'' ခေါင်းဆောင်တိုင်း သတိထားရမယ့် Toxic Culture ''
အဖွဲ့အစည်းတစ်ခုရှိ အဆိပ်အတောက်ဖြစ်စေတဲ့ ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ထုတ်ခြင်းက ဝန်ထမ်းများ အလုပ်မှာ စိတ်ပါဝင်စားမှုမရှိခြင်းနဲ့ အလုပ်ထွက်ဖို့ ဦးတည်စေတဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာမှာ ခေါင်းဆောင်များအတွက် အကူညီပေးနိုင်ပါတယ်။အဆိပ်အတောက်ဖြစ်နေတဲ့ အလုပ်ခွင်မှ ကျန်းမာပျော်ရွှင်တဲ့ အလုပ်ခွင်သို့ ရောက်ရှိသွားခြင်းက ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း၊ အလုပ်မှထွက်ခွာမသွားဘဲ ရေရှည်လက်တွဲစေခြင်းသာမက သင့်ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုဟာ လုပ်ငန်းအတွက် အကြီးမားဆုံး ခွန်အားဖြစ်စေနိုင်သလို အန္တရာယ်အရှိဆုံး အားနည်းချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ် ယဉ်ကျေးမှုရဲ့ လက္ခဏာများကို သတိပြုဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကို ဖန်တီးမြှင့်တင်ဖို့ ကြိုးစားရပါမယ်။
Toxic Work Culture ဆိုတာဘာလဲ?Toxic Work Culture ဆိုသည်မှာ ဝန်ထမ်းများကြား ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထများနဲ့ ပဋိပက္ခများကို ဆက်လက်တည်မြဲစေတဲ့ အလေ့အကျင့်များ၊ မူဝါဒများ၊ စီမံခန့်ခွဲမှုပုံစံများနဲ့ လွှမ်းမိုးထားတဲ့ ကုမ္ပဏီပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဝန်ထမ်းများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ဝန်ထမ်းများရဲ့ ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှု တိုးများလာခြင်းနဲ့ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းများအတွက် အတားအဆီးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ အဖွဲ့အစည်းရဲ့ Culture က ဝန်ထမ်းတွေကို ပျော်ရွှင်မှုကင်းမဲ့စေပြီး တခြားနေရာတွေမှာ အလုပ်ရှာဖို့ တွန်းအားဖြစ်စေခြင်းနဲ့ မကျေနပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ယဉ်ကျေးမှုက ပုံမှန်အားဖြင့် အသင်းအဖွဲ့များကြား စည်းလုံးညီညွတ်မှု မရှိခြင်း၊ အလုပ်ပျက်ကွက်ခြင်းနဲ့ နောက်ကျခြင်း၊ ကုန်ထုတ်စွမ်းအား နိမ့်ကျခြင်းနဲ့ Employee Turnover မြင့်မားခြင်းတို့လို လုပ်ငန်းခွင် “နာမကျန်းမှုများ” ကို ဖြစ်ပေါ်စေပါတယ်။ခိုင်မာတဲ့ ကုမ္ပဏီယဉ်ကျေးမှုက သင့်ကုမ္ပဏီရဲ့ ရေရှည်ရပ်တည်နိုင်မှုနဲ့ လုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ အလုပ်ရှာဖွေသူများကို ဆွဲဆောင်နိုင်ပြီး ဝန်ထမ်းကောင်းများကို အလုပ်ထွက် မသွားအောင် ထိန်းသိမ်းပေးမယ့် ကောင်းမွန်တဲ့ အလုပ်ယဉ်ကျေးမှုတစ်ခုကို ဖန်တီးတည်ဆောက်ဖို့ လိုအပ်ပါတယ်။ အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ရှင်သန်ကြီးထွားလာစေဖို့အတွက် အောက်ပါမကောင်းတဲ့ ကုမ္ပဏီယဉ်ကျေးမှုရဲ့ လက္ခဏာတွေကို သတိထားသင့်ပါတယ်။
အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ယဉ်ကျေးမှုရဲ့ လက္ခဏာများမှာ
- အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုများ
(Core Values)များ မရှိခြင်း
- ရုံးတွင်း အတင်းအဖျင်းများပြောခြင်း
- ဝန်ထမ်းများ ရုံးချိန်နောက်ကျခြင်း ဒါမှမဟုတ်
အလုပ်မကြာခဏပျက်ကွက်ခြင်း
- နေ့လယ်စာ စားချိန်အတွက် သီးသန့်အချိန်မယူဘဲ နေ့လယ်စာစားရင်း အလုပ်လုပ်ခြင်း
- ဝန်ထမ်းများကြား ဖော်ရွေမှုမရှိတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း
- Management Level အတွက် Vacancy ရှိလာလျှင် လုပ်ငန်းအတွင်းမှ မခေါ်ယူဘဲ ပြင်ပမှ ခေါ်ယူခန့်အပ်ခြင်း
ဝန်ထမ်းများရဲ့အမှားကို Public မှာ ဝေဖန်ခြင်း စတာတို့ ဖြစ်ပါတယ်။ ဆက်လက်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ယဉ်ကျေးမှုရဲ့ လက္ခဏာများကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာကို အကြံပြုဆွေးနွေးသွားပါမယ်။
'' ကုမ္ပဏီရဲ့ ပင်မတန်ဖိုးထားမှုများ မရှိခြင်း ''
မကောင်းတဲ့ ကုမ္ပဏီယဉ်ကျေးမှုရဲ့ နိမိတ်လက္ခဏာမှာ ကုမ္ပဏီရဲ့ ပင်မတန်ဖိုးများ မရှိခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအရာတွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ မောင်းနှင်အားဖြစ်ပါတယ်။ ပင်မတန်ဖိုးများ မရှိခြင်းက သင့်လုပ်ငန်းဟာ ဦးတည်ချက်တစ်စုံတစ်ရာမရှိဘဲ ရွက်လွှင့်နေတဲ့လှေနဲ့ အလားသဏ္ဌာန် တူပါတယ်။ တိုးတက်နိုင်ဖွယ်မရှိပါဘူး။ ဒါ့အပြင် မလိုလားအပ်တဲ့ ယဉ်ကျေးမှုများ ဖြစ်ပေါ်လာပြီး သင့်လုပ်ငန်းရဲ့ အောင်မြင်မှုကို ပျက်ပြားစေနိုင်ပါတယ်။ဒါကြောင့် မူကြမ်းနဲ့ အခြေခံတန်ဖိုးများစာရင်းကို ထုတ်ပြန်ပါ။ ဒီအရာတွေဟာ သင့်အဖွဲ့ အစည်းအတွက် အမှန်တကယ်အရေးကြီးတဲ့ စံနမူနာများ၊ စာရင်းများဖြစ်သင့်ပြီး သင့်ရည်မှန်းချက်များ အောင်မြင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါတွေဟာ အဖွဲ့အစည်းရှိ လူအားလုံးကို Sharing မလုပ်မီ၊ ကော်မတီ အမှုဆောင်များ၊ HR ကိုယ်စားလှယ်များနဲ့ ရေရှည်လက်တွဲလာခဲ့တဲ့ ဝန်ထမ်းများအား ပင်မတန်ဖိုးများအပေါ် လိုက်လျောညီထွေဖြစ်စေဖို့ သေချာပါစေ။ အဲ့လိုပြုလုပ်ခြင်းက အပြုသဘောဆောင်တဲ့ အပြုအမူများနဲ့ သဘောထားများကို ဖော်ထုတ်နိုင်ကာ ပေါင်းစည်းထားတဲ့ ကုမ္ပဏီယဉ်ကျေးမှုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
'' မန်နေဂျာများ ကုမ္ပဏီရဲ့ ပင်မတန်ဖိုးများကို မလိုက်နာခြင်း ''
