အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
ဒီနေ့ခေတ်မှာ နည်းပညာတွေက အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် အမြဲတမ်း သင်ယူလေ့လာနေဖို့၊ ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်အောင်လုပ်ဖို့က အရမ်းအရေးကြီးလာပါတယ်။ ၂၀၂၃ ခုနှစ် World Economic Forum ရဲ့ Future of Jobs Report အရ နောက်ငါးနှစ်အတွင်းမှာ အလုပ်သမား ၄၄% ဝန်းကျင်က သူတို့ရဲ့ လက်ရှိကျွမ်းကျင်မှုတွေဟာ အသုံးမဝင်တော့တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင် အမြဲတမ်းသင်ယူနေဖို့ လိုအပ်လာပါတယ်။ ဒီဆောင်းပါးထဲမှာတော့ အမြဲတမ်း သင်ယူနေဖို့ ဘာကြောင့်လိုအပ်နေတာလဲ၊ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို မျှဝေပေးချင်ပါတယ်။
အလုပ်အကိုင်တွေရဲ့ သဘောသဘာဝ ပြောင်းလဲလာပုံ
မျက်မှောက်ခေတ်ရဲ့ အလုပ်ခွင်တွေက အမြဲတမ်း ပြောင်းလဲနေပါတယ်။ အရင်က တည်ငြိမ်နေတဲ့ အလုပ်အကိုင်လမ်းကြောင်းတွေက ပိုပြီးတိုးတက်ပြောင်းလဲနေတဲ့ လမ်းကြောင်းတွေနဲ့ အစားထိုးလာတာကြောင့် အမြဲတမ်း ကိုယ်ပိုင် အရည်အချင်းတွေကို မြှင့်တင်နေဖို့ လိုအပ်လာပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာတဝှမ်းက စီးပွားရေးခေါင်းဆောင် ၃,၀၀၀ ကျော်ကို Newsweek က စစ်တမ်းကောက်ယူခဲ့ရာမှာ Covid ကပ်ရောဂါကာလအတွင်းမှာ အလုပ်အကိုင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ခေတ်ကုန်သွားတဲ့နှုန်းဟာ ၇၀% အထိ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် Career Optimism စစ်တမ်းအရလည်း အလုပ်သမား ၇၄% က သူတို့ရဲ့ အလုပ်အကိုင်မှာ အရှေ့ကို ရောက်ဖို့အတွက် ကျွမ်းကျင်မှုအသစ်တွေ သင်ယူဖို့ လိုအပ်တယ်ဆိုတာ သိနားလည်လာကြပါတယ်။
AI ကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲများ
AI (Artificial Intelligence) ဟာ ဒီနေ့ခေတ် နည်းပညာလောကမှာ တကယ့်ကို ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုပါပဲ။ AI ဟာ လုပ်ငန်းတိုင်းမှာ ဆန်းသစ်တီထွင်မှုတွေနဲ့ ထိရောက်မှုကို မြှင့်တင်ပေးနေပါတယ်။ ဒါပေမဲ့ AI ကို အသုံးချတဲ့အခါမှာ data အရည်အသွေးနဲ့ data literacy လိုမျိုး စိန်ခေါ်မှုတွေလည်း ရှိလာပါတယ်။ ကုမ္ပဏီတွေက AI ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် data literacy ရှိတဲ့ လုပ်သားများကို မွေးထုတ်ဖို့ သင်တန်းတွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ လူတစ်ဦးချင်းစီကလည်း သင်ယူဖို့ စိတ်အားထက်သန်လာကြပါတယ်။ LinkedIn Learning ရဲ့ လေ့လာမှုတစ်ခုအရ လူ လေးဦးမှာ သုံးဦးက သူတို့ရဲ့ အလုပ်အကိုင်နယ်ပယ်မှာ AI နဲ့ပတ်သက်ပြီး နားလည်တိုးတက်ချင်တယ်လို့ ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ သင်ယူလေ့လာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍ
Harvard Business Review ရဲ့ ဖော်ပြချက်အရ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးတာဟာ မဟာဗျူဟာမြောက် တန်ဖိုးရှိတယ်ဆိုတာ သိလာကြပြီး upskilling အပိုင်းမှာ အများကြီး ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် Career Optimism Index မှာလည်း ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပေမယ့် ဝန်ထမ်းတွေအပေါ် သက်ရောက်မှုမှာ ကွာဟနေတာကို မီးမောင်းထိုးပြထားပါတယ်။ အလုပ်ရှင် ၉၀% က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနေတယ်လို့ ပြောပေမယ့် ဝန်ထမ်း ၆၉% ကပဲ ဒီအချက်ကို သဘောတူကြပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ ပိုပြီး ကောင်းအောင် လုပ်ရပါလိမ့်မယ်။
ကိုယ့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင် ဦးဆောင်ကြမယ်
ဒီနေ့ခေတ်မှာ အမြဲတမ်း သင်ယူနိုင်စွမ်းရှိဖို့က အရေးကြီးပါတယ်။ AI နဲ့ တခြား ပေါ်ထွက်လာတဲ့ နည်းပညာတွေနဲ့ပတ်သက်ပြီး အောင်မြင်မှုရဖို့ဆိုရင် စိတ်ကူးသစ်တွေကို ရှာဖွေဖို့၊ ကျွမ်းကျင်မှုအသစ်တွေကို သင်ယူဖို့နဲ့ အပြောင်းအလဲတွေကို လက်ခံဖို့ စွမ်းရည်ရှိဖို့က အဓိကကျပါတယ်။ ပညာရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိလာအောင် စူးစမ်းတတ်တဲ့စိတ်ကို မဟာဗျူဟာမြောက်အခြေခံအရင်းအနှီးအဖြစ် ပြောင်းလဲပြီး တက်တက်ကြွကြွ သင်ယူလေ့လာနေဖို့ လိုပါတယ်။
ကုမ္ပဏီတွေက အရင်းအမြစ်တွေနဲ့ အထောက်အပံ့တွေ ပေးသင့်ပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကိုတော့ တစ်ဦးချင်းစီက ကိုယ်တိုင် ဦးဆောင်ရပါမယ်။ ဒါကြောင့် သင်ယူမှုလမ်းကြောင်းကို ကိုယ်တိုင်ဦးဆောင်ဖို့အတွက် အကြံပေးချင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်သတ်မှတ်ပါ။
ကိုယ်ပိုင်လေ့လာဖို့နဲ့ အရည်အချင်းမြှင့်တင်ဖို့အတွက် ကိုယ့်ရဲ့ အချိန်ဇယားထဲမှာ သီးခြားအချိန်တစ်ခုကို သတ်မှတ်ထားပါ။ ဒီအချိန်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုလို သဘောထားပါ။
၂။ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ရေးဆွဲပြီး ထိန်းသိမ်းပါ။
ဒီအစီအစဉ်ဟာ သင်ယူမှုခရီးစဉ်အတွက် လမ်းပြမြေပုံတစ်ခု ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ပန်းတိုင်တွေ၊ သင်ယူချင်တဲ့ အရည်အချင်းတွေကို အောင်မြင်အောင် လုပ်ဆောင်ရမယ့် အဆင့်တွေကို ဖော်ပြထားပါ။ လမ်းကြောင်းမမှားအောင် ပုံမှန် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပါ။
၃။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေပါ။
သင်ရေးဆွဲထားတဲ့ အစီအစဉ်ပေါ် မူတည်ပြီး စဉ်းစားစရာ လုပ်ဆောင်စရာ အစီအစဉ်အမျိုးမျိုး ရှိပါတယ်။ ဥပမာ
ကုမ္ပဏီရဲ့ အရင်းအမြစ်များ - ကုမ္ပဏီတွေက Learning & Development အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့အတွက် ကိုယ့်အလုပ်ရှင်ကနေ ဘယ်လိုသင်တန်းတွေ၊ certifications တွေနဲ့ တခြားအရင်းအမြစ်တွေ ရှိနိုင်လဲဆိုတာ တက်တက်ကြွကြွ ရှာဖွေပြီး အကျိုးရှိအောင် အသုံးချပါ။
