အလုပ်ကောင်းရဖို့ အလုပ်လုပ်တာလား၊ လူတွေချစ်အောင် အလုပ်လုပ်တာလား

"အလုပ်မှာ အောင်မြင်ချင်ရင် ကိုယ့်အလုပ်ကို ဇောက်ချလုပ်ပါ။ လူသားဆန်ဆန်နေပါ" ဆိုတဲ့ စကားကို တချို့နေရာတွေမှာ ကြားဖူးကြမယ်လို့ထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာ အချိန်အကန့်အသတ်နဲ့ ရွေးချယ်စရာတစ်ခုပဲ လုပ်နိုင်မယ်ဆိုရင် ဘာကို အရင်ဦးစားပေးရွေးချယ်မယ်လို့ စဉ်းစားမိကြလဲ။ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ပြီး ကျွမ်းကျင်မှုပြမလား၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေကို သဘောကျအောင် ဆက်ဆံမလား။ ဒီမေးခွန်းက လုပ်ငန်းခွင်ဝင်နေသူတိုင်း၊ အလုပ်လုပ်နေသူတိုင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။  ဒီမေးခွန်းရဲ့ အဖြေက ဘာလဲဆိုတာ သိဖို့အတွက် လေ့လာမှုတွေ၊ လက်တွေ့ဘဝကနေ ဥပမာတွေနဲ့ ဆွေးနွေးကြည့်ပါမယ်။ ပထမဆုံးအနေနဲ့ ဒီနေ့ခေတ်လုပ်ငန်းခွင်တွေမှာ အောင်မြင်မှုဆိုတာ "ဘယ်လောက်ထိ ကျွမ်းကျင်သလဲ" ဆိုတာထက် "ဘယ်လောက်ထိ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သလဲ" ဆိုတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။ ဒါပေမယ့် ဒီနှစ်ချက်ကို ဘယ်လို ဟန်ချက်ညီအောင် ထိန်းမလဲဆိုတာက ပိုအရေးကြီးနေပါသေးတယ်။ 

အလုပ်မှာ ထိပ်တန်းရောက်ဖို့ ကြိုးစားမလား Vs လူချစ်လူခင်များအောင် လုပ်မလား

အလုပ်တစ်ခုမှာ "ကျွမ်းကျင်မှု" နဲ့ "လူမှုဆက်ဆံရေး" ဆိုတဲ့ ခြေနှစ်ချောင်းရှိပါတယ်။ နှစ်ခုလုံးဟာလည်း အရေးကြီးပါတယ်။ NACE’s job Outlook 2025 Survey မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ အလုပ်ရှင်တွေရဲ့ ၆၀% က စွယ်စုံကျွမ်းကျင်သူတွေထက် ကိုယ်ရည်ကိုယ်သွေး ကောင်းပြီး အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူတွေကို ပိုရွေးချယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပဲ ကိုယ့်မှာ ပညာရည်မပြည့်ဝဘူးဆိုရင်လည်း အဖွဲ့တွင်းယုံကြည်မှုတွေ ပျောက်သွားနိုင်ပါတယ်။  ကိုယ့်ရဲ့ အလုပ်တစ်ခု အောင်မြင်ဖို့ ကျွမ်းကျင်မှု (Technical Skill) က ၅၀%လိုသလို ကျန်တဲ့ ၅၀% က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းလည်း လိုပါတယ်။ hbr.org က Rebecca Zucker ရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြချက်အရ ကုမ္ပဏီတွေရဲ့ စီမံကိန်း၇၀% လောက်က အဖွဲ့လိုက်ပူးပေါင်းမှုတွေ မကောင်းလို့ နောက်ကျတယ်လို့ ဆိုပါတယ်။  ဂူဂဲလ်(Google)လို နည်းပညာဦးစားပေးကုမ္ပဏီတွေမှာတော့ ကျွမ်းကျင်မှုကို အဓိကထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပရောဂျက်တိုင်းမှာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆက်သွယ်ရေးကောင်းမွန်တာ၊ စီမံခန့်ခွဲမှုကောင်းမွန်တာတွေကိုပါ လေ့ကျင့်ထားကြပါတယ်။ ဒါက သူတို့ကို ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်နိုင်အောင် ကူညီပေးနေတာပါ။ 

