လုပ်ငန်းခွင်နဲ့ စိတ်ကျန်းမာပျော်ရွှင်မှု

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာပျော်ရွှင်မှု တိုးတက်မှုရှိအောင်ဆောင်ရွက်ခြင်းဟာ ယနေ့ခေတ်လုပ်ငန်း အဖွဲ့အစည်းများအတွက် အရေးပါတဲ့အကြောင်းအရာတစ်ခုအဖြစ် အသိအမှတ်ပြုလာကြပါတယ်။ စိတ် ကျန်းမာရေးပျော်ရွှင်စေခြင်းဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဘဝတွေမှာသာမက၊ လုပ်ငန်းအဖွဲ့အစည်းများအတွင်း ထုတ်လုပ်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ စီးပွားရေးအရ အောင်မြင်မှုများကို တိုက်ရိုက်သက်ရောက်မှုရှိလာစေပါတယ်။ အထူးသဖြင့်တော့ အိမ်ကနေမှအလုပ် လုပ်ရသူတွေ၊ သီးသန့် project တွေမှာ လုပ်ကိုင်နေရသူတွေအတွက် ဒီလိုစိန်ခေါ်မှုတွေဟာ ပိုမို မြင့်တက်လျက်ရှိပါတယ်။ ဒါကြောင့် ဝန်ထမ်းများအတွက် စိတ်ဖိစီးမှုလျော့နည်းစေရန်နဲ့ ပျော်ရွှင် ကျန်းမာစွာ အလုပ်လုပ်ကိုင်နိုင်စေရန်အတွက် လုပ်ငန်းအဖွဲ့အစည်းများအနေနဲ့ စိတ်ကျန်းမာရေး အားလပ်ရက်များထားရှိပေးဖို့ စဉ်းစားလာကြပါတယ်။

 

ကုမ္ပဏီများအနေနဲ့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများရဲ့ စိတ်ပျော်ရွှင်ကျန်းမာမှုကို အဓိကဦးစားပေး လာရတဲ့အကြောင်းရင်းများ 

၁။ Covid 19 ကပ်ရောဂါအလွန် စိတ်ဖိစီးမှုများမြင့်တက်လာခြင်း 

CFO Daily သတင်းစာမှာ အမေရိကန်နိုင်ငံရှိ ဝန်ထမ်းများရဲ့လေးပုံသုံးပုံခန့်ဟာ Generation Z များဖြစ် ကြပြီး ယင်းတို့မှ ၈၀% သောဝန်ထမ်းတွေဟာ အလယ်အလတ်မှအမြင့်ဆုံးအခြေအနေ စိတ်ဖိစီးမှုများ ကိုခံစားနေကြရတယ်လို့ ဖော်ပြထားမှုရှိခဲ့ပါတယ်။

၂။ ဝန်ထမ်းများ၏ဖိအားပေးလာမှု

American Psychological Association ရဲ့ ၂၀၂၂ ခုနှစ် လုပ်ငန်းခွင်နှင့် ဝန်ထမ်းများအကျိုးစီးပွားဆိုင်ရာ အစီရင်ခံစာအရ ဝန်ထမ်းများရဲ့ ၈၁% ခန့်ဟာ လုပ်ငန်းခွင်အတွင်းစိတ်ပျော်ရွှင်ကျန်းမာစေဖို့ အဓိကထား လုပ်ဆောင်ပေးကြတဲ့ လုပ်ငန်းခွင်တွေကိုသာရွေးချယ်မယ်လို့ ဆိုကြပါတယ်။ 

၃။ လုပ်ငန်းများရဲ့ စီးပွားရေးရလဒ်များအပေါ် သက်ရောက်မှုရှိလာမှု

အမေရိကန်ဆိုင်ရာ စိတ်ရောဂါအထူးကုဆရာဝန်များအဖွဲ့ရဲ့မှတ်တမ်းအရ လုပ်ငန်းခွင်အတွင်း မဖြေရှင်း နိုင်သေးသောစိတ်ဖိစီးမှုများကြောင့် ထုတ်လုပ်မှုစွမ်းအား ၃၅% လျော့ကျလာစေပြီး၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို နှစ်စဉ် ဒေါ်လာ ၂၁၀.၅ဘီလီယံ ဆုံးရှုံးမှု ဖြစ်ပွားစေလျက်ရှိတယ်လို့ဆိုကြပါတယ်။

 

လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်ကျန်းမာစေရေး ပံ့ပိုးပေးနိုင်စေဖို့ ကျွမ်းကျင်သူများ၏အကြံပြုချက်များ

