အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
ယနေ့ခေတ်မှာ လူတစ်ဦးချင်းစီဟာ ပုံစံအမျိုးမျိုးသော အခန်းကဏ္ဍတွေ မှာ(roles) ပါဝင်ထမ်းဆောင်နေကြရပါတယ်။ ဥပမာအားဖြင့် လူတစ်ဦးက အလုပ်ခွင်မှာ ဝန်ထမ်းတစ်ဦးရဲ့ အခန်းကဏ္ဍကို ထမ်းဆောင်ရသလို၊ အိမ်မှာလည်း မိဘ၊ သားသမီး၊ ခင်ပွန်း (သို့မဟုတ်) ဇနီး စတဲ့ မိသားစုဝင်တစ်ဦးရဲ့ အခန်းကဏ္ဍကို ထမ်းဆောင်ရပါတယ်။ ဒီလိုမတူညီတဲ့ အခန်းကဏ္ဍတွေကနေ လိုအပ်ချက်တွေ၊ မျှော်မှန်းချက်တွေဟာ တစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့ အခါ အခန်းကဏ္ဍပဋိပက္ခ (Role Conflict) တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အခန်းကဏ္ဍပဋိပက္ခ (Role Conflict) ဆိုတာ လူတစ်ယောက်က သူ့ဘဝမှာ ထမ်းဆောင်နေရတဲ့ မတူညီတဲ့ တာဝန်တွေ၊ အခန်းကဏ္ဍတွေရဲ့ လိုအပ်ချက်တွေဟာ တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်လာပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ စိန်ခေါ်မှုတွေ ဖြစ်လာတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ပုံမှာဖော်ပြထားတဲ့အတိုင်း ဒီအခန်းကဏ္ဍပဋိပက္ခဟာ အလုပ်ကျေနပ်မှု (Job Satisfaction)၊ မိသားစုကျေနပ်မှု (Family Satisfaction) နဲ့ နောက်ဆုံး ဘဝကျေနပ်မှု (Life Satisfaction) အပေါ် ဘယ်လိုသက်ရောက်နေတယ်ဆိုတာကို နားလည်ထားဖို့ အရမ်းအရေးကြီးလှပါတယ်။
အခန်းကဏ္ဍပဋိပက္ခရဲ့ မူလဇစ်မြစ်နဲ့ ပုံစံများ
ပုံမှာ ဖော်ပြထားတဲ့အတိုင်း အခန်းကဏ္ဍပဋိပက္ခ (Role Conflict) ဟာ အလုပ်နဲ့ မိသားစုနှစ်ခုစလုံးကနေ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများ၏ ဗဟိုချက်ဖြစ်ပါတယ်။ ဒါကို အလုပ်ပဋိပက္ခ (Work Conflict) နဲ့ မိသားစုပဋိပက္ခ (Family Conflict) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အလုပ်ပဋိပက္ခ ဆိုတာ အလုပ်ခွင်နဲ့သက်ဆိုင်တဲ့ ဖိအားတွေ၊ လိုအပ်ချက်တွေ (ဥပမာ- နာရီရှည် အလုပ်လုပ်ရတာ၊ အလုပ်ဖိအားများတာ၊ အချိန်မလုံလောက်တာ) ကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဆိုလိုပါတယ်။ ဒီပဋိပက္ခတွေဟာ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး အလုပ်ခွင်အကနေအပြန် မိသားစုဘဝအချိန်တွေထိပါ ပါလာတတ်ပါတယ်။ ဒီလိုဘဲ မိသားစုပဋိပက္ခ ဆိုတာဟာလဲ မိသားစုဘဝနဲ့သက်ဆိုင်တဲ့ ဖိအားတွေ၊ လိုအပ်ချက်တွေ (ဥပမာ- ကလေးထိန်းကျောင်းရေး၊ အိမ်မှုကိစ္စ၊ မိသားစုဝင်တွေရဲ့ ကျန်းမာရေးပြဿနာ) ကြောင့် ဖြစ်ပေါ်လာတဲံ ပဋိပက္ခများကို ရည်ညွှန်းပါတယ်။ ဒီပဋိပက္ခတွေဟာလည်း တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိပြီး အလုပ်ခွင်ဆီကို ပါလာတတ်ကြပါတယ်။
