ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း

ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု (inventory management) ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ပစ္စည်းစာရင်း (inventory) ကို ထိထိရောက်ရောက် စီမံနိုင်မှ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ပြီး လုပ်ငန်းရဲ့ အမြတ်အစွန်းကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းစာရင်းကို စနစ်တကျ စီမံခန့်ခွဲရာမှာ ABC စနစ်ဟာ လုပ်ငန်းပေါင်းများစွာအတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ABC စနစ်ဆိုတာ ဘာလဲ၊ ဘယ်လိုအသုံးပြုလဲ၊ ဘာကြောင့် အရေးကြီးလဲဆိုတာတွေကို အသေးစိတ် ဖော်ပြပေးသွားပါမယ်။

ABC စနစ်ဆိုတာ ဘာလဲ

ABC စနစ်ဆိုတာ ကုန်ပစ္စည်းစာရင်းကို ၎င်းတို့ရဲ့ တန်ဖိုး၊ အရောင်းမြန်နှုန်းနဲ့ အရေးပါမှုပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားစီမံတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကို အီတလီစီးပွားရေးပညာရှင် Vilfredo Pareto ရဲ့ Pareto Principle (80/20 Rule) ကနေ ဆင်းသက်လာတာပါ။ Pareto Principle မှာ လူမှုစီးပွားရေးဖြစ်စဉ်များစွာမှာ ၈၀% သော ရလဒ်များသည် ၂၀% သော အကြောင်းရင်းများကြောင့် ဖြစ်ပေါ်ကြောင်း ဖော်ပြထားပါတယ်။ ABC စနစ်မှာလည်း ကုန်ပစ္စည်းစာရင်းရဲ့ ၂၀% သော ကုန်ပစ္စည်းတွေကနေ လုပ်ငန်းရဲ့ ၈၀% သော တန်ဖိုးကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ABC စနစ်အရ ကုန်ပစ္စည်းတွေကို အောက်ပါအတိုင်း အုပ်စု (၃) စု ခွဲခြားနိုင်ပါတယ်။

A-အမျိုးအစား (A-Category) ကုန်ပစ္စည်းများ

ဒီအုပ်စုထဲမှာ ပါဝင်တဲ့ ကုန်ပစ္စည်းတွေဟာ စုစုပေါင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ၇၀% မှ ၈၀% အထိ ရှိနိုင်ပေမယ့် အရေအတွက်အားဖြင့် စုစုပေါင်း  ကုန်ပစ္စည်းရဲ့ ၁၀% မှ ၂၀% လောက်သာ ရှိတတ်ပါတယ်။ ဒါတွေဟာ လုပ်ငန်းအတွက် အလွန်အရေးပါပြီး တန်ဖိုးမြင့်မားတဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေကို အသေးစိတ် စီမံခန့်ခွဲဖို့၊ မကြာခဏ စစ်ဆေးဖို့နဲ့ တိကျတဲ့ ခန့်မှန်းချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အင်ဂျင်၊ ဘော်ဒီစတဲ့ အဓိကအစိတ်အပိုင်းတွေဟာ A ဆိုတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

B-အမျိုးအစား (B-Category) ကုန်ပစ္စည်းများ

B-အမျိုးအစား ကုန်ပစ္စည်းတွေဟာ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၁၅% မှ ၂၅% အထိ ရှိနိုင်ပြီး အရေအတွက်အားဖြင့် စုစုပေါင်း ကုန်ပစ္စည်းရဲ့ ၃၀% လောက် ရှိတတ်ပါတယ်။ ဒါတွေဟာ အလယ်အလတ်အရေးပါတဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ A-အမျိုးအစားလောက် အသေးစိတ် ထိန်းချုပ်စရာမလိုပေမယ့် ပုံမှန် စောင့်ကြည့်ဖို့နဲ့ လိုအပ်သလို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှာ တာယာ၊ ဘက်ထရီ စတာတွေဟာ B အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

C-အမျိုးအစား (C-Category) ကုန်ပစ္စည်းများ

C-အမျိုးအစား ကုန်ပစ္စည်းတွေဟာ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၅% လောက်သာ ရှိနိုင်ပေမယ့် အရေအတွက်အားဖြင့် စုစုပေါင်း ကုန်ပစ္စည်းရဲ့ ၅၀% လောက်အထိ ရှိတတ်ပါတယ်။ ဒါတွေဟာ တန်ဖိုးနည်းပြီး အရေအတွက်များတဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေကို အသေးစိတ် ထိန်းချုပ်စရာမလိုဘဲ ရိုးရှင်းတဲ့ စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ လုံလောက်ပါတယ်။ ဥပမာအားဖြင့် ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝက်အူ၊ မူလီ၊ washer စတာတွေဟာ C အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ABC စနစ်ကို ဘယ်လို အသုံးပြုကြမလဲ