လုပ်ငန်းအဖွဲ့အစည်းများအတွင်း စိတ်ပျော်ရွှင်ကျန်းမာရေးအတွက် အားလပ်ရက်များပေးခြင်းဟာ ရုပ် ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်းများအတွက်ပေးတဲ့ အားလပ်ရက်များကဲ့သို့ အရေးကြီးလာကြပါတယ်။ ဒီလိုအားလပ်ရက်ပေးခြင်းတွေဟာ စိတ်ဖိစီးမှုလက္ခဏာတွေ ပိုမိုဆိုးရွားလာမှုမရှိစေဖို့၊ ထုတ်လုပ်မှု စွမ်းအားကိုထိန်းသိမ်းနိုင်စေဖို့နဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုမရှိစေဖို့ အ ကာအကွယ်ပေးပါတယ်။ 

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအချင်းချင်း ဆက်ဆံရေးကောင်းမွန်ခြင်းဟာ စိတ်ပျော်ရွှင်ကျန်းမာစေဖို့ အတွက် အရေးပါတဲ့အခန်းကနေ ပါဝင်နေပါတယ်။ မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ မိတ်ဆွေရင်းချာများနီးတူ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များအကြားရင်းနှီးမှုကလည်း ဝန်ထမ်းများရဲ့ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

 

ဝန်ထမ်းရေးရာကျွမ်းကျင်သူများရဲ့အကြံပြုချက်များ

ဝန်ထမ်းရေးရာကျွမ်းကျင်သူများက လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးပျော်ရွှင်ရေး ထောက်ပံ့မှုအပေါ် အထူးသတိထားဆောင်ရွက်ကြဖို့လိုအပ်ကြောင်း အကြံပြုချက်အမျိုးမျိုးပေးထားကြပါတယ်။

  • စိတ်ကျန်းမာရေးဆိုင်ရာအချက်အလက်များကို လုပ်ငန်းအဖွဲ့အစည်းများဘက်မှ လျှို့ဝှက်စွာစု စည်းထားကြရန်။
  • EAP (Employee Assistance Program) ဝန်ထမ်းများအား အထောက်အပံ့ပေးရေးပရိုဂရမ်ကဲ့သို့ သော ဝန်ဆောင်မှုများကို လုပ်ငန်းခွင်အတွင်း ပိုမိုအသုံးပြုလာစေရန်။
  • သက်ဆိုင်ရာဌာနမန်နေဂျာများအား လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများရဲ့ စိတ်ကျန်းမာပျော်ရွှင် ရေးဆိုင်ရာကိစ္စရပ်များအပေါ် အသိအမှတ်ပြုပြီး ဝန်ထမ်းများအားအကူအညီပေးနိုင်တဲ့ စကား ဝိုင်းများပြုလုပ်နိုင်စေဖို့ လေ့ကျင့်သင်ကြားပေးနိုင်မယ့် leadership training program အုပ်ချုပ် မှုပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများပြုလုပ်လာကြရန်

အကြံပြုထားကြပါတယ်။

 

ဥပဒေပညာရှင်များရဲ့သတိပေးလမ်းညွှန်ချက်များ

ဥပဒေပညာရှင်များဘက်မှ ADA (Americans with Disabilities Act) နှင့် FMLA (Family and Medical Leave Act) တို့ဖြင့် စိတ်ကျန်းမာရေးပြဿနာများကို ထိရောက်စွာအကာအကွယ်ပေးရန် ဥပဒေရေးရာ ကာကွယ်မှုများ ထားရှိပေးထားကြပါတယ်။ ADA (Americans with Disabilities Act) ဟာ စိတ် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်ရှိသူတွေကို လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံမှုမှကာကွယ်ပေးပြီး သင့် လျော်တဲ့ညှိနှိုင်းမှုများပြုလုပ်ပေးဖို့ လမ်းညွှန်ထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ မိသားစုနှင့်ဆေးဘက်ဆိုင် ရာအားလပ်ရက်အက်ဥပဒေ (FMLA) အရ ဝန်ထမ်းများဟာ စိတ်ကျန်းမာရေးကုသမှုခံယူရန် သို့မဟုတ် ဝန်ထမ်းမိသားစုဝင်များရဲ့ စိတ်ကျန်းမာရေးကုသမှုခံယူရန် လိုအပ်မှုများအတွက် အားလပ်ရက်များ ရယူ ပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။  အလုပ်ရှင်များအနေနဲ့ ဝန်ထမ်းများရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက် များကို လျှို့ဝှက်စွာထားရှိဖို့လိုအပ်တယ်လို့လည်း ဥပဒေပညာရှင်များက လမ်းညွှန်မှုပေးထားပါတယ်။

 

