 days ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
2 days ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
5 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
5 days ago
