အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ခြင်းနဲ့ နက်နဲစွာအာရုံစူးစိုက်ပြီးအလုပ်လုပ်ခြင်းမှာ—ဘယ်နည်းလမ်းက ပိုထိရောက်သလဲ။
သင့်ဆီမှာ အပြီးသတ်ရမယ့်အလုပ်တွေကအများကြီးကျန်နေသေးတယ်၊ အချိန်ကလည်း ပုံမှန်အတိုင်း ဖြည်းဖြည်းချင်းကုန်ဆုံးသွားနေတယ်။ ဒါဆိုရင် ဘယ်လိုပုံစံနဲ့ ဖြေရှင်းမယ်လို့စိတ်ကူးလဲ? ကွန်ပျူတာမှာ Tab ပေါင်း ၁၀ ခုလောက်ဖွင့်ထားမယ်၊ podcast နားထောင်ရင်း ဝင်လာသမျှအီးမေးလ်တွေကိုပြန်ဖြေနေမယ်၊ အလုပ်တစ်ခုကနေတစ်ခု ကူးချီသန်းချီလုပ်ပြီး အလုပ်များများပြီးမြောက်အောင်လုပ်မှာလား? ဒါမှမဟုတ် အချိန်ခွဲပြီး အလုပ်တစ်ခုချင်းစီကိုပဲသေချာအာရုံစိုက်လုပ်မှာလား?
လူအများစုက Multitasking (အလုပ်အများအပြားကိုတစ်ပြိုင်တည်းလုပ်ဆောင်နိုင်ခြင်း) ကို တချိန်တည်းမှာ တာဝန်အများကြီးကိုကိုင်တွယ်နိုင်တဲ့ အရည်အချင်းတစ်ခုအနေနဲ့အသိအမှတ်ပြုကြပါတယ်။ အစည်းအဝေး လုပ်နေတဲ့အချိန်မှာ အစီရင်ခံစာရေးနေတာတွေ၊ ဆန်းသစ်တဲ့စိတ်ကူးတွေရအောင်ဆွေးနွေးနေတဲ့အချိန်မှာ ဖောက်သည်ဆီကို စာပြန်နေတာတွေ၊ မပြီးမြောက်တဲ့အလုပ်တွေကို တစ်ပြိုင်တည်းဖြေရှင်းနိုင်ဖို့ကြိုးစားတာတွေ၊ ဒီလိုလုပ်ဆောင်တာက ပိုပြီးထိထိရောက်ရောက်နဲ့အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးအောင်လုပ်နိုင်တယ်လို့ ထင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါကတစ်ကယ်ထိရောက်တာဟုတ်ရဲ့လား?
Deep Work ဆိုတာက လုပ်ဆောင်ရမယ့်အလုပ် တစ်ခုဆိုတစ်ခုတည်းကိုသေသေချာချာအာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ ဒါပေမယ့်လူတွေက လုပ်စရာအလုပ်တွေများလွန်းပြီး စီမံနိုင်စွမ်းမရှိတော့တဲ့အခါ အလုပ်နှစ်ခုသုံးခုကိုတစ်ပြိုင်တည်းလုပ်ရင်းနဲ့ ဒီနည်းလမ်းကို မေ့လျော့နေလေ့ ရှိပါတယ်။ ဒါပေမယ့် သုတေသနများအရ အချိန်တိုအတွင်းမှာပိုပြီးအရည်အသွေးပြည့်တဲ့ရလဒ်တွေကိုရနိုင်သလို စိတ်ဖိစီးမှုနည်းတဲ့ နည်းလမ်းတစ်ခုလို့လဲ ဆိုထားပါတယ်။ ဒါဆိုရင် အမှန်တကယ် ထိထိရောက်ရောက်နဲ့ အလုပ်ပြီးမြောက်စေတဲ့နည်းလမ်းကဘယ်တစ်ခုဖြစ်မလဲ?
Multitasking ဆိုတာဘာလဲ?