ဝန်ထမ်းများဟာ မန်နေဂျာရဲ့ လမ်းညွန်ပြသပေးမှုကို မျှော်ကိုးကြပါတယ်။ ဒါ့ကြောင့် မန်နေဂျာများက လုပ်ငန်းရဲ့ ပင်မတန်ဖိုးများကို မလိုက်နာပါက ဝန်ထမ်းများဟာလည်း အဲ့ဒီမန်နေဂျာတွေလိုပဲ လိုက်နာမှာ မဟုတ်ပါဘူး။ ပိုဆိုးတာက လုပ်ငန်းစည်းမျဉ်းများ မလိုက်နာတဲ့ မန်နေဂျာများရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည်မရှိစ ပြုလာပါမယ်။ ကိုယ့်အအထက်လူကြီးများကို ရှုတ်ချလိမ့်မယ်ဖြစ်ပြီး ခေါင်းဆောင်မှုနဲ့ ဝန်ထမ်းများကြားမှာ ပြတ်သားစွာကွဲပြားမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်နေဂျာများဟာ စံနမူနာပြပြီး လူတိုင်းကို တာဝန်ခံမှုရှိအောင် လေ့ကျင့်ပေးရပါမယ်။ ပင်မတန်ဖိုးများဟာ မိမိယဉ်ကျေးမှုနဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်ငန်းရဲ့အောင်မြင်မှုအတွက် အရေးပါတာကြောင့် ၎င်းတို့ကို မိမိအဖွဲ့ရဲ့ အဖွဲ့ဝင်တိုင်းက ထောက်ခံကြောင်း သေချာပါစေ။ ဝန်ထမ်းများအားလုံးကို တူညီတဲ့ စံနှုန်းများအတိုင်း ထားရှိခြင်းက တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။
'' လုပ်ငန်းခွင်အတွင်း အတင်းအဖျင်းပြောခြင်း ''
အလယ်တန်းကျောင်းသားအရွယ်မှာ ကလေးသဘာ၀ အတင်းပြောခြင်းက ကိစ္စမရှိပေမယ့် ရုံးလုပ်ငန်းခွင်မှာ သေချာပေါက် မသင့်တော်ပါဘူး။ အတင်းအဖျင်းပြောခြင်းက သင့်အလုပ်သမား အင်အားကို ကွဲပြားစေတဲ့ မလိုလားအပ်တဲ့ အုပ်စုတွေဆီ ဦးတည်သွားပြီး အလုပ်သမားတွေကို တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ပြီး ယုံကြည်စိတ်ချမှုမရှိတဲ့ ယဉ်ကျေးမှုကို ဖန်တီးပေးနိုင်တယ်။တကယ်လို့ လုပ်ငန်းခွင်အတင်းအဖျင်းပြောတဲ့ ကောလာဟလတွေကို သတိပြုမိရင် အခြေအနေကို ဆက်လက်စုံစမ်းပါ။ မကြာခဏ ပါဝင်ပတ်သက်နေပုံရတဲ့သူတွေကို ခွဲခြားသိဖို့ ကြိုးစားပြီး တစ်ယောက်ချင်းတစ်ယောက်နဲ့ စကားပြောဖို့ ကြိုးစားပါ။ ဒီအပြုအမူကို သည်းခံခွင့်ပြုမှာမဟုတ်ကြောင်း ဝန်ထမ်းတိုင်းသိစေဖို့ ကုမ္ပဏီတစ်ခုလုံးကို တရားဝင်အကြောင်းကြားသင့်ပါတယ်။
'' အလုပ်ထွက်နှုန်း မြင့်မားခြင်း ''
အလုပ်ထွက်နှုန်းများခြင်းဟာ မိမိလုပ်ငန်းခွင်ရဲ့ Toxic Culture ဖြစ်နေတယ်လို့ မီးမောင်း ထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ယဉ်ကျေးမှုက ဝန်ထမ်းတွေကို မောင်းထုတ်စေရုံသာမက အလုပ်ရှာဖွေသူတွေကိုလည်း သင့်အဖွဲ့အစည်းကို အလေးအနက်မထားမိအောင် ဟန့်တားပါလိမ့်မယ်။သင့်ကုမ္ပဏီရဲ့ ယဉ်ကျေးမှုဗျူဟာကို နှစ်ဆချဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါကိုလုပ်ဖို့၊ ပြဿနာရဲ့ အရင်းမြစ်ကို နားလည်ဖို့လိုပါတယ်။ ဝန်ထမ်းများ ထွက်ခွာရတဲ့ အကြောင်းအရင်းများကို အင်တာဗျူးများမှာ စုံစမ်းစစ်ဆေးပါ။ သူတို့ကို စိတ်ပျက်စေတဲ့ သင်ရဲ့ ယဉ်ကျေးမှုနဲ့ ခွဲခြမ်းရခက်တဲ့ ကဏ္ဍများကို နားလည်ဖို့ ကြိုးစားပါ။ပြီးရင် ဝန်ထမ်းများ၊ အထူးသဖြင့် ရေရှည်ဝန်ထမ်းများကို သူတို့ ဘာကြောင့် သင့်လုပ်ငန်းမှာ ဆက်လက်ရှိနေသေးတာကို သိရှိနားလည်ဖို့၊ ဝန်ထမ်းများနဲ့ စကားပြောပါ။ ဝန်ထမ်းတွေကို စစ်တမ်း ကောက်ယူပြီး ရလဒ်တွေကို သေချာခွဲခြမ်းစိတ်ဖြာပါ။ တိုးတက်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာ သိပြီးတာနဲ့ အဲ့ဒါကို လုပ်ဆောင်ပါ။
