ဘွဲ့ကြိုတန်းအတွက် Assignment တစ်ခုရေးသားနည်း အဆင့်ဆင့်
Assignment တစ်ခုရေးသားရာမှာ စနစ်တကျနဲ့ ပညာရပ်ဆိုင်ရာ စံနှုန်းများနဲ့အညီ ပြုစုနိုင်ဖို့ အရေးကြီးပါတယ်။ ဤဆောင်းပါးမှာ Assignment တစ်ခုရေးသားရတဲ့အခါ လိုက်နာရမဲ့ အဆင့်တွေကို ရှင်းလင်းစွာ ဖော်ပြပေးထားပါတယ်။
၁။ Assignment Brief အတ္ငင်းရှိဖော်ပြချက်များကို နားလည်ခြင်း
Assignment စတင်မရေးသားမီ ပထမဦးစွာ Assignment Brief ကို သေချာစွာ ဖတ်ရှုပြီး နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ အောက်ပါအချက်များကို သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။ Assignment ရဲ့ ခေါင်းစဉ်ကို သေချာစွာ နားလည်အောင်ဖတ်ရှုပါ။ မရှင်းလင်းပါက ဆရာ/ဆရာမကို မေးမြန်းတာတို့ တိုင်ပင်ဆွေးနွေးတာတို့ ပြုလုပ်သင့်ပါတယ်။ ရည်ရွယ်ချက်ကတော့ Assignment Brief ကဘာကို ရည်ရွယ်ချင်တာလဲ ဆိုတာ သိရှိအောင်လုပ်ပါ။ (ဥပမာ - ဝေဖန်သုံးသပ်ခိုင်းတာလား၊ ရှင်းလင်းဖော်ပြခိုင်းတာလား၊ နှိုင်းယှဉ်ခိုင်းတာလား)
Assignment အတွက် သတ်မှတ်ထားတဲ့စာလုံးအရေအတွက်၊ ရေးသားရမဲ့ ပုံစံ၊ သုံးစွဲရမဲ့ စာလုံး ပုံစံ အမျိုးအစား၊ ရက်စွဲနဲ့ ကိုးကားချက်စနစ်များကို သတိပြုပါ။
၂။ သုတေသနပြုလုပ်ခြင်းနဲ့ အရင်းအမြစ်များ စုဆောင်းခြင်း
Assignment တစ်ခုအတွက် အထောက်အကူပြုပေးနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များကို စုဆောင်းဖို့ အရေးကြီးပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းများကို ရှာဖွေပါ။ ဒါ့အပြင် ပညာရပ်ဆိုင်ရာ ဂျာနယ်များ၊ ဝက်ဘ်ဆိုက်များနဲ့ အွန်လိုင်းစာကြည့်တိုက်များကိုပါ အသုံးပြုနိုင်ပါတယ်။ ထို့နောက် စုဆောင်းထားတဲ့ အချက်အလက်များကို စနစ်တကျ မှတ်သားထားပါ။
၃။ Assignment ရဲ့တည်ဆောက်ပုံ (Introduction, Body, Conclusion)
Assignment တစ်ခုကို စနစ်တကျ တည်ဆောက် ရေးသားနိုင်ဖို့ အောက်ပါအပိုင်းများကို လိုက်နာဖို့ လိုအပ်ပါတယ်။
(က) မိတ်ဆက် (Introduction)
Assignment ရဲ့ ရည်ရွယ်ချက်နဲ့ အဓိကအကြောင်းအရာကို မိတ်ဆက်အနေနဲ့ ပြောပြပေးပါ။ မေးခွန်းတစ်ခု သို့မဟုတ် အဓိကအချက်ကို ရေးသားပေးပါ။ အရေးအကြီးဆုံးကတော့ စာဖတ်သူ စိတ်ဝင်စားအောင် ရေးသားပါ။
(ခ) စာကိုယ်ပိုင်း (Body)
အကြောင်းအရာကို အပိုင်းခွဲပြီး ရှင်းလင်းစွာဖော်ပြပါ။ ဒီအပိုင်းအတွက် သက်သေပြချက်များ၊ ဥပမာများနဲ့ ခိုင်မာမှုရှိတဲ့ အချက်အလက်များကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဆွေးနွေးချက်များကို ယုတ္တိရှိစွာ ရေးသားပါ။
(ဂ) နိဂုံး (Conclusion)
Assignment နဲ့ ပတ်သက်တဲ့ အဓိကအချက်များကို အကျဉ်းချုပ်ပြီး ဖော်ပြပါ။ ဒီအပိုင်းမှာ ရလဒ်များနဲ့ သင်ခန်းစာများကိုပါ ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်လေ့လာစရာများကိုပါ အကြံပြုချက်များအဖြစ် ထည့်သွင်းနိုင်ပါတယ်။
၄။ ရေးသားခြင်းဆိုင်ရာ အကြံပြုချက်များနဲ့ ပညာရပ်ဆိုင်ရာ စာရေးဟန်များကို နားလည်ခြင်း
ရှုပ်ထွေးတဲ့ ဝါကျတည်ဆောက်ပုံများကို ရှောင်ပြီး ရိုးရိုးရှင်းရှင်းဖြစ်တဲ့ ဘာသာစကားကို အသုံးပြုပါ။ ပညာရပ်ဆိုင်ရာ Assignment များမှာ Formal Writing ကို အသုံးပြုပါ။ အတိုကောက်များနဲ့ Social Media တွင်ရေးသားလေ့ရှိတဲ့ စာရေးဟန်များကို ရှောင်ပါ။ အချက်အလက်များကို ယုတ္တိရှိရှိ ရေးသားနိုင်အောင် စီစဉ်ပါ။ ထို့အပြင် ဆွေးနွေးချက်များကို ရှင်းလင်းစွာ ဖော်ပြပါ။
