Big Data ရဲ့အရေးပါပုံ
ဒီနေ့ခေတ်မှာ နည်းပညာ အဆမတန် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှိတဲ့ နယ်ပယ်တွေကလည်း သက်ဆိုင်ရာ အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်နဲ့ သိမ်းဆည်းလာကြပါတယ်။ အဲ့ဒီနယ်ပယ်အသီးသီးကနေ ဒေတာတွေဟာ အဆမတန်ဖောင်းပွနေပါတယ်။ လူမှုကွန်ရက်ပေါ်က ပို့စ်တွေကနေစလို့ အွန်လိုင်းဈေးဝယ်ဝယ်ယူမှုတွေအထိ၊ ကျွန်တော်တို့လုပ်ဆောင်တဲ့လုပ်ရပ်တိုင်းဟာ ဒေတာတွေကို ဖန်တီးနေပါတယ်။ ဒီလိုများပြားလှတဲ့ ဒေတာတွေကို Big Data လို့ခေါ်ပြီး ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းအသီးသီးအတွက် အလားအလာကြီးမားတဲ့ အခွင့်အလမ်းတွေကို Big Data က ပေးစွမ်းနိုင်ပါတယ်။ Big Data ရဲ့သဘောတရားကို နားလည်ခြင်းအားဖြင့် Big Data ကလုပ်ဆောင်ပေးနိုင်သော လုပ်ဆောင်ချက်များကို အသုံးချပြီး များပြားလှတဲ့ အကျိုးကျေးဇူးတွေကို ရယူနိုင်ပါတယ်။
Big Data ဆိုတာဘာလဲ
Big Data ဆိုတာက Data တွေကို ပုံမှန်စီမံခန့်ခွဲတဲ့ နည်းလမ်းတွေနဲ့ ထိထိရောက်ရောက် စီမံခန့်ခွဲခြင်း၊ လုပ်ဆောင်ခြင်း သို့မဟုတ် Analysis မပြုလုပ်နိုင်တဲ့ ပမာဏကြီးမားပြီး ရှုပ်ထွေးတဲ့ ဒေတာအစုအဝေးတွေကို ဆိုလိုပါတယ်။ Big Data ရဲ့သဘောတရားကို နားလည်ဖို့ဆိုရင် ဒေတာရဲ့ပမာဏ (Volume)၊ အမြန်နှုန်း (Velocity)၊ အမျိုးအစား (Variety) နဲ့ ယုံကြည်စိတ်ချရမှု (Veracity) ဆိုတဲ့ အချက်လေးချက်ကို အဓိကထား စဉ်းစားရပါတယ်။
ပမာဏ (Volume): Big Data ဟာ ပမာဏအားဖြင့် အလွန်ကြီးမားပါတယ်။ ဒေတာပမာဏကို တစ်ရာဘီလီယံ (Terabytes) သို့မဟုတ် ပီတာဘိုက် (Petabytes) လို အတိုင်းအတာတွေနဲ့ တိုင်းတာလေ့ရှိပါတယ်။
အမြန်နှုန်း (Velocity): ဒေတာတွေကို အလွန်မြန်ဆန်စွာ ထုတ်လုပ်နိုင်ပြီး၊ အချိန်နဲ့တစ်ပြေးညီ စုဆောင်းနိုင်ပါတယ်။
အမျိုးအစား (Variety): Big Data မှာ စနစ်တကျဖွဲ့စည်းထားတဲ့ ဒေတာ (ဥပမာ- ဒေတာဘေ့စ်တွေ)၊ စနစ်တကျမဖွဲ့စည်းထားတဲ့ ဒေတာ (ဥပမာ- လူမှုကွန်ရက်ပို့စ်တွေ၊ အာရုံခံကိရိယာတွေကနေ ရတဲ့ဒေတာ) အစရှိတဲ့ မတူညီတဲ့ ဒေတာအမျိုးအစားတွေ ပါဝင်ပါတယ်။
ယုံကြည်စိတ်ချရမှု (Veracity): Big Data မှာ ပါဝင်တဲ့ဒေတာတွေရဲ့ အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုကို ဆိုလိုပါတယ်။ ဒေတာတွေထဲမှာ အမှားအယွင်းတွေ နဲ့ မဆီလျော်မှုတွေ ပါဝင်နေတတ်ပါတယ်။
Big Data ရဲ့အကျိုးကျေးဇူးများ
Big Data tools များကိုအသုံးပြုခြင်းအားဖြင့် လုပ်ငန်းများအနေနဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။
၁။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ: Big Data ဆန်းစစ်ခြင်းဟာ လုပ်ငန်းတွေကို ပိုမိုတိကျတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးပါတယ်။ ဒေတာပမာဏအမြောက်အမြားကို ဆန်းစစ်ပြီး ထွက်ပေါ်လာတဲ့အချက်အလက်တွေဟာ မဟာဗျူဟာချမှတ်ခြင်းနဲ့ လုပ်ငန်းလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
၂။ Customer တွေရဲ့အတွေ့အကြုံကို မြှင့်တင်ပေးခြင်း: Customer တွေရဲ့ဒေတာတွေကို ဆန်းစစ်ခြင်းအားဖြင့် လုပ်ငန်းတွေဟာ Customer တွေရဲ့ စိတ်ကြိုက်အပြုအမူတွေကို ပိုမိုနားလည်လာနိုင်ပါတယ်။ ဒါဟာ စျေးကွက်ရှာဖွေရေးနည်းဗျူဟာတွေနဲ့ Customer တွေရဲ့စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ လုပ်ငန်းလည်ပတ်မှု ပိုမိုထိရောက်စေခြင်း: Big Data ဟာ လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။ အားနည်းချက်ရှိနေတဲ့နေရာတွေကို ဖော်ထုတ်ပြီး ဘယ်နေရာတွေမှာ တိုးတက်အောင် လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ပြနိုင်ပါတယ်။ ဒါဟာ ကုန်ကျစရိတ်ကို သက်သာစေပြီး ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