'' oန်ထမ်းများ ရုံးချိန်နောက်ကျခြင်းဒါမှမဟုတ် အလုပ်တက်ရောက်မှု ပျက်ကွက်ခြင်း ''
ဝန်ထမ်းများ ရုံးချိန်နောက်ကျခြင်း ဒါမှမဟုတ် အလုပ်ပျက်ခြင်းများကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အထူးသဖြင့် Middle and Senior Managers များဟာ ပုံမှန် မိနစ်(၃၀)ခန့် အမြဲနောက်ကျလေ့ရှိပါက ထိုသူတွေရဲ့ လက်အောက်ငယ်သားများကလည်း အလားတူ လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ထပ်ခါတလဲလဲ နောက်ကျတတ်သူများနဲ့ အလုပ်ချိန် ပြည်လည်ဆွေးနွေးကြည့်သင့်ပါတယ်။ အိမ်နဲ့အလုပ်ဝေးလွန်းခြင်း၊ မိသားစု၊ ကိုယ်ရေးကိုယ်တာ ကိစ္စများရှိနေခြင်း (ဥပမာ- ကလေးကျောင်းပို့ပေးခြင်း) စတဲ့အချက်တွေကြောင့် နောက်ကျတာ ဖြစ်နိုင်တဲ့ အတွက် နှစ်ဖက်ညှိနှိုင်းဖို့ အကြံပြုလိုပါတယ်။ အတူတကွ ချဉ်းကပ်မှုများက အလုပ် ပျက်ကွက်မှုနှုန်းကို လျော့ချဖို့နဲ့ ပေါင်းသင်းဆက်ဆံရေးကို ဦးစားပေးတဲ့ အပြုသဘောဆောင်တဲ့ အလုပ်ယဉ်ကျေးမှုကို ဖန်တီးဖို့ ကူညီပေးပါလိမ့်မယ်။
'' မန်နေဂျာရာထူးများအား လက်ရှိဝန်ထမ်းများမှမခန့်အပ်ဘဲ ပြင်ပမှခန့်အပ်ခြင်း ''
အထူးသဖြင့် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအဆင့်အတွက် သင့်အလုပ်ခန့်မှုအသစ်အားလုံးဟာ ကုမ္ပဏီပြင်ပမှဖြစ်နေပါက လက်ရှိဝန်ထမ်းများဟာ အရေးမပါတဲ့ ဒါမှမဟုတ် ၎င်းတို့က ရာထူးတိုးဖို့ မလုံလောက်ကြောင်း မက်ဆေ့ချ်ပို့နေခြင်းဖြစ်ပါတယ်။ ဒါဟာ အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ယဉ်ကျေးမှုဆီကို တွန်းအားပေးနေပါတယ်။ဒါကြောင့် ဝန်ထမ်းများရဲ့ သုံးသပ်ချက်များကို အာရုံစိုက်ပါ။ ဝန်ထမ်းတစ်ဦးက ရာထူးတိုးမြှင့်လိုခြင်း ရှိ၊ မရှိ ပိုင်းခြားသိမြင်နိုင်စေမယ့် မေးခွန်းတစ်ခုကို ပေါင်းထည့်ကာ အလားအလာရှိတဲ့ ဝန်ထမ်းများအား လိုအပ်သည်များကို လမ်းညွှန်သင်ကြားပေးဖို့အတွက် တရားဝင်ပရိုဂရမ်တစ်ခု စတင်ကြည့်ပါ။
'' မန်နေဂျာများက ဝန်ထမ်းများအားလူသိရှင်ကြား ပြစ်တင်ဝေဖန်ခြင်း ''
ဝန်ထမ်းတိုင်းက အမှားတွေလုပ်တတ်ကြတာ သဘာဝပါ။ တစ်ခါတရံ ဆိုးရွားတဲ့အမှားမျိုး တွေလည်း ကျူးလွန်တတ်ကြပါတယ်။ အထက်လူကြီးက လက်အောက်ငယ်သားရဲ့အမှားကို ဝန်ထမ်း အမည်တပ်ပြီး အများသူငှာ ကြားသိအောင် ပြုလုပ်ခြင်းကလည်း Toxic Culture သို့ ဦးတည်စေပါတယ်။ချီးကျူးစရာရှိရင် အများရှေ့မှာ ချီးကျူးပါ။ ပြင်ဆင်ဖို့လိုအပ်တာတွေကိုတော့ Private မှာ ပြောပြပါ။ အမှားကိုသိပြီး