Amazon ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုအတွက် ဆန်းသစ်တီထွင်မှု
ကမ္ဘာ့အကြီးဆုံး e-commerce platform တစ်ခုဖြစ်တဲ့ Amazon ကို 1994 ခုနှစ်မှာ Jeff Bezos မှ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Amazon ဟာ စတင်တည်ထောင်ချိန်မှာ အွန်လိုင်းစာအုပ်ဆိုင်အနေနဲ့ စတင်ခဲ့ကာ အခုအခါမှာတော့ ကမ္ဘာ့အကြီးဆုံးနဲ့ သြဇာအရှိဆုံး ကုမ္ပဏီတစ်ခုအထိ ဖြစ်လာခဲ့ပါတယ်။ Amazon ရဲ့ဆန်းသစ်တီထွင်မှု စွမ်းအားတွေဟာ ဝယ်ယူသူတွေရဲ့ စိတ်ကျေနပ်မှုအပေါ်မှာ မဆုတ်မနစ်တဲ့ အာရုံစိုက် အလေးထားမှုတို့ကို ပြသနေတဲ့ သက်သေပဲဖြစ်ပါတယ်။ Amazon ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ဝယ်သူဗဟိုပြုဗျူဟာတွေကနေတစ်ဆင့် Amazon ဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ဘယ်လိုရှေ့ဆောင်ပြယုဒ် ဖြစ်ခဲ့တယ်ဆိုတာကို အခုဆောင်းပါးလေးမှာ ဖော်ပြပေးထားပါတယ်။
Amazon ရဲ့လုပ်ငန်းဆောင်တာတွေမှာ ဝယ်သူတွေရဲ့အတွေ့အကြုံကို မြှင့်တင်နိုင်ဖို့အတွက် နောက်ဆုံး ပေါ်နည်းပညာတွေကို အသုံးပြုပြီး အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ Amazon ရဲ့ အထင်ရှားဆုံး တီထွင်ဆန်းသစ်မှုတစ်ခုကတော့ Amazon Web Services (AWS) ပဲ ဖြစ်ပါတယ်။ 2006 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Amazon Web Service ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အတိုင်းအတာတစ်ခုအထိ ကုန်ကျစရိတ်သက်သာစေခဲ့ပါတယ်။ Amazon အတွက်လည်း သိသာထင်ရှားတဲ့ဝင်ငွေတွေကို ဖန်တီးနိုင်ခဲ့ပြီး တခြားကုမ္ပဏီတွေအတွက် တီထွင်ဆန်းသစ်ကာ တိုးတတ်လာစေအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ Amazon Web Services (AWS) ဆိုတာကတော့ cloud computing ပလက်ဖောင်းတစ်ခုဖြစ်ကာ ကွန်ပျူတာထဲမှာ သတင်းအချက်တွေကို သိုလှောင်တာတွေနဲ့ ဒေတာဘေ့စ်ထားရှိတာတွေ စတဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းတွေနဲ့ Web developer တွေအတွက် အပလီကေးရှင်းတွေ တည်ဆောက်ခြင်း၊ အသုံးချခြင်းနဲ့ စီမံခန့်ခွဲခြင်းတို့ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေပါတယ်။ တခြားလိုအပ်တဲ့ ဖြေရှင်းချက်ပေးတာ တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှု၊ ယုံကြည်စိတ်ချရမှု၊ ဆန်းသစ်တီထွင်မှုတွေနဲ့ တိုးတက်မှုအတွက် cloud နည်းပညာဟာ လုပ်ငန်းအများအစုအတွက် ထိပ်တန်း ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် Amazon ရဲ့ နောက်ထပ်ထင်ရှားတဲ့ တီထွင်ဆန်းသစ်မှုတစ်ခုကတော့ ခေတ်မီဆန်းပြားတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ သယ်သူပို့ဆောင်ရေးစနစ်တွေဖွံ့ဖြိုးလာစေဖို့ပဲ ဖြစ်ပါတယ်။ 2005 ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Amazon Prime ဟာ မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ သယ်သူပို့ဆောင်မှုစံနှုန်းသစ်တွေကို ချမှတ်ပြီး စားသုံးသူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ Amazon ဟာ နည်းပညာကို အသုံးပြုပြီး ထုတ်ကုန်တွေကို သိုလှောင်ခြင်းနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်။ ထုတ်ကုန်တွေကို သုံးစွဲသူတွေဆီကို လျင်မြန်ထိရောက်စွာနဲ့ ပို့ဆောင်ပေး နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Amazon Prime မှာ အသုံးပြုသူတွေကို တခြားအထူးအကျိုးခံစားခွင့်တွေ ရနိုင်တဲ့ Amazon မှာ စာရင်းသွင်းပေးတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ Amazon Prime အကောင့်ဖွင့်တဲ့အခါ အများအားဖြင့် ဝယ်ယူလိုက်တဲ့ပစ္စည်းကို ပို့ဆောင်ပေးတဲ့အခါ နှစ်ရက်အတွင်းပစ္စည်းတွေကို အခမဲ့ ပို့ဆောင်ပေး ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ ဝန်ဆောင်မှုကတော့ ထောင်ပေါင်းများစွာသော ရုပ်ရှင်တွေနဲ့ တီဗီရှိုးတွေကို ကြည့်ရှုနိုင်တဲ့ Prime Video ကိုလည်း အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ Prime Music လို ကြော်ငြာမပါဘဲ သီချင်းတွေကို တိုက်ရိုက်နားထောင်နိုင်တာတွေ Prime Reading လိုမျိုး အပိုကုန်ကျစရိတ်မရှိဘဲ e-books တွေနဲ့ မဂ္ဂဇင်းတွေကို ရွေးချယ်ခွင့် စတဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Amazon Prime မှာ စာရင်းသွင်း ထားတဲ့ Member တွေဟာ သီးသန့်လျှော့စျေးတွေနဲ့ တခြားအကျိုးခံစားခွင့်များစွာလည်း ရရှိမှာပဲဖြစ်ပါတယ်။ 2005 ခုနှစ်မှာ စတင်ခဲ့တဲ့ Amazon Prime ဟာ ယခုအခါမှာတော့ Amazon ရဲ့ လူကြိုက်များတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး Member တွေအတွက် အကျိုးခံစားခွင့်များစွာကို ပေးဆောင်လာခဲ့ပါတယ်။
Amazon စီးပွားရေးပုံစံရဲ့ အဓိကအချက်ကတော့ ဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုရရှိဖို့ပဲ ဖြစ်ပါတယ်။ Amazon ရဲ့ဝယ်သူဗဟိုပြုတဲ့ မဟာဗျူဟာရွေးချယ်မှု၊ ဈေးနှုန်းနဲ့ အဆင်ပြေမှု စတဲ့ မဏ္ဍိုင်သုံးရပ်ပေါ်မှာ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ရွေးချယ်နိုင်မှုဆိုတာက Amazon မှာ စာအုပ်တွေ၊ အီလက်ထရွန်းနစ် ပစ္စည်းတွေအပြင် စားသောက်ကုန်နဲ့ အဝတ်အထည်တွေအထိ ပြိုင်ဘက်ကင်းတဲ့ ထုတ်ကုန်များစွာကို ဝယ်ယူသူတွေက ရွေးချယ်ဝယ်ယူခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ Amazon ပလက်ဖောင်းပေါ်မှာ မိမိလိုအပ်သမျှကို ရှာဖွေဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ စျေးနှုန်းပိုင်းမှာလည်း Amazon ဟာ ဝယ်ယူသူတွေကို ပြိုင်ဘက်လုပ်ငန်းတွေထက် စျေးသက်သာစေဖို့ ကုမ္ပဏီက ဆက်လက်လုပ်ဆောင်နေပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ အော်ဒါမှာယူတာတွေ၊ နေ့ချင်းပြီးပေးပို့တာတွေနဲ့ ၂၄ နာရီ (၇) ရက်လုံး ဝန်ဆောင်မှု ပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်။
အခုလိုမျိုး အွန်လိုင်းစာအုပ်ဆိုင်ကနေ တစ်ကမ္ဘာလုံးမှ စီးပွားရေးလုပ်ငန်းတွေထဲမှာ ထိပ်တန်း ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်နေတဲ့ Amazon ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ မဟာဗျူဟာမြောက် အမြော်အမြင်တွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ နည်းပညာတွေကို အသုံးချပြီး ဝယ်ယူသူတွေရဲ့ စိတ်ကျေနပ်မှုကို ဦးစားပေးထားတဲ့အပြင် ဒေသတွင်းစျေးကွက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် Amazon ဟာ ကမ္ဘာ့စီးပွားရေးအတွက် စံနှုန်းသစ်တွေကို သတ်မှတ်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အမြဲတမ်း ပြောင်းလဲနေတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာစျေးကွက်မှာ Amazon ဟာ သူ့ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ဝယ်သူဗဟိုပြု မဟာဗျူဟာတွေကိုအသုံးပြုပြီး ဦးဆောင်လျက်ရှိပါတယ်။
Brad Stone ရဲ့ Amazon: Pioneering Global Business through Innovation and Customer-Centric Strategies ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
