Business Management and Leadership နယ်ပယ်များမှ ရလိုက်တဲ့ ဘဝဒဿန (၁၈) ချက်။
၁။ ငယ်ရွယ်စဉ်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်ထက် လုပ်သင့်တဲ့အလုပ်တွေကို Commitment အပြည့်ဖြင့် လုပ်ပါ။ စိတ်ကို သိပ်အလိုမလိုက်ပါနဲ့ဦး။ အဲဒါမှ နောင်အသက်ကြီးလာတဲ့အခါမှာ ကိုယ်လုပ်ချင်တာကို ရွေးချယ်လုပ်နိုင်ဖို့ အခွင့်အရေးရှိလာမှာပါ။ ၂။ ဘယ်အလုပ်ကိုလုပ်လုပ် အမှုမဲ့အမှတ်မဲ့မလုပ်ဘဲ၊ “စူးစမ်းစိတ်” ဖြင့်လုပ်ပါ။ ၃။ ပြန်စဉ်းစားသုံးသပ်ပါ။ (Self-reflection) ၄။ ကိုယ့်ကိုယ်ကိုယ် (သူများခိုင်းတာမခံချင်ရင်) အပြည့်ခိုင်းထားပါ။ အရွယ်ရလာတာနဲ့အမျှ သူများ ခိုင်းခံရတဲ့ရာနှုန်း လျော့နည်းသွားပါစေ။ (Self-managed) ၅။လက်တွေ့ဆန်တဲ့ အိမ်မက်ကြီးကြီး (Realistic Dream/ Vision/ Aim) ရှိပါစေ။ ဒီလိုပန်းတိုင် ရှိထားမယ်ဆိုရင် မိမိလုပ်တဲ့အလုပ်တိုင်းကို ဘာကြောင့်လုပ်ရတာလဲဆိုတာကို သိနေတဲ့အတွက်၊ အလုပ်တိုင်းက ကိုယ့်အတွက်၊ အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။ ၆။ ကိုယ့်ကိုယ်ကို SWOT Analysis အနည်းဆုံး တစ်နှစ်တခါတော့လုပ်ပါ။ အဖြစ်မလုပ်ပါနဲ့။ သေချာ မှတ်တမ်းလုပ်ထားပါ။ ၇။ SWOT Analysis က ရလာတဲ့ အခြေအနေပေါ်မူတည်ပြီး၊ ပန်းတိုင်ကိုရောက်အောင် လျှောက်ရမယ့် လမ်းကြောင်း (Strategy) ကို သေချာသုံးသပ်ပြီး၊ မှန်ကန်စွာရွေးချယ်ပါ။ ၈။ ချမှတ်ထားတဲ့ Strategy လမ်းကြောင်းအတိုင်း စတင်လျှောက်လမ်းဖို့ ပြင်ဆင်ရာမှာလည်း၊ တဖြတ်စီဖြတ်ပြီး၊ ရေတို Mission အဖြစ်လုပ်ဆောင်ပါ။ Mission တစ်ခုပြီးတိုင်း မမေ့မလျော့ အောင်ပွဲခံပါ။ (တစ်ယောက်တည်းဖြစ်ချင်ဖြစ်ပါစေ။ ဒါဟာ နောက်ဆင်နွှဲမယ့် Mission အတွက် အင်အား ဖြစ်စေနိုင်ပါတယ်။) အရေးကြီးတာက ရေတိုရလဒ်နောက်ကို လိုက်လွန်းပြီး၊ ရေရှည်ပန်းတိုင်ကို မမေ့လျော့ မပျက်စီးပါစေနဲ့။ ၉။ မအောင်မြင်ခဲ့ရင်လည်း၊ ဘာကြောင့် မအောင်မြင်ရတာလဲဆိုတာကို ပြန်လည်သုံးသပ်ပြီး Lessons learned လုပ်ပါ။ သင်ခန်းစာယူပါ။ ပြန်လည်နိုးထပါ။ ပထမအကြိမ်ထက် ပိုမိုကောင်းမွန်တဲ့နည်းစနစ်နဲ့ ပြန်လျှောက်ပါ။ ၁၀။ လျှောက်လှမ်းရာမှာလည်း ပုံစံတကျ (Structure) ဖြစ်ပါစေ။ လျှောက်ရမယ့်လမ်းနဲ့ လျှောက်ရမယ့်ပုံစံ (Strategy and Structure) အံဝင်ခွင်ကျဖြစ်ပြီး အချိတ်အဆက်မိပါစေ။ ၁၁။ ကိုယ်ထွင်ထားတဲ့လမ်းကို ကိုယ့်ဟာကိုယ်လျှောက်တာဆိုပြီး၊ လျှောက်ချင်သလိုမလျှောက်ပါနဲ့။ (Principles) ဆိုတဲ့ စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး ကိုယ်တိုင် တိတိကျကျလိုက်နာပါ။ ချိုးဖောက်မိရင် ကိုယ့်ကိုယ်ကို အပြစ်ပေးပါ။ ၁၂။ လျှောက်ရမယ့်လမ်း၊ လျှောက်ရမယ့်ပုံစံနဲ့ လျှောက်လှမ်းရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေကို ချမှတ်ပြီးရင်၊ ဘယ်လိုခံယူချက် စိတ်ဓာတ်နဲ့လျှောက်မလဲဆိုတဲ့ (Value/ Credo/ Culture/ Mindset/ Behavior pattern..) တွေကို သေချာခံယူပြီး မလျှော့သော ဇွဲလုံ့လစီရိယတို့ဖြင့် ပန်းတိုင် ရောက်အောင် စပြီးလျှောက်ပါတော့။ ကိုယ့်အတွက် မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်ပြီး၊ အဲဒီလမ်းကြောင်း