ဒီလိုအပြောင်းအလဲလိုအပ်မှုတွေဟာ corporate ယဉ်ကျေးမှုကို ပြောင်းလဲနိုင်မည်လား။

ယခုလို စိတ်ကျန်းမာပျော်ရွှင်မှုဆိုင်ရာအရေးထားမှုများဟာ ယခင်ကလုပ်ဖူးခဲ့တဲ့ လုပ်ငန်းခွင်ပြုပြင် ပြောင်းလဲမှုတွေဖြစ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းများ သို့မဟုတ် ကျားမနှင့် လူမျိုး ရေးခွဲခြားမှုဆန့်ကျင်ရေး ဥပဒေများကဲ့သို့ပင် အရေးကြီးသော ပြောင်းလဲမှုတစ်ခုဖြစ်လာပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ U.S. Surgeon General ကထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာ ပျော်ရွှင်ရေးနဲ့ ဝန်ထမ်းများတိုးတက်ရေးအတွက်လမ်းညွှန်ချက်ဟာ ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာပျော်ရွှင်ရေးအရေးကြီးကြောင်း အစိုးရအဆင့်မှလည်း စနစ်တကျအာရုံစိုက်မှုလိုအပ် ကြောင်း ပထမဆုံးအကြိမ်အနေနဲ့ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ စတင်ကြုံတွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာပျော် ရွှင်ရေးအပေါ် စိန်ခေါ်မှုများယူဆောင်လာခဲ့ပြီး ဒီအခြေအနေကဘဲ စိတ်ကျန်းမာရေးထောက်ပံ့မှုများအား cooperate အသိုင်းအဝိုင်းမှ ပိုမိုလက်ခံလာစေဖို့ အရှိန်အဟုန်မြှင့်တင်ပေးခဲ့ပါတယ်။ ယခင်က ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ ဆယ်စုနှစ်များစွာကြာမြင့်လေ့ရှိပေမယ့်လည်း  ယခုမျက်မှောက်ကာလ မှာတော့ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ ပြောင်းလဲမှုများလိုအပ်လျက်ရှိကြောင်းကို နှစ်အနည်းငယ်အတွင်းမှာဘဲ လူသိများပြီး အသိအမှတ်ပြုလာခဲ့ကြပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်တွင်း စိတ်ကျန်းမာပျော်ရွှင်ရေး ပူးပေါင်းဆောင်ရွက်မှုများ

ကမ္ဘာတစ်ဝှမ်းရှိအဖွဲ့အစည်းများဟာ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာပျော်ရွင်မှုရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါတယ်။ World Economic Forum ရဲ့  Healthy Workforces Initiative မှာ ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းပေါင်း 50 ကျော် ပါဝင်လှုပ်ရှားခဲ့ပါတယ်။  Unilever ကဲ့သို့သော ကုမ္ပဏီကြီးတွေမှာ Chief Health and Well-being Officer လို အဆင့်မြင့်ရာထူးတွေဖန်တီးပြီး ခန့်အပ် လာကြပါတယ်။

 

အချုပ်အနေနဲ့ပြောရရင် လုပ်ငန်းခွင်တွင်းစိတ်ကျန်းမာပျော်ရွှင်ရေးဟာ လုပ်ငန်းအဖွဲ့အစည်းများရဲ့ ဝန် ထမ်းစောင့်ရှောက်မှုပုံစံကို အခြေခံကစပြီးပြောင်းလဲလျက်ရှိပါတယ်။ ဒီလိုပြောင်းလဲလာတဲ့မူဝါဒတွေဟာ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ဝန်ထမ်းထိန်းသိမ်းနိုင်မှုတိုးတက်မြင့်မားလာခြင်းနဲ့ စွမ်း ဆောင်ရည်မြင့်မားလာခြင်းတို့ကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့်လည်း အနာဂတ်ကာလလုပ်ငန်း ခွင်တစ်ခုအတွက်  ဝန်ထမ်းများရဲ့ စိတ်ကျန်းမာပျော်ရွှင်ရေး အထောက်အပံ့ပေးမှုများဟာ မဖြစ်မနေလို အပ်လာမှာဖြစ်ပါတယ်။

Reference

https://fortune.com/2023/10/04/gen-z-millennial-workers-stressed-out-alight-research/

https://www.apa.org/pubs/reports/work-well-being/2022-mental-health-support https://executive.berkeley.edu/thought-leadership/blog/impacts-poor-mental-health-business

https://thriveworks.com/blog/psychologists-therapists-mental-health-days/

https://www.apa.org/pubs/reports/work-in-america/2023-workplace-health-well-being

https://pmc.ncbi.nlm.nih.gov/articles/PMC8631150/

https://www.forbes.com/councils/forbeshumanresourcescouncil/2024/03/22/a-psychologists-perspective-on-redefining-mental-health-at-work/

https://globalpeoplestrategist.com/laws-that-make-mental-health-a-priority-for-employees-in-the-united-states/

https://medcircle.com/articles/the-legal-landscape-of-workplace-mental-health/

https://www.apa.org/pubs/reports/work-in-america/2023-workplace-health-well-being

https://hbr.org/2021/10/its-a-new-era-for-mental-health-at-work

https://www.weforum.org/stories/2024/06/how-business-can-lead-a-global-response-to-the-mental-health-crisis/

https://www.imd.org/ibyimd/human-resources/5-trends-shaping-the-future-of-workplace-health/

May Ye Myint Zon

BBM (Q),BA (Eng), MBA (YUE)