လူတစ်ဦးချင်းစီအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါပုံ
ကျွန်မတို့ လူတိုင်းလူတိုင်းမှာ ကိုယ်ကျွမ်းကျင်ရာ လုပ်ကိုင်ကြတဲ့ အသက်မွေးဝမ်းကျောင်းပညာ အလုပ်လုပ်ကိုင်ရာ လုပ်ငန်းကိုယ်စီ ရှိကြပါတယ်။ တချို့ကတော့ ဝါသနာနဲ့ လက်တွေ့အလုပ်က တစ်ထပ်တည်း ကျတဲ့ သူတွေရှိသလို တချို့ကလည်း ဝါသနာကသပ်သပ်၊ ကိုယ့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကသပ်သပ် လုပ်ကိုင်ရတာရှိပါတယ်။ ဘယ်လိုပဲ အသက်မွေးဝမ်းကျောင်း ပြုကြပါစေ၊ လူတိုင်းမှာရှိထားတဲ့ ကိုယ်ပိုင်ရှိရင်းစွဲ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေက ကိုယ်စီရှိတတ်ကြပါတယ်။ သို့ပေမဲ့ လူတော်တော်များများဟာ လုပ်ငန်းခွင်ဝင်ပြီး နောက်ပိုင်းမှာ လုပ်သက်လည်း အနည်းငယ်ရှိလာပြီ၊ လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အနည်းငယ်သိလာပြီဆိုရင် ကိုယ်တိုင်ကသင်ယူစရာတွေ အားလုံးတတ်မြောက်သွားကြပြီထင်ပြီး ထပ်ပြီး လေ့လာစရာ မလိုတော့ဘူးလို့ပဲ တွေးနေတတ်ကြပါတယ်။
တကယ်က ကျွန်မတို့တစ်တွေမှာ သင်ယူစရာတွေ အများကြီးရှိနေတာကို မေ့ထားလို့မရပါဘူး။ အထူးသဖြင့် သင်ကြားရေး ဝန်ဆောင်မှုလုပ်ဆောင်နေတဲ့ သင်ကြားရေး ဆရာ၊ ဆရာမများအနေနဲ့ continuous learning လုပ်ပြီး Personal and Professional Development အမြဲရှိနေအောင် လုပ်နေဖို့ အရမ်းလိုအပ်ပါတယ်။ တချို့လူတွေဟာ Personal development နဲ့ Professional Development မှာ ဘယ်ဟာ ပိုအရေးကြီးလဲ အမြဲတမ်း တွေးနေတတ်ပါတယ်။ ကျွန်မအမြင်မှာတော့ (၂) ခုလုံးက အရေးကြီးပြီး လိုအပ်ပါတယ်။ (၂) ခုလုံးကို ကိုယ့်ရဲ့ Career life မှာ ကိုယ်နဲ့တစ်ပါတည်း တွဲပြီးလုပ်နိုင်ရင် အကောင်းဆုံးပါ။
သင်ကြားရေးမှာ တာဝန်ယူနေရတဲ့ ဆရာတစ်ယောက်အနေနဲ့ ကိုယ်သင်ကြားတဲ့ ဘာသာရပ်များနဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်ဖို့လည်းလိုသလို ခေတ်အလိုက်ပြောင်းလဲ တိုးတက်နေတဲ့ ပညာရပ်များကိုလည်း လိုက်လျောညီထွေစွာ လိုက်ပြီး လေ့လာနေဖို့ လိုပါသေးတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာနဲ့ ပုဂ္ဂိုလ်ရေးအရ မြှင့်တင်ဖို့ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်များကို ဆိုလိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ စွမ်းဆောင်ရည်တိုး တက်ဖို့ စိတ်နေသဘောထား၊ အချိန်စီမံခန့်ခွဲမှု၊ အတွေးအခေါ်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ self-awareness ကောင်းစွာရှိခြင်း၊ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းကိုင်တွယ်နိုင်ခြင်းအတွက် မိမိရဲ့ ကိုယ်ရည်ကို ယ်သွေးများကို မြှင့်တင်ပြီး ပြည့်စုံလာအောင် မွေးမြူခြင်းတို့ ပါဝင်ပါတယ်။ အရင်ဆုံး Personal Development အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေ အများကြီးထဲမှ တချို့အချက်လေး တွေကို ဆွေးနွေးသွားပေးပါ့မယ်။
