“ လက်ရှိ ကမ္ဘာကြီးအပေါ် သက်ရောက်မှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုရှိတဲ့ စီးပွားရေးလုပ်ငန်း ဥပမာများ “
တကယ်လို့ သင်က ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှု (Sustainability) ဆိုတာကို သဘောပေါက် နားလည်ချင်တယ်ဆိုရင် အခုဖော်ပြတဲ့ စီးပွားရေးလုပ်ငန်းဥပမာတွေက သင်နားလည်ဖို့ အထောက်အပံ့ ပေးနိုင်ပါလိမ့်မယ်။
ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုဆိုတာဘာလဲ?
ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှု ဆိုသည်မှာ လှုပ်ရှားမှုတစ်ခု ဒါမှမဟုတ် ဖြစ်စဉ်တစ်ခုကို အချိန်ကြာရှည်စွာ အစဉ်တစိုက် ထောက်ပံ့မှုပြုနိုင်ခြင်းကို ရည်ညွှန်းပါတယ်။ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုနဲ့ သဘာဝ သယံဇာတများ ကုန်ဆုံးမှုကို အနည်းဆုံးအထိ လျှော့ချပေးနိုင်ပါတယ်။ မကြာသေးမီအချိန်ကပဲ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုဖြစ်ဖို့အတွက် အစိုးရများနဲ့ တခြားအဖွဲ့များက ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သဘာဝသယံဇာတများလျော့နည်းလာမှု စတဲ့ ပြဿနာများအတွက် ဖြေရှင်းချက်တွေကို ရှာဖွေနေကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုရှိတဲ့ လုပ်ငန်းများထဲမှ လုပ်ငန်းတချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) အိန္ဒိယနိုင်ငံရှိ အရည်အသွေးနိမ့်တဲ့ မြေ Sambhav ကို ပြန်လည်အသက်သွင်းခြင်း။
အိန္ဒိယနိုင်ငံ Odisha ပြည်နယ်မှာရှိတဲ့ မိသားစုတစ်စုဟာ စိုက်ပျိုးရေးအတွက် အရည်အသွေးနိမ့်တဲ့မြေကို ရေရှည်အထွက်တိုးပြီး အသီးအနှံပေါကြွယ်ဝတဲ့ မြေဖြစ်လာအောင် ကြိုးစားခဲ့ကြတာဟာ အံ့ဩဖွယ်ကောင်းတဲ့ ဥပမာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ သားအဖနှစ်ယောက်က အရည်အသွေးနိမ့်တဲ့ မြေတစ်ဧကကို ဝယ်ယူခဲ့ ပါတယ်။ အဲ့ဒီမြေကို သာမန်သဘာဝမြေဩဇာအသုံးပြုပြီး သစ်တောအဖြစ်ပြောင်းလဲတဲ့ သုတေသနတစ်ခုကို ပြုလုပ်ဖို့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူတို့စီမံကိန်းကို စတင်လုပ်ဆောင်တဲ့အချိန်မှာ သဘာဝမြေဩဇာကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးပြုလုပ်ခြင်းဟာ အိန္ဒိယမှာ သိပ်မကျယ်ပြန့်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ အဲ့ဒီအသိပညာဗဟုသုတတွေနဲ့ အကျွမ်းတ၀င်ဖြစ်ပြီး ကျွမ်းကျင်မှုတွေရှိလာအောင် အရင်ဆုံး လေ့လာခဲ့ကြ ရပါတယ်။ သူတို့ရဲ့ကြိုးစားမှုကြောင့် အဲ့ဒီမြေဟာ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့မြေ (အောင်မြင်တဲ့ သဘာဝအတိုင်း ဆည်ရေပေးတဲ့ သစ်တော) နဲ့ နောက်ပိုင်းမှာ ဧက ၉၀ အထိ တိုးချဲ့နိုင်ခဲ့ပြီး နိုင်ငံအတွင်းရှိ လူတွေကိုလည်း အစားအစာနဲ့ အလုပ်အကိုင်များ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
(၂) UK နိုင်ငံ Wight ရဲ့ Isle ပေါ်မှာ ပင်လယ်ဆား ထုတ်လုပ်ခြင်း။
