လုပ်ငန်းရှင်တွေက သူတို့ဝန်ထမ်းတွေကို AI နဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေ သိဖို့လိုလားကြသလဲ?
San Francisco အခြေစိုက် ဆော့ဝဲလ်ကုမ္ပဏီ Deel မှ Nadia Alaee နဲ့ သူ့ရဲ့ HR အဖွဲ့ဟာ အခုဆိုရင် အလုပ်ခန့်ရာမှာ Artificial Intelligence (AI) ကို အသုံးပြုနိုင်တဲ့သူတွေကိုသာ ရှာဖွေပြီး ခန့်ထားလျက်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ ဝန်ထမ်းများ ရုံးတက်ရုံးဆင်းမှုကို AI အသုံးပြုပြီး အချိန်သက်သာစွာ ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်နိုင်ကြောင်းကို ပြောပြထားပါသေးတယ်။ HR အဖွဲ့ထဲမှာတင်မဟုတ်ဘဲ ကုမ္ပဏီရဲ့ တခြားနည်းပညာ အသုံးပြုရတဲ့ လုပ်ငန်းနေရာများသာမက နည်းပညာအသုံးမပြုရတဲ့ လုပ်ငန်းနေရာများမှာလည်း AI ဆော့ဝဲလ်ကို အသုံးပြုဖူးတဲ့သူတွေကို ပိုပြီး အလိုရှိကြပါတယ်။ ၂၀၂၂ ခုနှစ် နောက်ပိုင်း AI နည်းပညာရဲ့ နောက်ဆုံးပေါ်သက်ရောက်မှု အကြီးဆုံးလှိုင်းမှာ အခကြေးငွေပေးစရာမလိုတဲ့ အများပြည်သူ အသုံးပြုနိုင်တဲ့ ChatGPT ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြိုင်ဘက်များ တိုးလာကာ Google ရဲ့ Bard နဲ့ Anthropic မှ Claude တို့ကလည်း Chat GPT ရဲ့ ပြိုင်ဘက်များအဖြစ် ရှိနေပါသေးတယ်။
AI ဟာဆိုရင် အကြောင်းအရာမျိုးစုံ (ကွန်ပျူတာကုဒ်မှအစ အနုပညာလက်ရာ၊ စာစီစာကုံး) အထိ အကြောင်း အရာများကို ထုတ်ပေးနိုင်ပါတယ်။ ထွက်ရှိလာတဲ့ အချက်အလက်များမှာ အပြည့်အစုံတော့ အားလုံးအမြဲ မမှန်နိုင်ပါဘူး။ သို့ပေမဲ့ အကုန်အကျသက်သာခြင်းနဲ့ အကြောင်းအရာ၊ အချက်အလက်ထုတ်လုပ်ဖို့ လွယ်ကူမှု ရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုဖို့ ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။ LinkedIn မှ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ကမ္ဘာအနှံ့ AI ဒါမှမဟုတ် AI ကိုအသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း စသည်တို့ ဖော်ပြထားတဲ့ အလုပ်ခေါ်စာများမှာ ပြီးခဲ့တဲ့ ၂ နှစ်ထက် (၂) ဆ ပိုများလာကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် UK ဝန်ထမ်း (၅) ယောက်မှ (၂) ယောက် (၃၈) ရာခိုင်နှုန်းဟာ AI ကြောင့် လာမယ့်နှစ်မှာ သူတို့ရဲ့ အလုပ်အကိုင်များ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုးရှိလာလိမ့်မယ်လို့ LinkedIn က တွေ့ရှိထားပါတယ်။
ServiceNow ဆော့ဝဲလ်ကုမ္ပဏီရဲ့ အစီရင်ခံစာအရ ရုံးအလုပ်သမား (၄၁) ရာခိုင်နှုန်းက နည်းပညာတတ်ကျွမ်းမှုနဲ့ AI စနစ်များ အသုံးပြုမှုမရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ AI ဟာ နေ့စဉ်လုပ်ကိုင်နေကျ အလုပ်မှ ငြီးငွေ့ဖွယ်ရာအလုပ်များကို ဖယ်ရှားပေးဖို့ ကူညီနိုင်ပြီး အလုပ်လုပ်ကိုင်နိုင်မှု စွမ်းရည်တိုးတက်ကာ နည်းဗျူဟာ ရေးဆွဲခြင်း၊ ဖန်တီးမှုနဲ့ဆိုင်တဲ့ အလုပ်များအတွက် အချိန်ကိုပိုပြီး ပေးနိုင်မှာဖြစ်ပါတယ်။