Set Discovery ။ ။ ကျွန်မတို့ဘဝမှာ ကိုယ်ဘာတွေ ဖြစ်ချင်လဲ၊ နောက် (၅) နှစ်လောက်မှာ ငါဘာဖြစ်ချင်လဲဆိုတာ သေချာစဥ်းစားပြီး ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို သေချာသိသွားပြီဆိုရင် အဲ့ရည်မှန်းချက်ကို ရောက်အောင် ဘယ်လိုသွားမယ်ဆိုတာ သေချာတိကျစွာသိနေဖို့ လိုအပ်ပါတယ်။ မိမိရဲ့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ အားသာချက်တွေကိုလည်း သိအောင်လုပ်ဖို့ လိုပါတယ်။
Hold Yourself Accountable ။ ။ လူတွေရဲ့ သဘောသဘာဝက ရည်မှန်းချက်တစ်ခုချပြီဆိုရင် အစမှာ အမြဲတက်ကြွသလောက် နောက်ပိုင်းတွေမှာ အစကလောက်မတက်ကြွတော့သလို လုပ်ကိုင်နိုင်စွမ်းတွေ ကလည်း ကျလာပါတယ်။ အဲ့ဒီအတွက် မိမိကိုယ်ကိုယ် တာဝန်သေချာစွာယူပြီး အစမှာတုန်းက တက်ကြွမှုအတိုင်း အမြဲဖြစ်နေဖို့ တောက်လျှောက်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့ဆိုတာ မလွယ်ကူနေပေမယ့် ပန်းတိုင်ကို သေချာပေါက်ရောက်အောင် သွားဖို့ဆိုတဲ့အသိနဲ့ Self-Disciplines ကောင်းများထားပြီး သေချာစွဲမြဲစွာ လုပ်နေဖို့ လိုအပ်ပါတယ်။
Personal Growth ။ ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်လာဖို့က ရှိရင်းစွဲ အရည်အချင်းကိုပဲ ပိုတိုးတက်အောင် လုပ်နေရုံနဲ့ မရပါဘူး။ ပညာရပ်အသစ်တွေကို လေ့လာတာ၊ ဝါသနာအသစ်တွေအတွက် အချိန်ပေးတာ၊ ကိုယ့်ရဲ့ လိုအပ်နေတာအတွက် ထပ်မံဖြည့်တင်းတဲ့အနေနဲ့ စာအုပ်တွေဖတ်တာ၊ သင်တန်းတွေတက်တာတွေပါ လုပ်ဆောင်သင့်ပါတယ်။ မတူညီတဲ့ ဘာသာရပ်၊ သင်တန်းတွေတက်ခြင်းက အရင်ကနဲ့မတူညီတဲ့ အတွေးအခေါ် အယူအဆ၊ ရှုထောင့်တွေကနေ လောကကြီးကို မြင်လာနိုင်ပါတယ်။ ကျွန်မ ကြားဖူးတဲ့ အကြောင်းအရာလေး တစ်ခုက လူတွေက မတူညီတဲ့ Language တစ်ခုကို လေ့လာခြင်းဖြင့် အဲ့လူမျိုးတွေရဲ့ အတွေး အခေါ်တွေ၊ ဓလေ့တွေနဲ့အတူ အဲ့နိုင်ငံအကြောင်း၊ အဲ့ဒီနိုင်ငံက လူတွေရဲ့ စီးပွားရေးအမြင်တွေကိုပါ လေ့လာပြီးသားဖြစ်တဲ့အတွက် ဘာသာစကားတွေလေ့လာခြင်းကနေ ကောင်းကျိုးတွေ ရလာနိုင်တယ်လို့ ပြောကြပါတယ်။
Communication ။ ။ ကျွန်မတို့ လူ့အသိုင်းအဝိုင်းနဲ့ နေတာဖြစ်လို့ တစ်ဦးတစ်ယောက်တည်း နေလို့ မရပါဘူး။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေရင်းနဲ့ ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းတယ် ဆိုရင် ဒီအချက်ကို ချန်ထားခဲ့လို့ မရပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်မှန်း သိနေပြီဆိုရင်လည်း ပေါင်းသင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်လာအောင် လူအများကြီးကြားမှာ ကိုယ်ဟာ ပြောဆိုဖို့ အားနည်း နေရင်တောင် ကိုယ်နဲ့တိုက်ရိုက်ပတ်သက်ရတဲ့ ပတ်ဝန်းကျင်မှာ Communication ရလာအောင် အရင်ကြိုးစားကြည့်တာတို့ လုပ်သင့်ပါတယ်။