ကျွမ်းကျင်မှုလား Vs လူမှုဆက်ဆံရေးလား

ဘယ်အရာက ပိုအရေးပါမယ်လို့ ထင်ပါသလဲ။ အဖြေက ကိုယ့်ရဲ့ "အလုပ်ကြောင်းအရာ" ပေါ် မူတည်ပါတယ်။ နည်းပညာနဲ့ အင်ဂျင်နီယာတို့လို နယ်ပယ်တွေမှာ ကျွမ်းကျင်မှု (Technical skill) က ပိုအရေးကြီးပါတယ်။ ဥပမာ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ကုဒ်ရေးတာ (Coding) ကျွမ်းကျင်မှုမရှိရင် ဘယ်လောက်ပဲ လူချစ်လူခင်များနေပါစေ၊ အလုပ်မှာ ထင်ရှားအောင်မြင်မှုရဖို့ ခက်ပါတယ်။  အဲ့လိုဘဲ လူတွေနဲ့ပြောဆိုဆက်ဆံရများတဲ့ မားကတ်တင်းနဲ့ ဝန်ဆောင်မှုဦးစားပေးတို့လို နယ်ပယ်တွေမှာ လူတွေနဲ့ ဆက်ဆံရေးက အဓိကသော့ချက်ဖြစ်ပါတယ်။ ဥပမာ မားကတ်တင်းမန်နေဂျာတစ်ယောက်ဟာ ကိုယ်ရည်ကိုယ်သွေး ကောင်းပြီး လူတွေကို စည်းရုံးနိုင်မှ ကြော်ငြာစီမံကိန်းတွေ အောင်မြင်မှာဖြစ်ပါတယ်။ ZandaX မှာ ပါဝင်တဲ့ Zhao စာတမ်းတစ်ခုက လူချစ်လူခင်များသူတွေဟာ အလုပ်ခွင်မှာ Stress ပိုနည်းပြီး ရာထူးတိုးနှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်က လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင်ပါသေးတယ်။ 

နှစ်ခုလုံးကို ဘယ်လို ဟန်ချက်ညီအောင် လုပ်မလဲ

အလုပ်နဲ့ လူမှုဆက်ဆံရေးကို ဟန်ချက်ညီအောင် လုပ်ဖို့ဆိုတာ တကယ်ကို ပြောင်မြောက်တဲ့ အနုပညာတစ်ခုပါပဲ။ ဆိုတော့ အသုံးဝင်မယ့် အခြေခံနည်းလမ်းအချို့ကို ပြောပြချင်ပါတယ်။

၁။ အချိန်ကိုစီမံခန့်ခွဲပါ

၈၀ : ၂၀ စနစ်ကိုသုံးပါ။ တစ်နေ့ကို ၈၀% လောက် အလုပ်ကို အာရုံစိုက်ပြီး ၂၀% လောက်ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်စရာစကားဝိုင်းလေးတွေဖန်တီးဖို့၊ ရင်းနှီးမှုတွေတည်ဆောက်ဖို့နဲ့ အချင်းချင်းအကူအညီတွေပေးကြဖို့ စီစဉ်ထားသင့်ပါတယ်။ အလုပ်စားပွဲမှာ ဖုန်းသုံးတာ၊ ဆိုရှယ်မီဒီယာသုံးတာကို လျှော့စေချင်ပါတယ်။ ဒါတွေက အချိန်ကုန်စေပြီး လူမှုဆက်ဆံရေးအတွက် မလိုအပ်တဲ့ အာရုံပျံ့လွင့်မှုတွေကို ဖြစ်စေပါတယ်။ 

၂။ အကူအညီတောင်းခံတတ်ပါ

ကိုယ်မသိရင် မသိကြောင်းဝန်ခံပြီး မေးပါ။ ဒါက ကျွန်တော်တို့ကို ကောင်းမွန်တဲ့နှိမ့်ချသူအဖြစ် မြင်စေပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုတိုးစေပါတယ်။  ဥပမာ "ဒီပရောဂျက်မှာ ကျွန်တော် ဒီအပိုင်းကို မကျွမ်းဘူးဗျ။ ခင်ဗျားကူညီပေးလို့ရမလား" လို့ မေးတာက ရိုးသားမှုကို ပြသတာဖြစ်ပါတယ်။ 