အမှန်ကိုပြင်ဆင်ဖို့ အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ Healthy Work Environment ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုကို ခဏတာအာရုံစိုက်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ Ongoing process တစ်ခုဆိုတာ နားလည်ထားရပါမယ်။ Toxic Work Culture ရဲ့ လက္ခဏာရပ်တွေကို ကိုင်တွယ်ဖြေရှင်းပြီးနောက်မှာတောင် မိမိအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ပုံမှန်စစ်ဆေးပြီး ဘယ်လိုတိုးတက်မှုတွေ ရနိုင်မလဲဆိုတာကို ကြည့်ရှု့သင့်ပါတယ်။ သင်ရဲ့ ကြိုးစား အားထုတ်မှုက ရေရှည်မှာ အကျိုးရှိမယ်ဆိုတာကို မမေ့ပါနဲ့၊ အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ယဉ်ကျေးမှုရဲ့ သားကောင်များဟာ မကြာခဏဆိုသလို အလုပ်သမားများဖြစ်တဲ့အတွက် လိုအပ်တဲ့နေရာမှာ ယဉ်ကျေးမှုကို သတ်မှတ်ဖို့နဲ့ ပြုပြင်ဖို့ စီမံခန့်ခွဲမှုမှာ တာဝန်ရှိပေမယ့်လည်း ဝန်ထမ်းများထံမှ တုံ့ပြန်ချက်ရယူပြီး ပါဝင်ပတ်သက်ခွင့်ပြုပါက ပြီးမြောက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ လူတွေက ယဉ်ကျေးမှုကို ဖန်တီးပါတယ်။ ဒါကြောင့် Toxic Work Culture ဖြစ်စေတဲ့ လုပ်ဆောင်ချက်များကို ရှောင်ကြဉ်နိုင်ကြပြီး ကောင်းမွန်တဲ့ Healthy Work Environment ကို ဖန်တီးနိုင်ကြပါစေကြောင်း ဒီဆောင်းပါးဖြင့် ဆန္ဒပြုလိုက်ပါတယ်။
Daw Thwe Thwe Aye
M.Com, B.Com (MEUE), Meiktila University of Economics
စာရေးသူ/ကိုးကားခြင်း
Ainomugisha, G. (2019) 7 concerning signs of a toxic work culture, The 6Q Blog. The 6Q Blog. Available at: https://inside.6q.io/toxic-work-culture/ (Accessed: February 27, 2023).
Donald Sull, C.S. (2022) Why every leader needs to worry about toxic culture, MIT Sloan Management Review. MIT Sloan Management Review. Available at: https://sloanreview.mit.edu/.../why-every-leader-needs.../ (Accessed: February 27, 2023).
Heinz, K. (2022) Toxic work culture: 16 examples and how to improve it, Built In. Built In. Available at: https://builtin.com/company-culture/bad-company-culture (Accessed: February 27, 2023).
Ryan, L. (2022) Ten unmistakable signs of a toxic culture, Forbes. Forbes Magazine. Available at: https://www.forbes.com/.../ten-unmistakable-signs-of.../... (Accessed: February 27, 2023).
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
4 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
4 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