Multitasking ဆိုတာ တစ်ချိန်တည်းမှာ အလုပ်အမျိုးမျိုးကို လုပ်ဆောင်နိုင်တဲ့အရည်အချင်းကောင်းတစ်ခု ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ “Multitasking” လို့ ခေါ်ကြတာဟာ အလုပ်များကို တစ်ပြိုင်နက်တည်းလုပ်ခြင်း မဟုတ်ဘဲ အလုပ်တစ်ခုကနေတစ်ခုကို မြန်မြန်ဆန်ဆန် ပြောင်းလဲလုပ်ခြင်း (task-switching) ဖြစ်ပါတယ်။ ဥပမာ- webinar တစ်ခုတက်နေချိန်မှာ email တွေကို ဖြေနေတယ်ဆိုရင် ဦးနှောက်က အလုပ်နှစ်ခုလုံးကို တပြိုင်နက်တည်း အာရုံစိုက်နေနိုင်တာ မဟုတ်ပါဘူး။တကယ်တော့ဦးနှောက်ကအမြဲအာရုံပြောင်းနေလို့အလုပ်အပေါ်မှာအာရုံစူးစိုက်မှုအားနည်းနေတာဖြစ်ပါတယ်။
သုတေသနများအရ ၂.၅ ရာခိုင်နှုန်းကသာ တကယ်ကျွမ်းကျွမ်းကျင်ကျင်နဲ့ multitask လုပ်နိုင်တယ်လို့ တွေ့ရပါတယ်။ ကျန်တဲ့လူအများစုကတော့ အလုပ်အမျိုးမျိုးပြောင်းလုပ်တဲ့အခါ တွေးခေါ်နိုင်စွမ်းအား ကျဆုံးမှုကိုခံစားရတတ်ပါတယ်။ဒါကိုအာရုံပြောင်းလဲခြင်းရဲ့အဖိုးအခလို့ခေါ်ကြပါတယ်။
ဒါဆိုရင် productive ဖြစ်နေသလိုမျိုး ဘာလို့ထင်ရတာလဲ? Multitasking လုပ်နေတဲ့အခါမှာ အလုပ်ကို အဆက်မပြတ်လုပ်နေတယ်၊ အမြဲတမ်းအလုပ်များနေတယ်ထင်ရပြီး ဒါကအလုပ်ဖြစ်နေတာမျိုး အထင်မှား နိုင်ပါတယ်။ ဒါပေမယ့် Stanford တက္ကသိုလ်ရဲ့ သုတေသနအရ တစ်ခုဆိုတစ်ခုတည်းအာရုံစိုက်လုပ်သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ရလဒ်နဲ့ထိရောက်မှုအပိုင်းမှာ အားနည်းနေတာကိုတွေ့ရပါတယ်။
Deep Work ဆိုတာဘာလဲ?
Deep Work က အာရုံပြတ်မသွားဘဲ အာရုံအပြည့်အဝစိုက်ပြီး အလုပ်လုပ်တဲ့အခြေအနေကို ဆိုလိုတာပါ။
ဒီလိုအချိန်မှာ “Flow” လို့ခေါ်တဲ့ ဖန်တီးမှုစွမ်းအား နဲ့ ထိရောက်မှု အထွတ်အထိပ်ရောက်လာပါတယ်။ ဒါက ဦးနှောက်က အာရုံမပြောင်းလဲဘဲ တစ်စုံတစ်ခုတည်းအပေါ် အာရုံစိုက်နေနိုင်လို့ ဖြစ်ပါတယ်။ အလုပ်အမျိုးမျိုးကြားမှာ ဟိုရောက်ဒီရောက်မလုပ်ဘဲ အရေးကြီးတဲ့အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်တာပါ။အနှောင့်အယှက်တွေကိုဖယ်ရှားပြီး တစ်ခုတည်းသောအလုပ်အပေါ်မှာသာ အာရုံစိုက်လုပ်တဲ့အခါ ဦးနှောက်ရဲ့ အတွေးအခေါ်နက်နဲမှုမြင့်တက်လာပါတယ်။ ဒါက အချိန်နည်းနည်းနဲ့ အရည်အသွေးမြင့်တဲ့ရလဒ်တွေရနိုင်မှာဖြစ်ပါတယ်။
ဘာကြောင့် Deep Work က ပိုပြီးထိရောက်တာလဲ?