စီးပွားဖြစ်ဆားထုတ်လုပ်ခြင်းဟာ စွမ်းအင်ကုန်ဆုံးမှု မြင့်မားတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ကနေ ဆားထုတ်လုပ်မှုကတော့ စွမ်းအင်ကုန်ဆုံးမှုနည်းကာ ပိုပြီးရေရှည်တည်တံ့တဲ့ ထုတ်လုပ်မှုပုံစံမျိုး ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများဟာ ရိုးရာနည်းဖြစ်တဲ့ ပင်လယ်ဆားကို သဘာဝအတိုင်းနေလှန်းကာ အငွေ့ပျံစေပြီး ထုတ်လုပ်လျက်ရှိပါတယ်။ ပင်လယ်မှဆားထုတ်လုပ်ခြင်းဟာ Halite ကျောက်ဆားမှ ဆားထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ Carbon Footprint ရဲ့ (၄) ပုံ (၁) ပုံသာ ရှိပါတယ်။ ဒါ့အပြင် လုပ်ဆောင်မှုကို နှိုင်းယှဥ်ကြည့်ရင်လည်း PDV ဆား (Pure Dried Vacuum Salt) ထုတ်လုပ်ခြင်းထက် ၃၁ ဆလောက် သက်သာပါတယ်။ အခုဆိုရင် Simon Davis က Wight ဆားကို သဘာဝရိုးရာနည်းလမ်းသုံးကာ သန့်စင်တဲ့ ပင်လယ်ကမ်းခြေရေကို ရေငွေ့ပြန်စေကာ အရသာရှိပြီးသတ္တုဓာတ်ပြည့်ဝတဲ့ ပင်လယ်ဆားကို ထုတ်လုပ်လျက်ရှိပါတယ်။
(၃) အိန္ဒိယနိုင်ငံ Tamil Nadu မှ ငှက်ပျောရွက်သုံး ပန်းကန်ခွက်ယောက် ထုတ်လုပ်ခြင်း။
အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်များဖြစ်တဲ့ California, Connecticut, Hawaii, Maine နဲ့ New York တို့မှာ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုကို တားမြစ်ကာ ပလတ်စတစ် ညစ်ညမ်းမှုကို ကြိုးစားလျှော့ချလျက်ရှိပါတယ်။ ဒါကြောင့် အစားအစာရောင်းချသူများနဲ့ အကျွေးအမွေးတာဝန်ယူကြရသူများက တခြား ဆွေးမြေ့နိုင်တဲ့ ပလတ်စတစ် အစားထိုးတစ်ခုခုကို ရှာဖွေနေကြပါတယ်။ ငှက်ပျောရွက်ကို ဓာတုဆေးမပါဝင်ဘဲ တာရှည်ခံအောင်ပြုလုပ်တဲ့နည်းပညာကို အိန္ဒိယကုမ္ပဏီတစ်ခုက တီထွင် လိုက်ပါတယ်။ ငှက်ပျောရွက်တွေဟာ ပျမ်းမျှအားဖြင့် ထုတ်လုပ်ပြီး (၃) ရက်လောက်မှ စတင်ဆွေးမြေ့မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထူးခြားတဲ့ဖြစ်စဉ်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို သဟဇာတဖြစ်စေတဲ့ တစ်ခါသုံး ပန်းကန်များကို ထုတ်လုပ်လျက်ရှိပါတယ်။ အဲ့ဒီ ၁၀၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်အကျိုးပြုတဲ့ ပစ္စည်းဟာ ဓာတုဆေးဝါးများကင်းလွတ်ပြီး ရေထည့်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မိုက်ခရိုဝေ့မီးဖို ဒါမှမဟုတ် အအေးခန်းထဲမှာ ထားလို့ရနိုင်ပါတယ်။ အဲ့ဒီနည်းပညာကို Tamil Nadu မှ မြို့ခံဖြစ်တဲ့ Tenith Adithyaa (တီထွင်သူ၊ ပတ်ဝန်းကျင် လှုပ်ရှားတက်ကြွသူ) က တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ အသက်ငယ်ငယ်ကတည်းက အိမ်တွင်းသုံး လက်တွေ့စမ်းသပ်ခန်းမှာ စမ်းသပ်မှုများ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Tenith Adithyaa ဟာ အိန္ဒိယရှိ စီးပွားရေးလုပ်ငန်းများကို သူရဲ့နည်းပညာများ ထောက်ပံ့မှု ပြုလုပ်ပေးနေပါတယ်။
(၄) ပြိုင်ကားတာယာများကို ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်ခြင်း (တိုကျိုမြို့၊ ဂျပန်နိုင်ငံ)
