မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ

            Ansoff Matrix ဆိုတာက စီးပွားရေးလုပ်ငန်းတွေ ကြီးထွားဖို့ ဗျူဟာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အသုံးပြုတဲ့ မဟာဗျူဟာတစ်ခုပါ။ ဒီမှာ ဈေးကွက်ထိုးဖောက်ဝင်ရောက်မှု (Market Penetration), ဈေးကွက်ဖွံ့ဖြိုးရေး (Market Development), ထုတ်ကုန်ဖွံ့ဖြိုးရေး (Product Development) နဲ့ စုံလင်ကွဲပြားရေး (Diversification) ဆိုတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ မက်ဒေါ်နယ်ဟာ ကမ္ဘာ့အကြီးဆုံး အမြန်စားသောက်ဆိုင်တွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ Ansoff Matrix ကို အသုံးပြုပြီး သူ့ရဲ့ လုပ်ငန်းတွေကို ချဲ့ထွင်ကာ ထုတ်ကုန်တွေကို မြှင့်တင်လျက်ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မက်ဒေါ်နယ်ဟာ Ansoff Matrix ကို ဘယ်လိုအသုံးပြုပြီး ကြီးထွားအောင် လုပ်ဆောင်နေသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

Ansoff Matrix ကို နားလည်ခြင်း

Ansoff Matrix မှာ အခြေခံအားဖြင့် နည်းလမ်း (၄) မျိုး ပါဝင်ပါတယ်:

  1. ဈေးကွက်ထိုးဖောက်ဝင်ရောက်မှု (Market Penetration): လက်ရှိဈေးကွက်ထဲမှာ လက်ရှိထုတ်ကုန်တွေရဲ့ ရောင်းအားကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်း

  2. ဈေးကွက်ဖွံ့ဖြိုးရေး (Market Development): လက်ရှိထုတ်ကုန်တွေကို ဈေးကွက်အသစ်တွေဆီ မိတ်ဆက်ခြင်း

  3. ထုတ်ကုန်ဖွံ့ဖြိုးရေး (Product Development): လက်ရှိဈေးကွက်အတွက် ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ခြင်း

  4. စုံလင်ကွဲပြားရေး (Diversification): ဈေးကွက်အသစ်တွေအတွက် ထုတ်ကုန်အသစ်တွေ ဖန်တီးခြင်း

မက်ဒေါ်နယ်ရဲ့ Ansoff Matrix ဗျူဟာ

1. ဈေးကွက်ထိုးဖောက်ဝင်ရောက်မှု (Market Penetration)

မက်ဒေါ်နယ်ဟာ လက်ရှိဈေးကွက်တွေထဲမှာ သူ့ရဲ့ ဈေးကွက်ဝေစု (Market Share) ကို မြှင့်တင်ဖို့ အောက်ပါနည်းလမ်းတွေနဲ့ အောင်မြင်စွာ လုပ်ဆောင်နေပါတယ်—

  • စျေးနှုန်းချိုသာစွာ ကြော်ငြာခြင်းများ။ ။ စျေးနှုန်းလျှော့ချမှုတွေ၊ Combo Meals တွေ နဲ့ အချိန်ကာလအလိုက် ပစ္စည်းတွေလို ကြော်ငြာတွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ပြီး ရောင်းအားကို မြှင့်တင်ပါတယ်။  ဥပမာ: “McSaver Meals” promotion ကို မကြာခဏပြုလုပ်ပြီး ကျောင်းသား၊ office worker စတဲ့ ငယ်ရွယ်တဲ့ customer group တွေကို ဆွဲဆောင်ပါတယ်။

  • ဖောက်သည်အတွေ့အကြုံ မြှင့်တင်ခြင်း။ ။ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို အသစ်ပြင်ဆင်မှုတွေ လုပ်တာ၊ ဝန်ဆောင်မှု ပိုမိုမြန်ဆန်အောင် ပေးတာ၊ သန့်ရှင်းမှုစံနှုန်းတွေကို မြှင့်တင်တာတွေနဲ့ ဖောက်သည်တွေရဲ့ ကျေနပ်မှုကို မြှင့်တင်ပါတယ်။  ဥပမာ: Singapore မှာ Smart Kitchen Systems ကို အသုံးပြုပြီး order-to-delivery time ကို ၃ မိနစ်အတွင်းဖြစ်အောင် optimize လုပ်ပါတယ်။