၃။ ကျေးဇူးတင်တတ်ပါ 

အကြောင်းတစ်ခုခုနဲ့ တခြားသူတွေကို ကျေးဇူးတင်တာက ရင်းနှီးမှုကို တည်ဆောက်ပေးပါတယ်။  ဥပမာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို "မနေ့က ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားမပါရင် ဒီအလုပ်ပြီးမှာ မဟုတ်ဘူး" လို့ ပြောတာက သူတို့ကို တန်ဖိုးထားတယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်မှာ မှားလေ့ရှိတဲ့ အမှားများနဲ့ အောင်မြင်သူတွေရဲ့ လျှို့ဝှက်ချက်

အလုပ်ကို အလွန်အကျွံလုပ်ပြီး လူမှုဆက်ဆံရေး လျစ်လျူရှုတာဟာ ကျွန်တော်တို့ကို "အလုပ်ကြိုက်လွန်းသူ" အဖြစ် သတ်မှတ်စေတတ်ပြီး အဖွဲ့တွင်းမှာ သီးသန့်ဖြစ်သွားစေနိုင်ပါတယ်။ လူချစ်လူခင်များဖို့ပဲ အာရုံစိုက်ပြီး အလုပ်အရည်အသွေး လျှော့တာကလည်း ကျွန်တော်တို့ကို "ပျော်ပျော်နေတတ်သူ" အဖြစ်သာ မှတ်ယူသွားကြပြီး တာဝန်ကြီးတဲ့ ရာထူးတွေ မပေးချင်တာ မရစေတော့တာတွေ ဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် အလုပ်ကို ကျွမ်းကျင်စွာလုပ်ပြီး လူတွေနဲ့လည်း ပျော်ပျော်နေပါ။ အောင်မြင်သူတွေဟာ သူတို့ရဲ့ စွမ်းရည်ကို အမြဲမြှင့်တင်ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့အလုပ်တွေကိုလည်း သိအောင် ကြိုးစားကြပါတယ်။  နောက် အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို သေချာလေ့လာသိရှိထားရမှာဖြစ်ပြီး ဒါကို နားလည်စွာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရမှာဖြစ်ပါတယ်။  

အလုပ်မှာ အောင်မြင်ဖို့ဆိုတာ စွယ်စုံလိုပါတယ်။ ကိုယ့်အလုပ်ကို ပိုင်ပိုင်နိုင်နိုင်လုပ်တတ်ဖို့လည်း လိုသလို၊ လူတွေနဲ့ သဟဇာတဖြစ်ဖို့လည်း လိုပါတယ်။ နှစ်ခုလုံးကို ဟန်ချက်ညီအောင် စီမံနိုင်မှသာ ရေရှည်မှာ အောင်မြင်မှုကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ အရှိန်အဟုန်မြင့်တဲ့ ဒီခေတ်ကြီးမှာ "အလုပ်လုပ်တာ" နဲ့ "လူချစ်လူခင်များအောင် လုပ်တာ" ကို ဘယ်လို ပေါင်းစပ်မလဲဆိုတာက ကိုယ့်ရဲ့ အလုပ်လမ်းကြောင်းနယ်ပယ်ရဲ့ ကောင်းခြင်းဆိုးခြင်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှစ်ခုလုံးကို မျှတအောင် လုပ်ဖို့ ကြိုးစားရပါမယ်။ နောက်ဆုံးမှာချင်တာက “အလုပ်ကို အာရုံစိုက်ပါ၊ ဒါပေမယ့် လူတွေကိုလည်း မေ့မထားပါနဲ့”။

References:

1. Zucker, R. (2023). Keep your team motivated when a project goes off the rails. Harvard Business Review. Available at: https://hbr.org/2023/10/keep-your-team-motivated-when-a-project-goes-off-the-rails [Accessed 26 May 2025].

2. National Association of Colleges and Employers (2024). What are employers looking for when reviewing college students’ resumes? NACE. Available at: https://www.naceweb.org/talent-acquisition/candidate-selection/what-are-employers-looking-for-when-reviewing-college-students-resumes [Accessed 26 May 2025].

3. ZandaX (n.d.). 7 reasons why not being likeable will hurt your career. ZandaX. Available at: https://www.zandax.com/business-blog/7-reasons-why-not-being-likeable-will-hurt-your-career [Accessed 26 May 2025]. 
 

Zin Lwin Thant

Lecturer, Strategy First Int'l College

B.Act, M.Act (MUE)