လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
လုပ်ငန်းခွင်တစ်ခုတွင် အောင်မြင်သော စီမံခန့်ခွဲမှုဆိုသည်မှာ Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) နဲ့ Accountability (တာဝန်ယူမှု) အကြား ညီညွတ်မျှတသော ဟန်ချက်ကို ရရှိစေရန် ဖြစ်ပါတယ်။ Micromanagement(အသေးစိတ်ထိန်းချုပ်ခြင်း) သည် အလုပ်သမားများရဲ့ လုပ်ငန်းလုပ်ဆောင်ပုံကို အသေးစိတ်ထိန်းချုပ်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်မေးမြန်းခြင်းနှင့် လုပ်ငန်းလုပ်ဆောင်ပုံကို တင်းကျပ်စွာ ညွှန်ကြားခြင်းတို့ဖြင့် စီမံခန့်ခွဲသောပုံစံဖြစ်ပါတယ်။ ဤကဲ့သို့သော စီမံခန့်ခွဲမှုပုံစံဟာ အချိန်တိုအတွင်း အရည်အသွေးကို ထိန်းသိမ်းနိုင်သော်လည်း ရေရှည်မှာတော့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ဖန်တီးနိုင်စွမ်းနှင့် စိတ်အားထက်သန်မှုကို လျော့နည်းလာစေပါတယ်။
ဥပမာအားဖြင့် ပရောဂျက်မန်နေဂျာတစ်ဦးဟာ သူ့အဖွဲ့ဝင်တွေကို တစ်နာရီတစ်ခါ အလုပ်တိုးတက်မှုအခြေအနေကိုမေးမြန်းပြီး လုပ်ငန်းတိုင်းရဲ့ အသေးစိတ်အဆင့်ဆင့်ကို ထိန်းချုပ်နေတယ်ဆိုပါစို့။ သူ့ခွင့်ပြုချက်မရှိဘဲ ဘယ်ဆုံးဖြတ်ချက်ကိုမှ အဖွဲ့ဝင်များက မချမှတ်နိုင်ဘူး။ သူ့ရဲ့စံနှုန်းနဲ့မကိုက်ညီရင် အလုပ်တွေကို ပြန်လုပ်ခိုင်းတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ အဖွဲ့ဝင်များဟာ စိတ်ဓာတ်ကျဆင်းလာပြီး ထုတ်လုပ်မှုနှုန်း ကျဆင်းလာနိုင်ပါတယ်။
Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) ပုံစံစီမံခန့်ခွဲခြင်းအားဖြင့် ရရှိလာနိုင်တဲ့ဆိုးကျိုးတွေမှာ
၁။ စိတ်ဓာတ်ကျဆင်းမှု – ဝန်ထမ်းများသည် မိမိတို့၏ အရည်အချင်းကို ယုံကြည်မှုမရှိဟု ခံစားရပြီး စိတ်ပျက်လာတတ်ပါတယ်။
၂။ ထုတ်လုပ်မှုနှုန်းကျဆင်းခြင်း – အလုပ်လုပ်နေစဉ် အချိန်တိုင်း နှောင့်ယှက်ခံရသောကြောင့် အာရုံစူးစိုက်မှုလျော့နည်းလာနိုင်ပါတယ်။
၃။ တီထွင်ဖန်တီးနိုင်စွမ်းကျဆင်းခြင်း – အလုပ်သမားများသည် မိမိတို့ရဲ့ အိုင်ဒီယာများကို မျှဝေရန် ဝန်လေးလာတတ်ကြပါတယ်။
၄။ အလုပ်သမားလည်ပတ်နှုန်းမြင့်တက်ခြင်း – Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) ကြောင့် ဝန်ထမ်းများ ပင်ပန်းလာပြီး အလုပ်ထွက်မှုများလာနိုင်ပါတယ်။
ဝန်ထမ်းတစ်ဦးဟာ မိမိရဲ့အရည်အချင်းကို အသိအမှတ်မပြုခံရဘဲ အသေးစိတ်ထိန်းချုပ်မှုများနဲ့ ရင်ဆိုင်နေရပါက သူတို့ရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုများ တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်။ ဒါကြောင့် မန်နေဂျာများအနေဖြင့် Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) ရဲ့ အားနည်းချက်များကို သတိပြုမိပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုပုံစံဖြစ်တဲ့ Accountability (တာဝန်ယူမှု) ပုံစံကို ကျင့်သုံးရန် အရေးကြီးပါတယ်။