အသေးစားလုပ်ငန်းများအတွက် AI သုံးခြင်းက ပိုပြီးထိရောက်ပါတယ်။ ဝန်ထမ်း (၁၆) ယောက်ဖြင့် လည်ပတ် လျက်ရှိတဲ့ UK အွန်လိုင်း ပရိဘောဂ Website ufurnish.com ရဲ့ Chief Executive ဖြစ်သူ Deirdre McGettrick က “လျင်မြန်စွာတိုးတက်နေပြီး အစောပိုင်းအခြေအနေရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အကြီးမားဆုံး အကန့်အသတ် ဖြစ်နေတဲ့ အရာ (၂) ခုမှာ အချိန်နဲ့ရင်းမြစ် ဖြစ်ပါတယ်။ AI ကို အသုံးပြုပါက စီးပွားရေးတစ်ခုဟာ သူ့ရဲ့ရင်းမြစ်များကို တိုးစရာမလိုဘဲ လျင်မြန်တဲ့အရှိန်ဖြင့် ရှေ့ကိုရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူက AI ကို ရည်ရွယ်ချက် (၂) မျိုးအတွက် အသုံးပြုပါတယ်။ ပထမတစ်ခုက Website မှာ တင်ဖို့အတွက် အကြောင်းအရာများကိုရေးသားရာမှာ အပြင်ကလူကို ပိုက်ဆံပေးကာ ရေးသားခိုင်းခြင်းမဟုတ်ဘဲ လုပ်ငန်းအတွင်းရှိပြီးသော အသင်းသားကို ChatGPT သုံးကာ ရေးသားခိုင်းပြီး အဲ့ဒီရေးသားချက်ကို တခြားအဖွဲ့ဝင် တစ်ယောက်ကို Website ပေါ်သို့ မတင်ခင် စစ်ဆေးစေပါတယ်။
ဒုတိယတစ်ခုမှာ Software Development အတွက် ဖြစ်ပါတယ်။ သူက AI ကိုသုံးပြီး Code ရေးနိုင်တဲ့ Software Engineering များကိုသာ အလုပ်ခန့်ထားဖို့ ဆန္ဒရှိပါတယ်။ AI tool တွေကို လုပ်ငန်းတော်တော်များများက အစီအရင်ခံစာများ ရေးသားခြင်း၊ မေးခွန်းများကို အတွင်းကျကျ အသေးစိတ်ပြန်လည်ဖြေဆိုခြင်းနဲ့ အရေးအသား များအပေါ် ပိုမိုယုံကြည်မှု ရှိစေဖို့အတွက် အသုံးပြုကြပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ ကိုယ်ပိုင်လုပ်ကိုင်နိုင်မှု နည်းပါးခြင်းပဲ ဖြစ်ပါတယ်။ LinkedIn ရဲ့ဖော်ပြချက်အရ UK နိုင်ငံမှာရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းများရဲ့ (၃) ပုံ (၂) ပုံမှာ သူတို့ရဲ့ လုပ်ငန်းရှင်များမှ AI အသုံးပြုမှု သင်တန်း ဒါမှမဟုတ် လမ်းညွှန်ချက်များကို ယခုထိ မရရှိသေးကြပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေဟာ သူတို့လိုအပ်တဲ့ AI အတတ်ပညာပိုင်းကို ဘယ်လိုရရှိနိုင်မလဲ။
ပထမဦးစွာ Online မှာ အခကြေးငွေ ပေးစရာမလိုတဲ့ Tool များကို စမ်းသပ်ကြည့်ပါ။ အဲ့ဒီ AI tool များကို သုံးတတ်အောင် ကြိုးစားကြည့်ပါ။ နောက်ပြီး စမ်းသပ်မေးခွန်းများ မေးကြည့်ကာ ဘာထွက်လာသလဲဆိုတာကို ဖတ်ကြည့်ပါ။ AI tool အမျိုးအစားများကို နားလည်စေဖို့နဲ့ အသုံးပြုမှုတွေကို လေ့လာနိုင်တဲ့ Online သင်တန်းများစွာ ရှိပါတယ်။ သီးခြားအလုပ်အကိုင်အမျိုးအစားများအတွက်လည်း စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်တဲ့ သင်တန်း များလည်း ရှိပါသေးတယ်။ ဒါပေမဲ့ AI tool များကို သင်ယူဖို့မလုပ်ခင် စီးပွားရေးခေါင်းဆောင်များနဲ့ ဝန်ထမ်းများဟာ သူတို့ ဘာကြောင့် AI ကို အသုံးပြုသင့်သလဲဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။
“ကျွန်ုပ်တို့ လုပ်ငန်းကိစ္စတွေကို ဘယ်လိုမြန်ဆန်အောင်လုပ်မလဲ” ဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါ မေးနေတာထက် “ကျွန်ုပ်တို့ဟာ လုပ်ငန်းကိစ္စတွေကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ မေးခွန်းကိုသာ ဦးတည်ပြီး AI နဲ့ Hybrid Human ဖြစ်တဲ့ AI အင်အားမှ ရရှိတဲ့ ကောင်းကျိုးကို စီမံဖို့ နည်းလမ်းရှာသင့်ပါတယ်။
www.bbc.com/news/business မှ Sooraj Shah (Technology of Business reporter) ရေးသားထားတဲ့ What do employers expect staff to know about AI? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program)
Chiang Mai University, Thailand
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