Yokohama အမည်ရှိတဲ့ တာယာထုတ်လုပ်တဲ့ လုပ်ငန်းဟာ ကမ္ဘာမှာရှိတဲ့ နာမည်ကြီးတာယာထုတ်လုပ်သူများထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ Yokohama ဟာဆိုရင် သူ့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုရှိတယ်ဆိုတဲ့ ပုံရိပ်ကို တိုးမြှင့်ဖို့အတွက် ပြန်လည်အသုံးပြုတာယာများကိုသုံးကာ တာယာများရဲ့ စွမ်းဆောင်မှုကို တိုးတက်အောင် စတင်ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။ Yokohama ဟာ နှစ်တော်တော်ကြာ ပြန်လည် အသုံးပြုရာဘာတာယာတွေကို စမ်းသပ်မှုများ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီဟာ တမူထူးခြားတဲ့ တာယာကို တာယာအပိုင်းအစ၊ စပါးခွံဆီလီကာနဲ့ သဘာဝအဆီများ ပေါင်းစပ်ထုတ်လုပ်တာဖြစ်ပါတယ်။ အဲ့ဒီအရာတွေကြောင့်လည်း ပြိုင်ကားတာယာလုပ်ဆောင်မှုကို အန္တရာယ်ဖြစ်နိုင်ခြေမရှိကြောင်းကိုလည်း ပြောကြားထားပါတယ်။ တာယာအသစ်များထုတ်လုပ်ခြင်းဟာ 2023 Super Formula ပြိုင်ကားရာသီအတွက် ပွဲဦးထွက်ဖြစ်ပါတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် Yokohama ဟာ ၃၅ ရာခိုင်နှုန်း ပြန်လည်အသုံးပြုပစ္စည်းများနဲ့ တာယာထုတ်လုပ်နိုင်မှု ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။
(၅) အသုံးပြုပြီးသား ဟင်းချက်ဆီမှ ဇီဝဒီဇယ် ထုတ်လုပ်ခြင်း။ ( Vernon, California)
California ကုမ္ပဏီတစ်ခုဖြစ်တဲ့ Baker Commodities က သုံးပြီးသား ဟင်းချက်ဆီများကို အရည်အသွေး ကောင်းမွန်တဲ့ ဇီဝဒီဇယ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းဟာ နိုင်ငံခြားကိုတင်ပို့မယ့် အသုံးပြုပြီး သားဆီတွေကို စီမံပြုပြင်ပြီး ဇီဝဒီဇယ်ထုတ်လုပ်မှုကို သေချာစွာလုပ်ကိုင်နေပါတယ်။ အဲ့ဒီကုမ္ပဏီမှာ အစားအစာထုတ်လုပ်သူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းများ၊ အစားအသောက်ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းများနဲ့ စစ်တပ် စတဲ့ နေရာများမှအသုံးပြုပြီးသားဆီတွေကို လိုက်လံသိမ်းဆည်းတဲ့ ဆီအညစ်အကြေး စုဆောင်းရေး သင်္ဘောတစ်ခု ရှိပါတယ်။ အဲ့ဒီဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် ဆီအကြွင်းအကျန်တွေကို လိုက်လံသိမ်းဆည်းခြင်းက လုပ်ငန်းများ၊ အဖွဲ့အစည်းများမှ စွန့်ပစ်မှုများ ပြုလုပ်စရာ မလိုတော့ပါဘူး။ ရေမြောင်းများပိတ်ဆို့နိုင်မှုမှလည်း လျှော့ချနိုင်ပါတယ်။ Baker Commodities က ဟင်းသီးဟင်းရွက်အဆီများမှ အဝါရောင်ဆီ၊ အမဲဆီနဲ့ ဝက်ဆီ စတဲ့ ဆီများကို စုဆောင်းပြီး သန့်စင်ခြင်းနဲ့ စစ်ထုတ်ခြင်းတို့ ပြုလုပ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် Transesterification Process ကို အသုံးပြုကာ သန့်စင်အောင်ပြုလုပ်ပြီး အရည်အသွေးကောင်းတဲ့ ဇီဝဒီဇယ်အဖြစ်သို့ ပြောင်းလဲပါတယ်။ ကုမ္ပဏီဟာ New Leaf ဇီဝလောင်စာကို Southern California မြို့ခံတွေကို ရောင်းချပေးလျက်ရှိပါတယ်။
greencoast.org မှ Renee Picard (a freelance writer and editor)
ရေးသားထားတဲ့ 20 Examples of Sustainability That Are Impacting the World Right Now! ဆောင်းပါးမှ တချို့ကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program)
Chiang Mai University, Thailand
Latest Articles
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
2 days ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
2 days ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
6 days ago
မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ
1 week ago
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
1 week ago