Accountability (တာဝန်ယူမှု) သည် ဝန်ထမ်းများအား သူတို့တွေရဲ့ လုပ်ငန်းတာဝန်များနှင့် ရလဒ်များအတွက် တာဝန်ယူမှုရှိစေရန် အားပေးသော စီမံခန့်ခွဲမှုပုံစံဖြစ်ပါတယ်။ ဤနည်းလမ်းမှာ မန်နေဂျာများအနေနဲ့ ရှင်းလင်းသော ရည်မှန်းချက်များ သတ်မှတ်ပေးပြီး ဝန်ထမ်းများအား ထိုရည်မှန်းချက်များကို သူတို့တွေရဲ့ ကိုယ်ပိုင်နည်းလမ်းများဖြင့် အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်ခွင့်ပေးထားပါတယ်။ ဤသို့သော ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကိုင်ရသော ဝန်ထမ်းများဟာ ပိုမိုတာဝန်သိတတ်စွာဖြင့် လုပ်ငန်းအောင်မြင်မှုအတွက် ပိုမိုအားစိုက်ထုတ်လုပ်ကိုင်လာကာ သူတို့ရဲ့ အလုပ်ကို ဂုဏ်ယူစွာ လုပ်ကိုင်လာတတ်ကြပါတယ်။
ဥပမာအားဖြင့် ပရောဂျက်မန်နေဂျာတစ်ဦးဟာ သူ့အဖွဲ့ကို ရှင်းလင်းတဲ့ရည်မှန်းချက်တွေနဲ့ ပြီးဆုံးရမယ့်ရက်စွဲတွေကိုသာ သတ်မှတ်ပေးပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့နည်းလမ်းကိုတော့ အဖွဲ့ဝင်တွေကိုယ်တိုင် ရွေးချယ်ခွင့်ပြုထားပါတယ်။ သူဟာ ပုံမှန်အားဖြင့် ချိတ်ဆက်ပြီး ပံ့ပိုးမှုတွေလုပ်ပေးတယ်။ တိုးတက်မှုအခြေအနေတွေကို စောင့်ကြည့်တယ်။ ဝန်ထမ်းတွေကို ဆုံးဖြတ်ချက်ချခွင့်နဲ့ ပြဿနာဖြေရှင်းခွင့်ကို လွတ်လပ်စွာပေးထားတယ်။ ထိုအခါ ရလဒ်အနေနဲ့ အဖွဲ့ဝင်များဟာ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာတယ်။ အဖွဲ့ဝင်တိုင်း သူတို့လုပ်တဲ့အလုပ်ကို ဂုဏ်ယူစွာလုပ်ကိုင်လာပြီး အဖွဲ့အစည်းအောင်မြင်ဖို့ ကြိုးစားလာတတ်ကြပါတယ်။
Accountability (တာဝန်ယူမှု) ၏ အကျိုးသက်ရောက်မှုများမှာ
၁။ စိတ်ဓာတ်မြှင့်တင်ခြင်း - ဝန်ထမ်းများကို ယုံကြည်မှုပေးခြင်းဖြင့် သူတို့၏ စိတ်အားထက်သန်မှုနှင့် ပါဝင်လုပ်ကိုင်မှု မြင့်တက်စေပါတယ်။
၂။ စွမ်းဆောင်ရည် တိုးတက်ခြင်း - ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိခြင်းက ဝန်ထမ်းများအား သူတို့ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိရောက်သောဖြေရှင်းနည်းများ ရှာဖွေရန် အားပေးပါတယ်။
၃။ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း - လွတ်လပ်သောပတ်ဝန်းကျင်က ဝန်ထမ်းများအား အသစ်အသစ်သော နည်းလမ်းများကို စမ်းသပ်ရန် စိတ်ချရသည့် အခွင့်အလမ်းများ ဖန်တီးပေးပါတယ်။