ခုပြောသွားတဲ့ အချက်တွေဟာ Personal Development ရရှိဖို့ အချက်အလက်အကုန်တော့ မဟုတ်သေးပါဘူး။ ထပ်ပြီးလုပ်ဖို့တွေ အများကြီး ကျန်ပါသေးတယ်။ Self-Reflection ဆိုတဲ့ ကိုယ်ပြောင်းလဲခဲ့တဲ့ အရာတွေပေါ်မှာ ပြန်လည်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့ အကျင့်လေးတွေကိုလည်း လုပ်သင့်ပါသေးတယ်။ Personal Development လုပ်ခြင်းကနေပြီး ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါသေးတယ်။ ကိုယ်တိုင်ရဲ့တန်ဖိုးနဲ့ လုပ်နိုင်စွမ်းတွေကို ပိုမိုသိလာပြီး ကိုယ့်ရဲ့ တာဝန်ယူမှုတွေကို ပိုသိလာတဲ့အတွက် မိမိကိုယ်ကိုယ် စိတ်ကျေနပ်ခြင်းတွေ ရရှိလာနိုင်ပါတယ်။ နောက်ထပ် ကြုံတွေ့ရမယ့် စိန်ခေါ်မှုအသစ်တွေအတွက်လည်း တက်ကြွစွာ လုပ်ကိုင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် တိုးတက်အောင်လုပ်ရင်း အခွင့်အလမ်း အသစ်တွေကိုလည်း ဖမ်းဆုတ်နိုင်မှာဖြစ်ပြီး အရင်ကထက် ပိုကောင်းမွန်တဲ့ ကိုယ်ကိုယ်တိုင်တောင် အံ့သြရတဲ့ “ Better You” ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း Personal & Professional Development ကို တစ်ပြိုင်တည်း လက်တွေ့ လုပ်ကိုင်နေတဲ့သူဖြစ်တဲ့အတွက် လုပ်နေရင်းနဲ့ လက်တွေ့ တချို့အမြင်လေးတွေကို ပြောပြပေးထားတာပါ။ ကျွန်မရဲ့ “Higher Self” မှာ ကျွန်မမြင်ချင်တဲ့၊ ဖြစ်ချင်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လောလောဆယ်မှာ Personal Development အတွက် ဖြည့်တင်းနေရတဲ့ အချက်တွေရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပြီး အသေးစိတ်တွေကအစ self-care, self-disciplines တွေ အများကြီး သေချာပြင်ဆင်ပြီး လုပ်ရတဲ့အတွက် လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်နှစ်ဘယ်လောက်မှာ ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက် ဖြစ်နေမှာ ဆိုတဲ့အတွေးနဲ့ ကြိုးစားမှုတွေအတွက်၊ အမြဲကျေနပ်တဲ့ရလဒ်တွေကို ပိုင်ဆိုင်နေရတဲ့အတွက် ပျော်ရွှင်နေရပါတယ်။ နောက်လအတွက် Article မှာ ခုရေးတဲ့ ခေါင်းစဥ်နဲ့ ဆက်စပ်တဲ့ Professional Development အကြောင်းကို ထပ်မံရေးပေးသွားမှာ ဖြစ်ပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
7 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
7 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