အလုပ်ပဋိပက္ခနှင့် မိသားစုပဋိပက္ခ နှစ်ခုစလုံးဟာ တစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍပဋိပက္ခကို ပိုမိုမြင့်မားစေပါတယ်။ ဆိုလိုတာက အလုပ်မှာ ဖိအားများလေလေ၊ အိမ်မှာ ပြဿနာများလေလေ၊ မိမိရဲ့ မတူညီတဲ့ တာဝန်ယူထားတဲ့အခန်းကဏ္ဍတွေကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲလာလေလေ ဖြစ်ပါတယ်။ ဥပမာ - အလုပ်ကိစ္စကြောင့် အချိန်ပိုဆင်းရတာ သို့မဟုတ် အိမ်မှာ ကလေးတစ်ယောက် နေမကောင်းဖြစ်နေတာတို့ဟာ ကျွန်တော်တို့ကို အလုပ်နဲ့မိသားစု နှစ်ခုစလုံးမှာ ကိုယ့်တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ ခံစားစေကာ အခန်းကဏ္ဍပဋိပက္ခ (Role conflict) ကို မြင့်တက်စေပါသည်။
အခန်းကဏ္ဍပဋိပက္ခရဲ့ သက်ရောက်မှုများအ - လုပ်နဲ့ မိသားစုကျေနပ်မှုအပေါ် လွှမ်းမိုးမှု
ပုံမှာ ဖော်ပြထားတဲ့အတိုင်း အခန်းကဏ္ဍပဋိပက္ခ ဟာ အလုပ်ကျေနပ်မှု (Job Satisfaction) နဲ့ မိသားစုကျေနပ်မှု (Family Satisfaction) နှစ်ခုစလုံးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။
အလုပ်ကျေနပ်မှုအပေါ် သက်ရောက်မှု
အခန်းကဏ္ဍပဋိပက္ခ မြင့်တက်လာလေလေ၊ ဝန်ထမ်းတစ်ဦးဟာ မိမိရဲ့အလုပ်အပေါ် ကျေနပ်မှု လျော့နည်းလာလေလေ ဖြစ်ပါတယ်။ အလုပ်နဲ့ မိသားစုကြား ဟန်ချက်ညီမှု မရှိခြင်းကြောင့် ဝန်ထမ်းတွေဟာ အလုပ်ခွင်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ၊ အာရုံစိုက်မှုအားနည်းမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ အလုပ်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပြီး အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျစေကာ ရေရှည်မှာ အလုပ်ကနေ နုတ်ထွက်လိုစိတ်များပင် ပေါ်ပေါက်လာနိုင်ပါတယ်။
မိသားစုကျေနပ်မှုအပေါ် သက်ရောက်မှု
အခန်းကဏ္ဍပဋိပက္ခ မြင့်တက်လာလေလေ၊ ကျွန်တော်တို့ဟာ ကိုယ့်မိသားစုဘဝအပေါ် ကျေနပ်မှု လျော့နည်းလာလေလေ ဖြစ်ပါတယ်။ အလုပ်ဖိအားတွေကြောင့် မိသားစုအတွက် အချိန်မပေးနိုင်တာ၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကြောင့် မိသားစုဝင်တွေနဲ့ ဆက်ဆံရေး တင်းမာလာတာတို့ဟာ မိသားစုမှာကျေနပ်ပျော်ရွှင်မှုကို သိသိသာသာ ထိခိုက်စေပါတယ်။
အခန်းကဏ္ဍပဋိပက္ခမှ ဘဝပျော်ရွှင်ကျေနပ်မှုသို့ ဦးတည်တဲ့ လမ်းကြောင်းများ
ဘဝကျေနပ်မှု (Life Satisfaction) ဆိုတာ လူတစ်ဦးချင်းစီရဲ့ ဘဝတစ်ခုလုံးအပေါ်မှာ ပျော်ရွှင်မှုနဲ့ ပြည့်စုံမှုကို တိုင်းတာနိုင်တဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ ဘဝကျေနပ်မှုဟာ အဓိကအားဖြင့် အလုပ်ကျေနပ်မှု နဲ့ မိသားစုကျေနပ်မှု တို့အပေါ် မူတည်နေပါတယ်။
အလုပ်ကျေနပ်မှုမှ ဘဝကျေနပ်မှုဆီသို့
