လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အပေါ်သက်ရောက်မှုများ

ယနေ့ခေတ် ပြောင်းလဲတိုးတက်နေတဲ့ လုပ်ငန်းခွင်များမှာ ခေါင်းဆောင်များက hybrid/flexible (ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့/ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့) စီစဉ်မှုများ၊ လူတိုင်းပါဝင်နိုင်တဲ့ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ဖန်တီးဖို့အတွက် အာရုံစိုက်နေကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်အများစုက သေချာအာရုံမစိုက်မိတဲ့ အချက်ကတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာစွာ ပြသပေးဖို့ပဲဖြစ်ပါတယ်။ ဝန်ထမ်းများက ဘယ်အရာတွေပေါ်မှာ အလေးထားဖြစ်ပျက်နေတယ်၊ ဆုံးဖြတ်ချက်ချတယ် ဆိုတာကို သိလိုပြီး မိမိတို့က ပြဿနာဖြေရှင်းရာမှာ ဘယ်လိုပုံစံနဲ့ပါဝင်နေသလဲကို သိလိုစိတ်ပြင်းပြကြပါတယ်။

Slack ရဲ့ သုတေသနပြုချက်များအရ ဝန်ထမ်း ၈၀% ကျော်က ဆုံးဖြတ်ချက်များ မည်သို့ချမှတ်ကြောင်း ကို ပိုမိုနားလည်လိုကြပြီး၊ အလုပ်လျှောက်သူ ၈၇% ကတော့ အနာဂတ်လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုကို ရှာဖွေနေကြောင်း ဖော်ပြထားကြပါတယ်။

ပွင့်လင်းမြင်သာမှုက အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုသက်ရောက်နေသလဲ။

ပွင့်လင်းမြင်သာတဲ့လုပ်ငန်းခွင်မှာ မန်နေဂျာများ၊ဝန်ထမ်းများနဲ့ အလုပ်ရှင်များအကြား ရည်မှန်းချက်ပန်းတိုင်များနဲ့ စွမ်းဆောင်ရည်များအကြောင်း ပွင့်လင်းစွာဆွေးနွေးထားမှုများကို အစဉ်အမြဲ မြှင့်တင်ပေးပါတယ်။ပွင့်လင်းမြင်သာမှုက အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးသက်ရောက်မှုများစွာ ရရှိစေပါတယ်။

၁။ ဝန်ထမ်းများရဲ့ စွမ်းဆောင်မှု ပိုမိုမြင့်တက်စေခြင်း။

Gallup ရဲ့ ဖော်ပြချက်အရ အလုပ်မှာ ဝန်ထမ်း ၂၁% မျှလောက်သာ စွမ်းဆောင်မှုပြည့်ဝစွာပါဝင်မှုရှိနေပါက စွမ်းဆောင်မှုကို မြှင့်တင်ဖို့အတွက် နည်းလမ်းများကို ရှာဖွေခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ ဝန်ထမ်း ၇၀% ကမူ အကြီးတန်းခေါင်းဆောင်များထံမှ နည်းဗျူဟာဆိုင်ရာ အချက်အလက်များကို ဆက်လက်ရရှိခြင်းကသာ စွမ်းဆောင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အဓိကအရာတစ်ခုဖြစ်ကြောင်း ဆိုကြပါတယ်။

ဝန်ထမ်းများရဲ့ စွမ်းဆောင်မှု ပိုမိုပါဝင်လာတဲ့အခါ 

  • ဝန်ထမ်းပြောင်းလဲမှု နှုန်း လျော့ကျလာခြင်း
  • စိတ်ဖိစီးမှု/ပင်ပန်းနွမ်းနယ်မှု လျော့နည်းခြင်း
  • ဝန်ဆောင်မှု ပိုမိုကောင်းမွန်ခြင်း
  • ခွင့်ယူမှုနှုန်း နည်းပါးခြင်း
  • ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာခြင်းတို့ ဖြစ်ပေါ်လာပါတယ်။

