'' အလုပ်သမားထုအပေါ် AI (Artificial intelligence) ရဲ့သက်ရောက်မှု ''
အလုပ်အကိုင်စျေးကွက် AI ရဲ့ အကျိုးသက်ရောက်မှုက အလုပ်သမားထုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲလို့ လူ ၁၀ ယောက်ကို မေးကြည့်ရင် မတူညီတဲ့ အဖြေ (၁၀) ခုကိုပဲ ရရှိနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ AI ဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို တွန်းအားပေးနေပေမယ့်လည်း ၎င်းက လူသားများနေရာမှာ တဖြည်းဖြည်းနဲ့ အစားထိုးလာတော့မယ်လို့ ပြောဆိုခြင်းက အဆိုးဘက်ကမြင်တဲ့ အမြင်တစ်ခုပဲ ဖြစ်ပါတယ်။
AI က အလုပ်သမားထုအတွက် အလုပ်လက်မဲ့ဖြစ်စေမှာလား?
ဥပမာအနေနဲ့ အထည်အလိပ်လုပ်ငန်းတွေကိုကြည့်ရင် အလိုအလျောက်စနစ်နဲ့ အထည်များလုပ်ရာမှာ စျေးပိုသက်သာပြီး သုံးစွဲသူများ ပိုမိုရရှိစေကာ ထုတ်ကုန်များ အရင်ကထက်ပိုပြီး လိုအပ်လာပါတယ်။ လုပ်ငန်း ပြောင်းလဲလည်ပတ်မှုတွေ ဖြစ်သွားပေမယ့်လည်း ကျွမ်းကျင်တဲ့ အလုပ်သမားတွေအတွက် အလုပ်ရှားပါးမှု မရှိခဲ့ပါဘူး။ Boston University School of Law မှ ဘောဂဗေဒပညာရှင် James Bessen က သူ Blog Post, Automation Paradox မှာ ခေတ်နဲ့လျော်ညီတဲ့ ဥပမာတွေကို ဖော်ပြခဲ့ပါတယ်။ ဆော့ဖ်ဝဲများက စာရွက်စာတမ်းများ သိမ်းဆည်း၊ ပို့ဆောင်ရာမှာ စျေးသက်သာပြီး ပိုမိုမြန်ဆန်စေတယ်။ အလားတူ ATM (Automated Teller Machines) များဟာလည်း ဘဏ်ခွဲများ လည်ပတ်ရာမှာ စျေးသက်သာတဲ့အတွက် ဘဏ်များက သူတို့ရဲ့ ရုံးခန်းအရေအတွက် သိသိသာသာ တိုးလာပါတယ်။ Automation နဲ့ AI ဟာ အလုပ်သမားထုရဲ့ တချို့ရာထူးတွေကို ဖယ်ရှားနိုင်ပေမယ့်လည်း ၎င်းတို့က အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးပြီး အလုပ်ရှာဖွေသူတွေကို အလုပ်လက်မဲ့ မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အစီရင်ခံစာတစ်ခုအရ AI ဟာ ၂၀၂၅ ခုနှစ်မှာ အသားတင် အလုပ်အကိုင်သစ် ၉၇ သန်းကို ဖန်တီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနမူနာတွေက AI က အလုပ်များကို လုယူနေခြင်းထက် လူသားများနဲ့ AI တို့ဟာ ပူးပေါင်းအလုပ်လုပ်ကြပြီး AI ရဲ့ အကျိုးသက်ရောက်မှုက လုပ်သားအင်အားစုအပေါ် အပြုသဘော ဆောင်လိမ့် မယ်လို့ ရှုမြင်ချက်က ဒီဥပမာတွေမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
Covid-19 က အနာဂတ်ရဲ့ လုပ်ငန်းခွင်ကို အရှိန်မြှင့်လာစေခြင်း
ကဏ္ဍတိုင်းရှိ စီးပွားရေးလုပ်ငန်းများဟာ ပြီးခဲ့သည့်နှစ်များအတွင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးအပေါ် သူတို့ရဲ့ အမြင်တွေကို ချမှတ်နေကြပေမယ့်လည်း Covid-19 ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မမျှော်လင့်ထားတဲ့ အကျပ်အတည်းများက စက်မှုလုပ်ငန်းများအားလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး မဟာဗျူဟာတွေကို အရှိန်မြှင့်စတင်လာခဲ့ပါတယ်။ Mc Kinsey