  • ဒီဂျစ်တယ်စနစ် ပေါင်းစည်းမှု။ ။ မိုဘိုင်းအက်ပ်တွေ၊ Self-Service Kiosks တွေ၊ အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။  ဥပမာ: Japan မှာ McDonald’s App မှာ “Order Ahead” feature ထည့်သွင်းပြီး ဖောက်သည်တွေက ဆိုင်မရောက်ခင်မှာပဲ မှာယူနိုင်အောင်လုပ်ထားပါတယ်။

2. ဈေးကွက်ဖွံ့ဖြိုးရေး (Market Development)

မက်ဒေါ်နယ်ဟာ နယ်ပယ်အသစ်တွေဆီ သူ့ရဲ့လုပ်ငန်းတွေကို ချဲ့ထွင်ပြီး လုပ်ငန်းတိုးတက်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်—

  • ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှု။ ။ အိန္ဒိယနဲ့ တရုတ်လို ဖွံ့ဖြိုးဆဲဈေးကွက်အသစ်တွေဆီ ဝင်ရောက်ပြီး ဒေသခံများ လက်ခံနိုင်တဲ့ အရသာတွေကို ဖြည့်ဆည်းပေးကာ လက်ခံမှုနဲ့ သစ္စာရှိမှုကို တိုးမြှင့်ပါတယ်။  ၂၀၂၃ ခုနှစ် စစ်တမ်းများအရ နိုင်ငံပေါင်း  (၁၀၀) ကျော်မှာ McDonald ဆိုင်တွေ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ပါတယ်။

  • ဆိုင်အမျိုးအစားအသစ်များ။  ။ Drive-Thrus တွေ၊ Express Outlets တွေ နဲ့ မိုဘိုင်းဆိုင်တွေကို စတင်ပြီး ဖောက်သည်တွေဆီ အဆင်ပြေမြန်ဆန်စွာ ရောက်ရှိနိုင်‌အောင် လုပ်ဆောင်ပါတယ်။  ဥပမာ: UK မှာ Train Stations တွေမှာ Express Kiosks တပ်ဆင်ကာ grab-and-go စားစရာတွေ ရနိုင်အောင်လုပ်ထားပါတယ်။

  • ဒေသိယစူးစမ်းမှုများ။  ။ အစားအသောက်တွေမှာ ဒေသအရသာတွေ ထည့်သွင်းပြီး ဒေသခံလက်ခံမှုကို ရယူပါတယ်။  ဥပမာ: India မှာ Chicken Maharaja Mac ကို မိတ်ဆက်ကာ ဒေသခံအရသာနဲ့ ကိုက်ညီအောင်လုပ်ပါတယ်။

3. ထုတ်ကုန်ဖွံ့ဖြိုးရေး (Product Development)

မက်ဒေါ်နယ်ဟာ ပြောင်းလဲနေတဲ့ ဖောက်သည်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အောက်ပါနည်းလမ်းတွေနဲ့ သူ့ရဲ့အစားအသောက်တွေကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေပါတယ်—

  • မီနူးအသစ်များ ။ ။ ကျန်းမာရေးကို အလေးထားတဲ့ Salads တွေ၊ Wraps တွေ နဲ့ အသားမပါတဲ့ Burgers တွေလို ရွေးချယ်စရာတွေကို ထပ်မံမိတ်ဆက်ပါတယ်။  ဥပမာ: USA မှာ McVeggie Burger ကို မိတ်ဆက်ပြီး vegetarian lifestyle ကို ဖြည့်ဆည်းပါတယ်။

  • ရာသီအလိုက် အထူးပစ္စည်းများ ။ ။ Holiday-Themed McFlurries တွေ ဒါမှမဟုတ် Specialty Sandwiches တွေလို အချိန်ကာလအလိုက် ထုတ်ပစ္စည်းတွေများကို အသုံးပြုပြီး ဝယ်ယူသူများ  စိတ်လှုပ်ရှားမှုနဲ့ နောက်တစ်ကြိမ် ထပ်မံဝယ်ယူမှုတွေ ဖြစ်စေအောင် ဖန်တီးပါတယ်။  ဥပမာ: Christmas Season မှာ Peppermint Mocha McFlurry ကို မိတ်ဆက်ပါတယ်။