၂။ အမြတ်အစွန်း ပိုမိုမြင့်တက်စေခြင်း။

ပွင့်လင်းမြင်သာမှုအဆင့် မြင့်မားတဲ့ အဖွဲ့အစည်းများမှာ ပျမ်းမျှထက် အမြတ်အစွန်း ၂၁% ပိုမို ရရှိကြောင်း ဖော်ပြထားပါတယ်။ ထိုအဖွဲ့အစည်းများက ဝန်ထမ်းများကို ဖောက်သည်များအား ကောင်းမွန်စွာ ဂရုစိုက်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်များကို ပံ့ပိုးပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ဖြစ်ပေါ်စေပါတယ်။ထိုအရာက ဖောက်သည်များအကြား ယုံကြည်မှုကို ပိုမိုဖန်တီးပေးနိုင်ပါတယ်။

ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းရဲ့ အောင်မြင်မှုတို့ကြားမှာ တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။Gallup ရဲ့ အဆိုအရစွမ်းဆောင်မှုနည်းပါးတဲ့ ဝန်ထမ်းများရဲ့စွမ်းဆောင်နိုင်စွမ်းကပုံမှန်အောက် ၁၈% ပိုမိုနည်းပါးတာတွေ့ရပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စွမ်းဆောင်မှုအဆင့်မြင့်မားတဲ့ အဖွဲ့အစည်းများမှ ထုတ်လုပ်နိုင်စွမ်းကတော့ ၂၂% ပိုမိုမြင့်မားကြောင်းတွေ့ရပါတယ်။

၃။ ယုံကြည်မှု တည်ဆောက်ပေးခြင်း။

GE ရဲ့ အငြိမ်းစား CEO Jack Welch က "ခေါင်းဆောင်များက ပွင့်လင်းမြင်သာပြီး ရိုးသား၍ ကတိတည်တဲ့အခါမှာ ယုံကြည်မှုကို ဖြစ်ပေါ်စေတယ်လို့" ပြောကြားခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုက ယုံကြည်မှုကို တည်ဆောက်ပေးပြီး၊ ယုံကြည်မှုဆိုတာက တာဝန်ယူမှု၊ ရလဒ်များနဲ့ တီထွင်ဖန်တီးမှုတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ခေါင်းဆောင်များအားလုံးက ဆုံးဖြတ်ချက်များကို  ဘယ်လိုချမှတ်တယ်ဆိုတာ ပိုမိုနားလည်လာပြီး ပွင့်လင်းတဲ့ ဆွေးနွေးမှုများကို မြှင့်တင်ပေးပါတယ်။ ဝန်ထမ်းများက ခေါင်းဆောင်မှုအပေါ် ယုံကြည်ကိုးစားပြီး မိမိတို့ဘက်က ဘယ်လိုအရာမျိုးကို မျှော်လင့်ထားတယ်ဆိုတာနားလည်တဲ့အခါမှာ လုပ်ငန်းအပေါ် ပိုမိုစိတ်ပါဝင်စားကြပါတယ်။မိမိတို့က ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေကိုဘယ်လိုပုံစံနဲ့အံဝင်ခွင်ကျဖြစ်စေပြီး လုပ်ဆောင်မှုများက ကုမ္ပဏီရဲ့ အောင်မြင်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို သိရှိလာကြပါတယ်။

Harvard Business Review မှဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ ယုံကြည်မှုမြင့်မားတဲ့ လုပ်ငန်းခွင်များရှိ ဝန်ထမ်းများက စွမ်းဆောင်မှု ၇၆% ပိုမိုမြင့်မားပြီး ၎င်းတို့ရဲ့ဘဝနဲ့ ပတ်သက်၍  ၂၉% ပိုမိုကျေနပ်မှုရှိကြောင်း ဖော်ပြထားပါတယ်။

အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖို့အတွက် မိမိတို့လုပ်ဆောင်နိုင်တဲ့ အဆင့်သုံးဆင့်မှာ-