Global Institute မှ ပြုလုပ်တဲ့ AI ထိပ်သီးအစည်းအဝေးမှာ အလုပ်အကိုင်များရဲ့ 10% က Automation နဲ့ AI ကြောင့် ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ PWC AI ရဲ့ နောက်ထပ်လေ့လာမှုတစ်ခုအရ အလိုအလျောက်စနစ်ကြောင့် အလုပ်ဆုံးရှုံးမှုမှန်သမျှဟာ AI နည်းပညာ အသစ်များနဲ့ ဖန်တီးထားတဲ့ အလုပ်အကိုင်သစ်များက ရေရှည်မှာ ကောင်းမွန်တဲ့ရလဒ်များ ပြန်လည်ရရှိခြင်းကို တွေ့ရှိခဲ့ပါတယ်။ တစ်နည်းပြောရရင်တော့ လုပ်ငန်းခွင်မှာ AI ရဲ့သက်ရောက်မှုကို ထိန်းချုပ်ဖို့အတွက် အလုပ်သမားများက AI နည်းပညာနဲ့အတူတူ လက်တွဲလုပ်ဆောင်နိုင်ဖို့ ကျွမ်းကျင်မှုအသစ်များ လိုအပ်မှာ ဖြစ်ပါတယ်။
AI က လုပ်ငန်းခွင်အပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲ?
အရင်စက်မှုလုပ်ငန်းတွေကို AI သို့ ပြောင်းလဲလုပ်ကိုင်ခြင်းက အရင်ကထက်ပိုပြီး အချိန်ပိုသက်သာလာစေ ပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်အကိုင်များကို ဖယ်ရှားမယ့်အစား Al က လုပ်ငန်းခွင်ရှိ အလုပ်သမားများရဲ့ ကျွမ်းကျင်စေမှုကို တိုးမြှင့်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုမှ စာရွက်စာတမ်းများအထိ လုပ်ငန်းနယ်ပယ် များစွာမှာ ကျယ်ပြန့်စွာ လုပ်ကိုင်ပေးလျက်ရှိပါတယ်။ AI အသုံးပြုခြင်းက လုပ်ငန်းအခြေအနေများကို တိုးတက်စေနိုင်ပါတယ်။ The Economist ရဲ့ အစီရင်ခံစာအရ AI က ဝန်ထမ်းများအား အလုပ်ခန့်ထားမှုနဲ့ လစာပေးချေမှုမှာ ဘက်လိုက်မှုများကိုလည်း ဖယ်ရှားဖို့ ကူညီပေးပါတယ်။ AI က လုပ်ငန်းခွင်ရှိ ဘေးကင်းရေး အသိဉာဏ် Scan ဖတ်စစ်ဆေးခြင်း နည်းပညာကို အသုံးပြုပြီး ဝန်ထမ်းများလုံခြုံရေးကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ လေ့ကျင့်ရေး လှုပ်ရှားမှုများကို ပံ့ပိုးဖို့ HR မှ chatbots ကို အသုံးပြုပါတယ်။ မေးခွန်းများကို ပြန်လည် ဖြေကြားရတဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ chatbots ကို အသုံးပြုခြင်းက ပြန်လည်ဖြေကြားတဲ့ အဖြေများက လျင်မြန်ပြီး တသမတ်တည်း ဖြေကြားပေးနိုင်ပါတယ်။
Chatbots များရဲ့ အနာဂတ်နဲ့ စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်
စီးပွားရေးနယ်ပယ်ထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Customer Service လုပ်ငန်းများကို AI (ဉာဏ်ရည် ထက်မြက်တဲ့ Virtual Customer Assistants လို့ခေါ်တဲ့ Chatbot များ) ရဲ့ အသုံးဝင်မှုအပိုင်းက ဆွဲဆောင်မှုအား အရမ်းကောင်းလာပါတယ်။ သို့ပေမဲ့ Conversation AI အဖြစ် Chatbots ကို အသုံးပြုရာမှာ Customer က စိတ်ဆိုးနေတဲ့ အနေအထားမှာ AI က ကောင်းစွာဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ပေါ်မူတည်ပြီး အခြေအနေသုံးသပ်ရတဲ့ ကိစ္စရပ်တွေမှာ လူသားဝန်ထမ်းတွေကိုပဲ ဆက်သွယ်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ Customer အတွက် အကောင်းဆုံး ဖြေရှင်းမှုမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Artificial Intelligence ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်ခြင်း။