ABC စနစ်ကို အသုံးပြုဖို့အတွက် အောက်ပါအဆင့်တွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။

၁။ နှစ်စဉ် အသုံးပြုမှု တန်ဖိုး (Annual Usage Value) ကို တွက်ချက်ခြင်း

ဒါကတော့ ကုန်ပစ္စည်းတစ်ခုရဲ့ နှစ်စဉ် အသုံးပြုမှု တန်ဖိုးကို တွက်ချက်ခြင်းဖြစ်ပါတယ်။ တစ်ယူနစ်ကုန်ကျစရိတ်နဲ့ တစ်နှစ်တာကာလအတွင်း အသုံးပြုတဲ့ အရေအတွက်ကို မြှောက်ခြင်းအားဖြင့် ရရှိလာတဲ့ တန်ဖိုး ဖြစ်ပါတယ်။

ဥပမာ - ကုန်ပစ္စည်း 'X' ရဲ့ တစ်ယူနစ်ကုန်ကျစရိတ် ၁၀,၀၀၀ ကျပ် ဖြစ်ပြီး တစ်နှစ်ကို အလုံးရေ ၅၀ သုံးရင် နှစ်စဉ်အသုံးပြုမှုတန်ဖိုးက ၁၀,၀၀၀ x ၅၀ = ၅၀၀,၀၀၀ ဖြစ်ပါတယ်။

၂။ ကုန်ပစ္စည်းတွေကို အစဉ်လိုက် စီခြင်း

တွက်ချက်ရရှိထားတဲ့ နှစ်စဉ် အသုံးပြုမှု တန်ဖိုးတွေပေါ် မူတည်ပြီး တန်ဖိုးအများဆုံး ကုန်ပစ္စည်းကနေ တန်ဖိုးအနည်းဆုံး ကုန်ပစ္စည်းအထိ အစဉ်လိုက် စီပါ။

၃။ ကုန်ပစ္စည်းတွေကို A, B, C အုပ်စုများ ခွဲခြားခြင်း

စုစုပေါင်း နှစ်စဉ် အသုံးပြုမှု တန်ဖိုးရဲ့ ၇၀% မှ ၈၀% ကို ကိုယ်စားပြုတဲ့ ထိပ်ဆုံးက ကုန်ပစ္စည်းတွေကို A-အုပ်စု အဖြစ် သတ်မှတ်ပါ။ ကျန်တဲ့ နှစ်စဉ် အသုံးပြုမှု တန်ဖိုးရဲ့ ၁၅% မှ ၂၅% လောက်ကို ကိုယ်စားပြုတဲ့ ကုန်ပစ္စည်းတွေကို B-အုပ်စု အဖြစ် သတ်မှတ်ပါ။ ကျန်ရှိတဲ့ ၅% လောက်ကို ကိုယ်စားပြုတဲ့ ကုန်ပစ္စည်းတွေကို C-အုပ်စု အဖြစ် သတ်မှတ်ပါ။

ဒီရာခိုင်နှုန်းတွေက လုပ်ငန်းအမျိုးအစားနဲ့ သဘောသဘာဝပေါ် မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။ လုပ်ငန်းအနေထားနဲ့ သင့်တော်သလို ပြောင်းလဲပြီး သတ်မှတ်နိုင်ပါတယ်။

၄။ အုပ်စုအလိုက် မတူညီတဲ့ စီမံခန့်ခွဲမှု မဟာဗျူဟာများ ချမှတ်ခြင်း

A-အမျိုးအစား ကုန်ပစ္စည်းများ: ဒီကုန်ပစ္စည်းတွေကို အသေးစိတ် စောင့်ကြည့်ပြီး တိကျတဲ့ ခန့်မှန်းချက်တွေနဲ့ မှာယူမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်း ကုန်ပစ္စည်းလက်ကျန် စစ်ဆေးတာ၊ စိတ်ချရတဲ့ ကုန်ပစ္စည်းလက်ကျန် (safety stock levels) တွေ သတ်မှတ်တာနဲ့ ပုံမှန် စာရင်းစစ်တာတွေ လုပ်ဆောင်သင့်ပါတယ်။