အတိုင်းလျှောက်လို့ ပန်းတိုင်ရောက်သွားတယ်ဆိုရင်တော့ (Effective) ဖြစ်သွားပြီပေါ့။ ၁၃။ အမှန်တကယ် လျှောက်ပြီ (Operations) ဆိုရင်လည်း၊ အချိန်၊ ငွေ၊ စတဲ့ သုံးစွဲမယ့် Resources တွေကို အလေအလွင့်အနည်းဆုံး (Efficient) ဖြစ်အောင် ဂရုစိုက်ပြီးစီစဉ်ထားပါ။ ၁၄။ Strategy (အတွေး၊ အပြော) အတိုင်း Operations (အလုပ်) လိုက်နိုင်အောင်ကြိုးစားပါ။ အတွေး၊ အပြောနဲ့အလုပ်ညီပါစေ။ ၁၅။ အလုပ်မှာလည်း မဖြစ်မနေ သေချာပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်ရမယ့် အချက် ၅ ချက်လောက် အမြဲရှိနေပါစေ။ ဒါတွေက ကိုယ့်ရဲ့ Critical Success Factors တွေဘဲပေါ့။ ဒီ CSFs တွေကို အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး လိုအပ်သလို ပြောင်းလဲနိုင်အောင် ကြိုးစားပါ။ ၁၆။ အခြေအနေ (PEST/ PESTEL) ပေါ်မူတည်ပြီး၊ မိမိရဲ့ Vision နဲ့ Strategy ပြောင်းလဲသွားရင်၊ Operations လည်း လိုက်ပြောင်းရပါလိမ့်မယ်။ Operations ပြောင်းရင်တော့ CSFs လည်း ပြောင်းသွားနိုင်တာပေါ့။ ပိုကောင်းတဲ့အတွေးတွေရလာရင်၊ အပြောအဆို ပိုပြေပြစ်လာပြီး၊ ပိုပြီးတော့ ကောင်းကောင်း လုပ်လာနိုင် သလိုပေါ့။ ဒါမှမဟုတ် Strategy က ‘ဉာဏ်’ ဆိုရင် Operations က ‘ဝီရိယ’ ပေါ့။ ကျမတို့က ဝီရိယ အားနည်းတတ်ကြပါတယ်။ အပြောများပြီး အလုပ်နည်းတတ်ကြပါတယ်။ ၁၇။ ပြီးတော့ အလုပ်တိုင်းမှာ Commitment အပြည့်နဲ့၊ ‘စေတနာ’ နဲ့လုပ်ကြမယ်ဆိုရင် ‘ကံ’ ကောင်းလာပြီး၊ အောင်မြင်လာပါလိမ့်မယ်။ ‘စေတနာ’ ဆိုတာ ထားရမယ့်စိတ် ‘Action’ ဖြစ်ပြီး၊ ‘ကံ’ ဆိုတာ ‘Result’ နောက်ဆက်တွဲ အကျိုးဆက်ပါ။ Result ကို ကျမတို့က မလွှမ်းမိုးနိုင်ပေမယ့် ‘Action’ ကိုတော့ ကျမတို့က လုပ်နိုင်ကြပါတယ်။ ၁၈။ Acton ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယကိုတော့ မလျှော့တမ်း အားထုတ်နေကြရမှာဖြစ်ပြီး၊ Result ကိုတော့ ရောင့်ရဲတင်းတိမ်နိုင်ရမှာပါ။ လုပ်စရာရှိတာတွေကို အားအင်အပြည့်နဲ့ နောင်တမရကြေးလုပ်ဆောင်ပြီး၊ ရလဒ်ကိုတော့ (လောကဓမ္မ ၈ပါးရှိတဲ့အတွက်ကြောင့်) ဘယ်လိုဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။ ကောင်းတဲ့အလုပ်တွေကို ကောင်းမွန်တဲ့စိတ်စေတနာနဲ့ လုပ်နေတဲ့သူတွေအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေရလာမှာ သေချာပါတယ်။ လုံးဝသေချာပါတယ်။ We must keep moving forward anyway! Daw Aye Aye Win B. Com (Hons), M.Com (YUE), Diploma in English, M.A (International Business Studies), (Sophia University, Japan)
Latest Articles
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EI-Emotional Intelligence): ကျောင်းသားများအတွက် တစ်သက်တာ အောင်မြင်ဖို့ လျှို့ဝှက်ချက်
1 day ago
လုပ်ငန်းတွေကို ရေရှည်တည်တံ့အောင် နေရာယူစေမယ့် “စွမ်းဆောင်ရည်ထိန်းချုပ်မှု” လျှို့ဝှက်ချက်
2 days ago
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
4 days ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
6 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
6 days ago