အခမဲ့ အွန်လိုင်း အရင်းအမြစ်များ - သင်တန်းတွေအတွက် ပိုက်ဆံအများကြီး သုံးရမယ်လို့ မယူဆပါနဲ့။တစ်ခါက Stanford တက္ကသိုလ်က YouTube ပေါ်မှာ တင်ထားတဲ့ ဘွဲ့လွန်သင်တန်း ပို့ချချက်ဗီဒီယိုတွေကို အဆက်မပြတ် ကြည့်ပြီး AI အကြောင်း ပိုသိခဲ့ရတာတွေရှိပါတယ်။ LinkedIn မှာလည်း AI နဲ့ပတ်သက်တဲ့ အခမဲ့ သင်ယူမှု အရင်းအမြစ်တွေ အများကြီးပါပဲ။ Amazon, Microsoft နဲ့ Google လို ကြီးမားတဲ့ ကုမ္ပဏီတွေကလည်း အခမဲ့ အွန်လိုင်းသင်တန်းတွေ ပေးနေပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ - တစ်ခါတစ်ရံမှာတော့ အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ ငွေကြေးကို ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ သင့်တော်ပါတယ်။ Certifications, professional development programs နဲ့ continuing education resources တွေက ပိုပြီး အထောက်ကူဖြစ်စေတဲ့ သင်တန်းတွေကို ပေးဆောင်နိုင်ပြီး အွန်လိုင်းရော ကိုယ်တိုင် တက်ရောက်ပြီးတဲ့အထိပါ လေ့လာသင်ယူနိုင်ပါတယ်။
၄။ အမြဲတမ်း သင်ယူတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။
အမြဲတမ်း သိချင်စိတ်ရှိနေပြီး သင်ယူမှုကို နေ့စဉ် အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပါ။ အပေါ်က အကြံပြုချက်သုံးခုကို ပေါင်းစပ်ပြီး လုပ်ငန်းနဲ့ဆိုင်တဲ့ ဆောင်းပါးတွေ ဖတ်ဖို့၊ အွန်လိုင်းသင်တန်းတွေ တက်ဖို့ ဒါမှမဟုတ် သက်ဆိုင်ရာ webinars တွေမှာ ပါဝင်ဖို့အတွက် နေ့တိုင်း အချိန်သတ်မှတ်ထားပါ။
အပြောင်းအလဲအတွက် ပြင်ဆင်ခြင်း
နည်းပညာတွေရဲ့ အရှိန်အဟုန်နဲ့ တိုးတက်မှု၊ အထူးသဖြင့် AI ရဲ့ ပေါ်ထွန်းလာမှုဟာ အရည်အချင်းတွေကို အမြဲတမ်း ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ပြီး အလုပ်ခွင်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီတွေက သင်တန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီး ရင်းနှီးမြှုပ်နှံနေပေမယ့် တစ်ဦးချင်းစီကလည်း ကိုယ်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို တက်တက်ကြွကြွနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင် ဦးဆောင်ပြီး အပေါ်က အကြံပြုချက်တွေကို လိုက်နာမယ်ဆိုရင် အပြောင်းအလဲတွေကို ပိုပြီး ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။
forbes.com မှ Take Charge Of Your Personal Growth To Thrive Amidst Change ဆောင်းပါးကို ဆီလျော်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။
Daw Zin Lin Htet
BE (Civil-MGTU)
M.Sc (Construction Project Mgt),
Heriot-Watt University
Latest Articles
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
4 days ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
1 week ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
1 week ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
4 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
4 weeks ago