၅။ ကိုးကားချက်နဲ့ မှတ်စုစနစ်များ
ပညာရပ်ဆိုင်ရာ Assignment များမှာ ကိုးကားချက်များကို မှန်ကန်စွာ ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ Assignment Brief များမှာ သတ်မှတ်ထားတဲ့ ကိုးကားချက်စနစ်များ APA, MLA, Chicago စသည် တို့ကို သေချာစွာ လိုက်နာပါ။ စာအုပ်၊ စာတမ်း၊ ဝက်ဘ်ဆိုက်များမှ ကိုးကားမှုများရှိလျှင်လည်း ကိုးကားချက်များကို မှန်ကန်စွာ ဖော်ပြနိုင်ပါစေ။ ထို့နောက် ကိုးကားထားတဲ့ အရင်းအမြစ်များကို စနစ်တကျ စာရင်းပြုစုပါ။
၆။ ပြန်လည်စစ်ဆေးခြင်းဖြင့် Assignment ကို သေချာစွာ အပြီးသတ်ခြင်း
Assignment ကို အပြီးမသတ်မီ အနည်းဆုံး နှစ်ကြိမ်ဖတ်ပါ။ စာလုံးပေါင်းအမှားများ၊ သဒ္ဒါအမှားများနဲ့ Format အမှားများရှိမရှိကို ပြန်လည်စစ်ဆေးပါ။ လိုအပ်ချက်များ၊ နားမလည်တာများရှိလျှင် မိတ်ဆွေများ သို့မဟုတ် ဆရာများထံမှ အကြံဉာဏ်ရယူပါ။ လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်ပြီးပါက Assignment ကို တင်ဖို့အတွက် ပြင်ဆင်ပါ။
၇။ အချိန်စီမံခန့်ခွဲမှု (Time Management)
Assignment တစ်ခုကို အောင်မြင်စွာ ပြီးမြောက်ဖို့အတွက် အချိန်စီမံခန့်ခွဲမှုက အရေးကြီးပါတယ်။ Assignment ကို ရေးသားတဲ့အခါ နောက်ဆုံးရက်စွဲနီးမှ စတင်တာမျိုး မလုပ်ဘဲ၊ အချိန်ဇယားဆွဲပြီး လုပ်ဆောင်သင့်ပါတယ်။ ဥပမာ - သုတေသနပြုလုပ်ချိန်၊ စာရေးသားချိန်၊ ပြန်လည်စစ်ဆေးချိန်တွေကို ကြိုတင်စီစဉ်ထားပါ။ ဒါမှသာ အချိန်မီပြီးစီးနိုင်မှာဖြစ်ပြီး၊ အရည်အသွေးပြည့်ဝတဲ့ Assignment ကို အချိန်မီ ပြီးမြောက်စေမှာဖြစ်ပါတယ်။
၈။အုပ်စုလိုက်လုပ်ဆောင်ခြင်း (Group Assignments)
တခါတရံမှာ Assignment တွေကို အုပ်စုလိုက်လုပ်ဆောင်ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖွဲ့ဝင်တွေကြား ကောင်းမွန်တဲ့ ဆက်သွယ်ဆောင်ရွက်မှုရှိဖို့က အရေးကြီးပါတယ်။ လုပ်ငန်းတာဝန်တွေကို ညီညွတ်မျှတစွာ ခွဲဝေယူပြီး၊ လုပ်ဆောင်ချက်တွေကို ပုံမှန်အစည်းအဝေးလုပ်ပြီး ပြန်လည်သုံးသပ်သင့်ပါတယ်။ အုပ်စုလိုက်လုပ်ဆောင်တဲ့အခါ လူတစ်ဦးချင်းစီရဲ့ အားသာချက်တွေကို အသုံးချနိုင်ရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
၉။ စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း (Stress Management)
Assignment ရေးသားနေစဉ်အတွင်း စိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဥပမာ - လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အနားယူခြင်းတို့က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင်၊ အချိန်စီမံခန့်ခွဲမှုကောင်းမွန်ခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
နိဂုံး
အောင်မြင်တဲ့ Assignment ကောင်းတစ်ခုဖြစ်ဖို့ဆိုရင် Assignment ကို စနစ်တကျ စီစဉ်ခြင်း၊ သုတေသနပြုခြင်းနဲ့ ပညာရပ်ဆိုင်ရာ စံနှုန်းများကို လိုက်နာခြင်းစသည်တို့က လွန်စွာ အဓိကအရေးပါလှပါတယ်။ အထက်ဖော်ပြပါ အဆင့်ဆင့်ကို လိုက်နာမယ်ဆိုပါက သင့်ရဲ့ Assignment ဟာ ပညာရပ်ဆိုင်ရာ စံနှုန်းများနဲ့ အညီ ပြီးပြည့်စုံနေတဲ့ လက်ရာတစ်ခု ဖြစ်လာမှာ အသေအချာဖြစ်ပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program), Chiang Mai University, Thailand
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
5 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
5 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