၁။ ဝန်ထမ်းများကို ရှင်းလင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို  ပံ့ပိုးပါ။

ဝန်ထမ်းများက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မမြင်ရတဲ့အခါ အဖွဲ့အစည်းများမှ ထွက်ခွာသွားတတ် ကြပါတယ်။သူတို့က တိုးတက်မှု အခွင့်အလမ်းများများပေးနိုင်တဲ့ အဖွဲ့အစည်းများကို ပိုမိုစိတ်ဝင်စားကြပါတယ်။ ဝန်ထမ်းများက ရာထူးတိုးဖို့ ဘာလိုအပ်သလဲ၊ ဘယ်လိုကျွမ်းကျင်မှုနဲ့ အတွေ့အကြုံများ လိုအပ်တယ်ဆိုတာကို သိသင့်ပါတယ်။ ထို့အတူ လုပ်ငန်းရှင်များကလဲ တိုးတက်မှုအခွင့်အလမ်းများနဲ့အတူ ရှင်းလင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ထိုအရာကို အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်သင့်ပြီး လုပ်ငန်းခွင်မှာ ဆက်လက်အားဖြည့်ပေးသင့်ပါတယ်။ ဥပမာ - ရာထူးတိုးခြင်း၊ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များနဲ့ ဝန်ထမ်းများဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိကဝတ်ပြုထားကြောင်း ပြသဖို့အတွက် ဝန်ထမ်းတိုးတက်မှုအစီအစဉ်များနဲ့ ကိုက်ညီသင့်ပါတယ်။

၂။ လုပ်ငန်းရည်မှန်းချက်များနဲ့ ပန်းတိုင်များ ကိုက်ညီကြောင်း သေချာပါစေ။

Harvard Business Review မှ လေ့လာမှုတစ်ခုအရ ဝန်ထမ်း ၄၀% သာ မိမိတို့ ကုမ္ပဏီရဲ့ နည်းဗျူဟာများနဲ့ အဓိကရည်မှန်းချက်များကို ရှင်းလင်းစွာ သိရှိကြောင်း ပြောကြားခဲ့ကြပါတယ်။ ဆိုလိုရင်းမှာ ဝန်ထမ်း ၆၀% ခန့်ကတော့ အောင်မြင်ဖို့အတွက်၊အခွင့်အလမ်းတွေအတွက် ဘာလိုအပ်တယ်ဆိုတာကို သေချာမသိရှိကြခြင်းဘဲဖြစ်ပါတယ်။

၃။ မိမိဝန်ထမ်းများအား ထိရောက်စွာ ဆက်သွယ်ပြောဆိုပြီး တုံ့ပြန်ချက်ပေးပါ။

ပွင့်လင်းမြင်သာမှုရဲ့ အဓိကသော့ချက်မှာ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုဖြစ်ပြီး၊ ထိုအရာက အပေါ်ဆုံးအဆင့်ကနေ စတင်ပါတယ်။ စီးပွားရေးခေါင်းဆောင်များက ကုမ္ပဏီရဲ့ ပွင့်လင်းမြင်သာတဲ့ယဉ်ကျေးမှုကို မူဝါဒတစ်ခုအဖြစ် လက်ခံကျင့်သုံးပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ရပါမယ်။ယနေ့ခေတ် ဝန်ထမ်းများက တစ်စုံတစ်ရာ လုပ်ခိုင်းခြင်းကို ဘာကြောင့်လုပ်ရတယ်ဆိုတာကို သိလိုကြပါတယ်၊ ဘာလုပ်ရမယ်ကိုသာ တစ်ဖက်သတ်ပြောပြခံနေရခြင်းကို မလိုလားကြပါဘူး။