၄။ အလုပ်လက်မဲ့နှုန်း လျော့ကျခြင်း - စိတ်ကျေနပ်မှုရှိသော ဝန်ထမ်းများဟာ ကုမ္ပဏီနှင့်အတူ ဆက်လက်ရှိနေတတ်တာကြောင့် အလုပ်သစ်ခန့်ထားရန် နှင့် လေ့ကျင့်ရန် ကုန်ကျစရိတ်များ သက်သာစေပါတယ်။
Micromanagement နဲ့ Accountability နှစ်ရပ်ကြား မျှတမှုရှိစေရန် မန်နေဂျာများအနေဖြင့်
၁။ ရှင်းလင်းသောမျှော်မှန်းချက်များ သတ်မှတ်ပါ – ဝန်ထမ်းများအား သူတို့ရဲ့တာဝန်နှင့် မျှော်မှန်းထားသောရလဒ်များကို ရှင်းလင်းစွာဖော်ပြပါ။
၂။ လွတ်လပ်ခွင့်ပေးပါ – ဝန်ထမ်းများအား သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းများဖြင့် အလုပ်လုပ်ခွင့်ပြုပါ။
၃။ ပံ့ပိုးမှုပေးပါ – လိုအပ်သောအရင်းအမြစ်များနှင့် လမ်းညွှန်မှုများကို အဆင်သင့်ထောက်ပံ့ပေးထားပါ။
၄။ ပွင့်လင်းသောဆက်သွယ်ရေးကို အားပေးပါ – ဝန်ထမ်းများရဲ့အကြံဉာဏ်များကို တန်ဖိုးထားကာ နားထောင်ဖို့က မန်နေဂျာတစ်ဦးရဲ့တာဝန်ဖြစ်ပါတယ်။
ထို့အပြင် ဝန်ထမ်းများရဲ့ အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းနှင့် ချီးမွမ်းခြင်းပေးခြင်းတို့ကလည်း ဝန်ထမ်းတွေရဲ့အလုပ်အပေါ် စိတ်ကျေနပ်မှုနှင့် တာဝန်ယူမှုစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သော အရေးပါတဲ့ အချက်များဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့် ဆိုရသော် Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) ဟာ ဝန်ထမ်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားသော စီမံခန့်ခွဲမှုပုံစံဖြစ်ပြီး Accountability (တာဝန်ယူမှု) ဟာ ဝန်ထမ်းများအား ပိုမိုတာဝန်ယူတတ်စေကာ လုပ်ငန်းအောင်မြင်မှုကို ရေရှည်တည်တံ့စေသော စီမံခန့်ခွဲမှုပုံစံဖြစ်ပါတယ်။ ဒါကြောင့် Micromanagement (အသေးစိတ်ထိန်းချုပ်ခြင်း) ကိုကန့်သတ်ခြင်းက တာဝန်ယူမှုတိုးတက်စေပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်လာစေပါတယ်။ မန်နေဂျာများအနေဖြင့် ဤနှစ်မျိုးကြား မှန်ကန်သော ဟန်ချက်ကို ထိန်းသိမ်းနိုင်ပါက စိတ်ဓာတ်မြင့်မားပြီး ထိရောက်သော အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Micromanagement vs. Accountability: Striking the Right Balance | by Agarwal Peeyush | Medium မှသင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Sandi Su Hlaing
Lecturer, Strategy First Int'l College
B.C.Sc., B.C.Sc. (Hons), M.C.Sc.
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
22 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
22 hours ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားတွေ အရမ်းများလာနေပြီလား?
5 days ago