Multitasking ကပိုပြီးအလုပ်ဖြစ်တယ်လို့ထင်ရပေမယ့် အဲ့တာက အာရုံစူးစိုက်မှုစွမ်းရည်ကိုထိခိုက်စေပြီး ဦးနှောက်ရဲ့စွမ်းအားကိုလည်းလျော့ကျသွားစေတတ်ပါတယ်။ ဒါဆိုရင် နည်းလမ်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ရအောင်။
စိတ်ပိုင်းဆိုင်ရာဖိစီးမှု- Deep work ဟာ ဦးနှောက်ကို အမြဲအာရုံပြောင်းဖို့မလိုတော့တဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုနည်းပါတယ်။ Multitasking ကတော့ တစ်ခုကနေတစ်ခု ပြောင်းနေတဲ့အတွက် ဦးနှောက်ကပင်ပန်းလာပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုမြင့်တက်လာပါတယ်။
မြန်ဆန်မှုနှင့် တိကျမှု- University of London ရဲ့ သုတေသနတစ်ခုအရ Multitasking လုပ်နေသူတွေဟာ IQ (ဉာဏ်ရည်ညွှန်းကိန်း) ကျဆင်းမှုပြဿနာတွေ ရှိတတ်ပါတယ်။ ဒီဟာက တစ်ညလုံးအိပ်မပျော်တဲ့သူတွေရဲ့ လက္ခဏာနဲ့တောင် တူတယ်လို့တွေ့ရှိရပါတယ်။ ဒါကိုကြည့်ရင် Deep work လုပ်ခြင်းကတော့ စိတ်အာရုံစူးစိုက်မှု အပြည့်အဝဖြစ်တဲ့အတွက်အလုပ်ပေါ်တိကျမှုအပိုင်းမှာ အားသာပါတယ်။
ဖန်တီးနိုင်မှုနဲ့ ပြဿနာဖြေရှင်းမှု- Deep work ဟာ နက်နဲတဲ့ဆက်စပ်ချက်တွေကို ဦးနှောက်ထဲမှာ ဖော်ထုတ်နိုင်တဲ့အတွက် နောက်ထပ်သိမြင်မှုတွေ၊ အတွေးသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် Multitasking လုပ်ခြင်းက ဦးနှောက်ရဲ့အတွေးအခေါ်ချိတ်ဆက်နိုင်မှုကို ချိုးဖောက်လိုက်တာဖြစ်တဲ့အတွက် အိုင်ဒီယာအသစ်တွေပေါ်လာဖို့ ခက်ခဲသွားတတ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ Multitasking ဟာ အနည်းငယ် ပိုမိုလွယ်ကူတဲ့အလုပ်များအတွက် အသုံးဝင်ကောင်းဝင်နိုင် ပေမယ့် အရေးကြီးတဲ့ ပရောဂျက်တွေနဲ့ ဦးစားပေးဖို့လိုအပ်တဲ့အရေးကြီးအလုပ်များအတွက်တော့ ထိရောက်မှု နည်းပါတယ်။ Deep Work ကတော့ အဲဒါနဲ့မတူဘဲ စိတ်ဖိစီးမှုနည်းပြီး အရည်အသွေးမြင့်တဲ့ရလဒ်တွေ ရရှိစေပါတယ်။
သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းအားနဲ့ရလဒ်တွေအပေါ်အားမလိုအားမရဖြစ်နေတယ်ဆိုရင် သင့်ရဲ့တစ်ပါတ်တာကို Deep Work နည်းလမ်းနဲ့စမ်းသပ်ဖို့စိန်ခေါ်ကြည့်ပါ။ အနှောင့်အယှက်တွေကိုရှင်းထားပြီး အာရုံသေသေချာချာစူးစိုက်ကာ ဦးနှောက်ကို “Flow” အခြေအနေထဲဝင်နိုင်အောင် နေရာပေးလိုက်ပါ။
သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကမျှော်လင့်ထားတာထက်အများကြီးပိုလုပ်ဆောင်နိုင်တာကိုတွေ့ရပါလိမ့်မယ်။
https://lifeat.io/blog/deep-work-vs-multitasking-which-is-better-for-productivity
Daw Theint Thinzar
Lecturer, Strategy First International College
B.E (Civil) West Yangon Technological University
M.Sc. (Construction Project Management),
Heriot-Watt University, Malaysia
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
11 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
11 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