Deep Learning (သို့) Neural Network များဟာ အံ့သြစရာကောင်းပြီး အောင်မြင်နေတာဟာ သံသယမရှိပေမယ့်လည်း ၎င်းက Conversational AI application များ တိုးတက်ပြောင်းလဲလာဖို့ အလယ်အလတ်လုပ်ငန်းတွေအတွက် အလျင်မြန်ဆုံး နည်းမဟုတ်သလို ကုန်ကျစရိတ်သက်သာစေတဲ့ နည်းလည်းမဟုတ်ပါဘူး။ ဘာသာစကားကို သင်ယူနေတဲ့ ကလေးတစ်ယောက်လို ဘာသာစကားကို နားလည် စေဖို့အတွက် Artificial System က လူသားတို့ရဲ့ ကြီးကြပ်မှုကို လိုအပ်ပါတယ်။ ဒေတာအချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာရာမှာ ကူညီခြင်းနဲ့ လမ်းညွှန်ခြင်း စတဲ့ရည်ရွယ်ချက်များမှာ Artificial System က အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမဲ့ လူသားများနဲ့ ချိတ်ဆက်ရတဲ့အပိုင်းတွေမှာ အဲ့ဒီစနစ်က အခက်အခဲများ ရှိနေဆဲပဲ ဖြစ်ပါတယ်။ AI ဟာ လူသားတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ကို ဘယ်တော့မှ အစားထိုး နိုင်စွမ်းရှိမှာ မဟုတ်တာကြောင့် AI ရဲ့ လူသားတို့အပေါ်လွှမ်းမိုးနိုင်ခြင်းကို ကြောက်ရွံစိတ် ဖြစ်ဖို့မလိုအပ်ပါဘူး။
လုပ်သားထုအပေါ် AI ရဲ့ စီးပွားရေးအနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုများ
Whatsapp ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာစည်းမျဉ်းများနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို မြင်တွေ့နိုင်သလို၊ ကုမ္ပဏီများက ကျွန်ုပ်တို့ရဲ့ ဒေတာတွေကို ဘယ်လိုလုပ်ဆောင်နိုင်တာနဲ့ပတ်သက်ပြီး သုံးစွဲသူရဲ့ စိုးရိမ်မှုတွေ တိုးလာပါတယ်။ AI ဟာ အင်အားကြီးကုမ္ပဏီအနည်းငယ်လောက်ကပဲ ဖွံ့ဖြိုးတိုးတက်မှုကို လက်ဝါးကြီး အုပ်ထားနိုင်ပြီး “အစိုးရ၊ စက်မှုလုပ်ငန်းနဲ့ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အခြေအနေများမှာ AI က ထိန်းချုပ်မှုမရှိ/ထိန်းချုပ်ထားခြင်းမရှိဘဲ အဆုံးသတ်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ လုပ်ငန်းတိုင်းမှာ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ ဒေတာများကိုကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒေတာ ပိုင်ဆိုင်မှုမရှိတဲ့ လုပ်ငန်းများဟာ အဖိုးတန်ဒေတာ အချက်အလက်တွေကို ဆုံးရှုံးစေရုံသာမက ရှိနေပြီးသား အချက်အလက်တွေကိုပါ ကာကွယ်ဖို့နဲ့ လုံခြုံအောင်ပြုလုပ်ဖို့ ပိုမိုခက်ခဲစေပါတယ်။ ဒေတာဟာ စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်မှာ ခြိမ်းခြောက်မှုပြုလာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းရှိ ဒေတာကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းများလည်း တိုးလာမှာ မလွှဲဧကန်ဖြစ်ပါတယ်။ AI အသုံးပြုမှု တိုးလာတာနဲ့အမျှ ကိုယ်ရေး ကိုယ်တာဒေတာလုံခြုံရေးက လူတိုင်းအတွက် အဓိကပြဿနာဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအရာကို အခုကစပြီး ကိုင်တွယ်ဖြေရှင်းပါက လုပ်ငန်းများကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ထားပေးနိုင်ပါလိမ့်မယ်။