၂၀၁၃ ခုနှစ်မှာ Edelman Trust Barometer မှ ဝန်ထမ်းများအား ပထမဆုံး စစ်တမ်းကောက်ယူခဲ့ရာ ဝန်ထမ်း ၈၂% က မိမိတို့ရဲ့ သူဌေးကို အမှန်အတိုင်း ပြောမယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။သိသာထင်ရှားတဲ့ တိုးတက်မှုများ ရှိခဲ့သော်လည်း ယနေ့တိုင် ဝန်ထမ်းတစ်ဝက်လောက်ကသာ သူတို့ရဲ့သူဌေးကို ယုံကြည်ကြကြောင်း ပြောကြားခဲ့ပါတယ်

ဆက်သွယ်ပြောဆိုမှုမှု အားနည်းခြင်း သို့မဟုတ် မရှိခြင်း၊ ရည်မှန်းချက်များ မရှင်းလင်းခြင်း၊ သို့မဟုတ် အမှားများကို တာဝန်ယူခြင်းမရှိခြင်းတို့မှ ယုံကြည်မှု ကင်းမဲ့ခြင်းကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိရောက်မှုမရှိတဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များက သံသယနဲ့ မယုံကြည်မှုကို ဖြစ်ပေါ်စေပြီး၊ အထူးသဖြင့် ဝန်ထမ်းများဘက်က မန်နေဂျာများက တစ်မျိုးပြောပြီး တစ်မျိုးလုပ်နေတယ်ကို မြင်ရတဲ့အခါ — ဥပမာ၊ လုပ်ငန်းခွင်မှာ အထူးမျက်နှာသာပေးတဲ့ မန်နေဂျာများ သို့မဟုတ် စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို မကိုင်တွယ်နိုင်တဲ့ မန်နေဂျာများ။

Gallup လေ့လာမှုတစ်ခုအရ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း မန်နေဂျာများက အဓိပ္ပာယ်ရှိပြီးလက်တွေ့ကျတဲ့ တုံ့ပြန်မှုပေးတဲ့အခါမှာ ဝန်ထမ်းများကအခြားဝန်ထမ်းများထက် စွမ်းဆောင်မှုပါဝင်နိုင်ခြေ ၄ဆ ပိုများလာကြောင်း ဖော်ပြထားပါတယ်။ပွင့်လင်းမြင်သာမှုကို တသမတ်တည်း အာရုံစူးစိုက်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုကို တည်ဆောက်ခြင်းက ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခု မဟုတ်ပေမဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာမှုက ဝန်ထမ်းများရဲ့စွမ်းဆောင်မှုကို မြှင့်တင်ပေးခြင်း၊ အမြတ်အစွန်းကို တိုးမြှင့်ပေးခြင်းနဲ့ ယုံကြည်မှုကို တည်ဆောက်ပေးခြင်းဖြင့် အဖွဲ့အစည်း စွမ်းဆောင်ရည်ကို တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ရှင်းလင်းတိကျတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများ ပေးအပ်ခြင်း၊ လုပ်ငန်းရည်မှန်းချက်များကို ချိန်ညှိခြင်းနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုခြင်းဖြင့် ခေါင်းဆောင်များက ပိုမိုယုံကြည်စိတ်ချရပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။ထိုအရာများက ဝန်ထမ်းများကို ပိုမိုပျော်ရွှင်စေရုံသာမက ကုမ္ပဏီတစ်ခုလုံးရဲ့ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကိုလည်း အထောက်အကူပြုမယ်ဆိုတာ အခိုင်အမာပြောဆိုနိုင်ပါတယ်။

forbes.com မှ The Case For Transparency In The Workplace, And Its Impact On Organizational Performance ဆောင်းပါးကို ဆီလျော်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။

https://www.forbes.com/councils/forbesbusinesscouncil/2023/06/16/the-case-for-transparency-in-the-workplace-and-its-impact-on-organizational-performance/

 

Daw Zin Lin Htet

Lecturer, Strategy First Int'l College

B.E (Civil) Magway Technological University 

M.Sc. (Construction Project Management), 

Heriot-Watt University, Malaysia