B-အမျိုးအစား ကုန်ပစ္စည်းများ: ဒီကုန်ပစ္စည်းတွေကို A-အမျိုးအစားလောက် အသေးစိတ် ထိန်းချုပ်စရာ မလိုပေမယ့် ပုံမှန် စောင့်ကြည့်ပြီး လိုအပ်သလို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

C-အမျိုးအစား ကုန်ပစ္စည်းများ: ဒီကုန်ပစ္စည်းတွေကို အများအပြား ဝယ်ယူပြီး ကုန်ပစ္စည်းလက်ကျန်ကို အလွယ်တကူ ထိန်းသိမ်းနိုင်ပါတယ်။ ကုန်ပစ္စည်းပြတ်လပ်မှုက လုပ်ငန်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု မဖြစ်စေနိုင်တာကြောင့် စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ် အများကြီး မသုံးသင့်ပါဘူး။

ABC စနစ်ရဲ့ အကျိုးကျေးဇူးများ

ABC စနစ်ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းတွေဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ကုန်ပစ္စည်းထိန်းသိမ်းမှု ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း: အရေးကြီးတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ပိုမိုအာရုံစိုက်ပြီး အရေးမကြီးတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ အချိန်နဲ့ ငွေကြေး ပိုမိုသုံးစွဲခြင်းကို ရှောင်ရှားနိုင်ပါတယ်။

ကုန်ပစ္စည်းလက်ကျန်စီမံခန့်ခွဲမှု ပိုမိုထိရောက်လာခြင်း: ဘယ်ကုန်ပစ္စည်းတွေက ပိုအရေးကြီးလဲဆိုတာ သိရှိတာကြောင့် ကုန်ပစ္စည်းလက်ကျန်အဆင့်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ကုန်ပစ္စည်းပြတ်လပ်မှု (stockouts) သို့မဟုတ် ကုန်ပစ္စည်းပိုလျှံမှု (overstocking) တွေကို လျှော့ချနိုင်ပါတယ်။

၀ယ်ယူမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်လာခြင်း: ဘယ်ကုန်ပစ္စည်းတွေကို ဘယ်အချိန် ဘယ်လောက် ဝယ်ယူရမယ်ဆိုတာကို ပိုမိုတိကျစွာ ဆုံးဖြတ်နိုင်ပါတယ်။

၀န်ဆောင်မှု မြှင့်တင်နိုင်ခြင်း: အရေးပါတဲ့ ကုန်ပစ္စည်းတွေ အမြဲတမ်းရရှိနိုင်အောင် စီမံနိုင်တာကြောင့် ဝယ်ယူသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်။

ငွေကြေးစီးဆင်းမှု တိုးတက်လာခြင်း: မလိုအပ်တဲ့ ကုန်ပစ္စည်းတွေမှာ ငွေကြေးတွေ မြှပ်မိနေခြင်းကို ရှောင်ရှားနိုင်တာကြောင့် လုပ်ငန်းရဲ့ ငွေကြေးစီးဆင်းမှုကို တိုးတက်စေပါတယ်။

အချိန်နှင့် အရင်းအမြစ်များကို သက်သာစေခြင်း: အဖိုးတန်တဲ့ အချိန်နဲ့ အရင်းအမြစ်တွေကို အရေးကြီးတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ပိုမိုအာရုံစိုက်သုံးစွဲနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုမှာ ABC စနစ်ဟာ ရိုးရှင်းပေမယ့် အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းတွေဟာ ၎င်းတို့ရဲ့ ကုန်ပစ္စည်းစာရင်းကို ပိုမိုထိရောက်စွာ စီမံနိုင်ပြီး ကုန်ကျစရိတ်တွေကို လျှော့ချကာ အမြတ်အစွန်းကို တိုးမြှင့်နိုင်ပါတယ်။ လုပ်ငန်းတစ်ခုချင်းစီရဲ့ သဘောသဘာဝပေါ် မူတည်ပြီး ABC အမျိုးအစား ခွဲခြားမှု ရာခိုင်နှုန်းတွေကို ချိန်ညှိအသုံးပြုနိုင်ပါတယ်။ မှန်ကန်စွာ အကောင်အထည်ဖော်မယ်ဆိုရင် ABC စနစ်ဟာ လုပ်ငန်းရဲ့ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုကို တစ်ဆင့်မြင့်အောင် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Netsuite Business Solution Articles ၏ ဆောင်းပါးရှင် Abby Jenkins ရေးသားသော ABC Inventory Analysis & Management ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။

 

U Myo Htet Naing

Seinor Lecturer, Strategy First Int'l College

B.Com (Hons), M.Com (YIE)