အနာဂတ်မှာ AI ရဲ့ သက်ရောက်မှု
ကွန်ပျူတာစနစ်နဲ့ အလိုအလျောက်စနစ် လုပ်ဆောင်ခြင်းက အလုပ်အကိုင်များကို လွယ်ကူစွာ အလိုအလျောက် လုပ်ဆောင်နိုင်တာမို့ ကျွမ်းကျင်မှုနည်းပါးတဲ့ အလုပ်သမားများအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ အပြန်အလှန်အနေနဲ့ လုပ်သားဈေးကွက် ပြန်လည်ချိန်ညှိနေချိန်မှာ ဒါက ရေတိုအကျိုး သက်ရောက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ Carl Benedikt Frey နဲ့ Michael A. Osborne တို့ရဲ့ ပြောကြားချက်အရ ရှာဖွေတွေ့ရှိမှုတွေမှာ နည်းပညာပြိုင်ဆိုင်မှု များလာတာနဲ့အမျှ ကျွမ်းကျင်မှုနည်းပါးတဲ့ လုပ်သားတွေကို ကွန်ပျူတာ အသုံးပြုခြင်းမရှိတဲ့ အလုပ်တွေမှာ နေရာချပေးထားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက တီထွင်ဖန်တီးမှုနဲ့ လူမှုရေးဉာဏ်ရည် လိုအပ်တဲ့အလုပ်တွေကို အစားထိုးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ဒါပေမဲ့ နည်းပညာကျွမ်းကျင်တဲ့ အလုပ်သမားများကလည်း တီထွင်ဖန်တီးမှုနဲ့ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဆက်လက်ဆည်းပူးရမှာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုတစ်ခုမှာ လုပ်ငန်းငါးခုမှာ နှစ်ခုက နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကင်းမဲ့နေခြင်းက AI အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့တားဆီးတဲ့ အရာတစ်ခုအဖြစ် မြင်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာအရ လုပ်သား ၅၀ ရာခိုင်နှုန်းဟာ ၂၀၂၅ ခုနှစ်မှာ ပြန်လည်အသက်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ လုပ်ငန်းခွင်အပေါ် AI အကျိုး သက်ရောက်မှုရဲ့ အဖြေက ဆိုးဝါးတဲ့ သတိပေးချက်များ ပေးဖို့မလိုတဲ့ အခြေအနေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ AI ကိုကျော်လွန်ပြီး ကြီးမားတဲ့ ပြောင်းလဲခြင်းသို့ ခေါ်ဆောင်သွားမယ့် လုပ်သားတွေကို နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမယ့် လမ်းကြောင်းအပေါ် စောင့်ကြည့်ပေးနေဖို့ လိုအပ်ပါတယ်။
Reference
Peart, A. (2018) The impact of AI on the workforce, Conversational AI Platform for Enterprise - Teneo | Artificial Solutions. Available at: https://www.artificial-solutions.com/blog/impact-of-ai-in-the-workforce (Accessed: January 16, 2023).
Daw Zin Lin Htet
BE (Civil-MGTU) M.Sc (Construction Project Mgt),Heriot-Watt University
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