  • အဆင့်မြင့် ပစ္စည်းများ ။ ။ Angus Burgers တွေ ဒါမှမဟုတ် McCafé Beverages တွေလို အဆင့်မြင့်ထုတ်ကုန်တွေကို ထည့်သွင်းပြီး ပထမတန်းစားအရည်အသွေး ရှာဖွေနေတဲ့ ဖောက်သည်တွေကို ဆွဲဆောင်ပါတယ်။  ဥပမာ: Australia မှာ Signature Collection burgers line ကို မိတ်ဆက်ကာ သာလွန် ကောင်းမွန်မှု ဝယ်ယူမှုအတွေ့အကြုံများကို ပေးပါတယ်။

4. စုံလင်ကွဲပြားရေး (Diversification)

မက်ဒေါ်နယ်ဟာ ဈေးကွက်အသစ်တွေဆီ ထုတ်ကုန်အသစ်တွေနဲ့ ဝင်ရောက်ဖို့ အောက်ပါနည်းလမ်းတွေနဲ့ လုပ်ဆောင်နေပါတယ်

  • မက်ဒေါ်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများ ။ ။ ဒီဂျစ်တယ်ပလက်ဖောင်းတွေ၊ Loyalty Programs တွေ နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ထုပ်ပိုးမှုတွေကို ရင်းနှီးမြှုပ်နှံပြီး ဆန်းသစ်တီထွင်မှုနဲ့ ရေရှည်တည်တံ့မှုကို ပြသပါတယ်။  ဥပမာ: Green Packaging Initiative အဖြစ် plastic straw မသုံးတော့ဘဲ paper straw ကို အသုံးပြုပါတယ်။

  • လုပ်ငန်းဝယ်ယူမှုများ ။ ။ Dynamic Yield လို ကုမ္ပဏီတွေကို ဝယ်ယူပြီး ဖောက်သည်တွေရဲ့ အတွေ့အကြုံကို မြှင့်တင်ကာ ဝင်ငွေလမ်းကြောင်းအသစ်တွေကို ဖွင့်လှစ်ပါတယ်။  ဥပမာ: Dynamic Yield ကို ဝယ်ယူပြီး McDonald’s App ထဲမှာ AI-based personalized menu recommendations ထည့်သွင်းပါတယ်။

  • ကျန်းမာရေး စီမံချက်များ ။ ။ McPlant Burger လို အပင်အခြေခံပစ္စည်းတွေနဲ့ သက်သတ်လွတ်စားသောက်သူတွေကို ဖြည့်ဆည်းပေးပါတယ်။  ဥပမာ: Germany မှာ McPlant Burger ကို vegan lifestyle ကို ဖြည့်ဆည်းဖို့ မိတ်ဆက်ပါတယ်။

နိဂုံး

            မက်ဒေါ်နယ်ရဲ့ Ansoff Matrix ကို ထိရောက်စွာ အသုံးပြုမှုဟာ သူ့ရဲ့ မဟာဗျူဟာမြော်မြင်မှုနဲ့ လိုက်လျောညီထွေရှိမှုကိုပြသနေပါတယ်။ ဈေးကွက်ထိုးဖောက်ဝင်ရောက်မှု, ဈေးကွက်ဖွံ့ဖြိုးရေး, ထုတ်ကုန်ဆန်းသစ်မှု နဲ့ စုံလင်ကွဲပြားရေး တို့ကို အဓိကထားခြင်းအားဖြင့် မက်ဒေါ်နယ်ဟာ သူ့ရဲ့ကြီးထွားမှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အမြန်စားသောက်ဆိုင်တွေရဲ့ ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီမဟာဗျူဟာဘောင်အတွင်းက တိကျတဲ့ဗျူဟာတွေကို အသုံးပြုခြင်းဟာ မက်ဒေါ်နယ်ကို ဖောက်သည်တွေရဲ့ စိတ်ကြိုက်လိုအပ်ချက်တွေနဲ့ ဈေးကွက်အလားအလာတွေကို တုံ့ပြန်နိုင်အောင် ကူညီပေးပါတယ်။ အနာဂတ်မှာလည်း မက်ဒေါ်နယ်ဟာ Ansoff Matrix ကို အသုံးပြုပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းကာ အခွင့်အလမ်းတွေကို အသုံးချပြီး ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးလောကထဲမှာ ရေရှည်အောင်မြင်မှုကို ဆက်လက်ဖော်ဆောင်သွားမှာ သေချာပါတယ်။

Rahman, M. (2021). Ansoff Matrix in McDonald’s (McDonald’s Growth Strategy). [online] howandwhat. Available at: https://www.howandwhat.net/ansoff-matrix-mcdonalds-growth-strategy/.


Thwe Thwe Aye

B. Com (Q), M. Com (MEUE