၄။ ဆန်းသစ်တီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု: Big Data ဟာ ဆန်းသစ်တီထွင်နိုင်စွမ်းတွေရှိပါတယ်။ ဈေးကွက်ထဲက အလားအလာတွေနဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပေးပြီး Customer တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုအသစ်တွေကို ဖန်တီးနိုင်အောင် ကူညီပေးပါတယ်။
၅။ အန္တရာယ်စီမံခန့်ခွဲမှု: ဒေတာပုံစံတွေကို ဆန်းစစ်ခြင်းအားဖြင့် လုပ်ငန်းတွေဟာ အန္တရာယ်တွေကို ကြိုတင်ခန့်မှန်းပြီး လျှော့ချနိုင်ပါတယ်။ ဒါဟာ ဘဏ္ဍာရေးနဲ့ အာမခံလုပ်ငန်းတွေမှာ အထူးအရေးပါပါတယ်။
Big Data ရဲ့အသုံးဝင်ပုံများ
Big Data ဟာ နယ်ပယ်များစွာမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနေပါတယ်။ ဥပမာ-
၁။ ကျန်းမာရေး: Big Data ဟာ လူနာတွေရဲ့အချက်အလက်တွေကို ဆန်းစစ်ပြီး ရောဂါကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတို့ကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။
၂။ စျေးကွက်ရှာဖွေရေး: စျေးကွက်ရှာဖွေရေးမှာ Big Data ကို သုံးပြီး စားသုံးသူတွေရဲ့အပြုအမူကို ဆန်းစစ်ပါတယ်။ စျေးကွက်ရှာဖွေရေးလုပ်ငန်းတွေကို ပိုမိုထိရောက်အောင် လုပ်ဆောင်ပြီး အမြတ်အစွန်းကို မြှင့်တင်ပေးပါတယ်။
၃။ ဘဏ္ဍာရေး: ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ Big Data ကို အသုံးပြုပြီး လိမ်လည်မှုတွေကို ရှာဖွေဖော်ထုတ်ပါတယ်။ ချေးငွေအန္တရာယ်ကို ဆန်းစစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပါတယ်။
၄။ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ: အစိုးရတွေဟာ Big Data ကို အသုံးပြုပြီး အများပြည်သူဆိုင်ရာဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါတယ်။ မြို့ပြစီမံကိန်းချမှတ်ခြင်းကနေ အရေးပေါ်တုံ့ပြန်မှုတွေအထိ Big Data ဟာ အသုံးပြုသူတွေကို အကျိုးပြုတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်အောင် ကူညီပေးပါတယ်။
Big Data ဟာ အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပေမယ့် စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ကိုယ်ရေးကိုယ်တာဒေတာတွေကို စုဆောင်းခြင်းနဲ့ ဆန်းစစ်ခြင်းဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒေတာရဲ့ပမာဏကြီးမားမှုဟာ စီမံခန့်ခွဲဖို့ ခက်ခဲစေပြီး ထိရောက်တဲ့ဒေတာစီမံခန့်ခွဲမှုနည်းဗျူဟာတွေ လိုအပ်ပါတယ်။
Big Data ဟာ စွမ်းအားကြီးတဲ့ Tool တစ်ခုဖြစ်ပြီး လုပ်ငန်းတွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ Big Data ကို နားလည်ပြီး အသုံးချခြင်းအားဖြင့် လုပ်ငန်းတွေဟာ အခွင့်အလမ်းအသစ်တွေကို ရှာဖွေနိုင်ပြီး ဆန်းသစ်တီထွင်မှုတွေကို လုပ်ဆောင်နိုင်ကာ ဒေတာအခြေပြုကမ္ဘာကြီးထဲမှာ ပိုမိုအောင်မြင်မှုတွေ ရရှိနိုင်ပါတယ်။
Understanding Big Data: Definition, Importance, and Applications – Datolab ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Sandi Su Hlaing
Lecturer, Strategy First Int'l College
B.C.Sc., B.C.Sc. (Hons), M.C.Sc.
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