မိမိလုပ်နေတဲ့ အလုပ်အပေါ် ကျေနပ်မှုရှိခြင်းဟာ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ဘဝအပေါ် ပျော်ရွှင်ကျေနပ်မှုကို မြှင့်တင်ပေးပါတယ်။ ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်တစ်ခုဟာ လူတစ်ဦးကို စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ စီးပွားရေးအဆင်ပြေမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးတိုးတက်မှုတို့ကို ရရှိစေနိုင်တာကြောင့် ဘဝကျေနပ်မှုကို တိုက်ရိုက်အထောက်အပံ့ပေးနေပါတယ်။
မိသားစုကျေနပ်မှုမှ ဘဝကျေနပ်မှုဆီသို့
အလားတူပါပဲ၊ မိမိရဲ့မိသားစုဘဝအပေါ် ကျေနပ်မှုရှိခြင်းဟာလည်း ဘဝကျေနပ်မှုကို သိသိသာသာ မြှင့်တင်ပေးပါတယ်။ ခိုင်မာတဲ့ မိသားစုဆက်ဆံရေးတွေ၊ အပြန်အလှန်နားလည်မှုနဲ့ ပံ့ပိုးမှုတွေဟာ လူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါပြီး ဘဝပျော်ရွှင်ကျေနပ်မှုကို အထောက်အကူပြုနေပါတယ်။
အခန်းကဏ္ဍပဋိပက္ခမှ ဘဝကျေနပ်မှုဆီသို့ သွယ်ဝိုက်သော သက်ရောက်မှု
အခန်းကဏ္ဍပဋိပက္ခဟာ ဘဝကျေနပ်မှုကို တိုက်ရိုက်မသက်ရောက်ပေမဲ့လည်း၊ အလုပ်ကျေနပ်မှုနဲ့ မိသားစုမှာကျေနပ်မှုကို လျှော့ချနိုင်ခြင်းကနေ သွယ်ဝိုက်တဲ့နည်းနဲ့ ဘဝကျေနပ်မှုကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် အခန်းကဏ္ဍပဋိပက္ခကို လျှော့ချခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ဘဝတစ်ခုလုံးအတွက် ပျော်ရွှင်မှုနဲ့ ပြည့်စုံမှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ လုပ်ဆောင်ရမဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဒါ့ကြောင့် လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းများအနေနဲ့ ဒီပဋိပက္ခတွေကို လျှော့ချဖို့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် အကောင်အထည်ဖော်ရန် အရေးကြီးလှပါတယ်။ အလုပ်နဲ့မိသားစုဘဝကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်ခြင်း၊ ပံ့ပိုးမှုပေးတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့ဟာ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေကို မြှင့်တင်ပေးနိုင်ပြီး ပိုမိုပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
www.scirp.com မှာ Yan Wang (Woosong University, Daejeon, South Korea) ရေးသားထားတဲ့Work-Family Conflict and Balance Strategies: An Analysis Based on the Work-Family Resources Model ဆောင်းပါးမှ ကောက်နှုတ်ရေးသားထားပါတယ်။
U Zin Lwin Thant
M.Act , B.Act (MUE)
Monywa University of Economics
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
22 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားတွေ အရမ်းများလာနေပြီလား?
5 days ago
