အခက်အခဲကာလအတွင်း ခေါင်းဆောင်တိုင်းလက်ကိုင်ထားသင့်တဲ့ စိတ်ဓာတ်
အခက်အခဲဆိုတာက ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို စစ်ဆေးတဲ့ အခိုက်အတန့်တွေလို့ ဆိုရမှာပါပဲ။ ဒီကာလတွေမှာ ခေါင်းဆောင်တစ်ဦးရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က အဖွဲ့အစည်းကိုအောင်မြင်မှုရအောင် လုပ်ဆောင်နိုင်သလို၊ အဖွဲ့အစည်း ကျရှုံးမှုမှ လွတ်မြောက်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ခေါင်းဆောင်တွေရဲ့ အဓိကအရည်အချင်းဆိုတာဟာ အဖွဲ့အစည်း ရည်မှန်းချက်တွေကို ထိခိုက်စေတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေက လစာများများရတာဖြစ်စေ၊ မရတာဖြစ်စေခက်ခဲတဲ့ကာလတွေမှာ အဖွဲ့ကို သေချာဦးဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ COVID-19 လိုမျိုး ကပ်ရောဂါဟာဆိုရင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး သက်ရောက်မှုဖြစ်ခဲ့ကာ ခေါင်းဆောင်တွေအကုန်လုံးအနေနဲ့ လုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်နိုင်ဖို့ရန်အတွက် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခုအခါမှာဆိုရင်လည်း AI ရဲ့အရှိန်မြင့်လာမှုတွေ၊ မူဝါဒအပြောင်းအလဲတွေကြောင့် စီးပွားရေးကဏ္ဍတွေမှာ အခြေအနေအသစ် တွေဖြစ်ပေါ်လျက်ရှိပါတယ်။ အပြောင်းအလဲမြန်ဆန်လာတာနဲ့အမျှ အဖွဲ့အစည်းအတွင်း စိုးရိမ်မှုတွေလည်း များလာပါတယ်။ လူတိုင်းက ဒီလိုမတည်ငြိမ်မှုတွေ အခက်အခဲတွေကို လက်ခံနိုင်စွမ်းကွာခြားပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကိုယ်တိုင်စိတ်တည်ငြိမ်မှုရှိဖို့နဲ့ လက်အောက်ငယ်သားတွေကို စိတ်ခွန်အားပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ခေါင်းဆောင်တွေအနေနဲ့ စနစ်ကျ မွေးမြူထားသင့်တဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
၁။ ဒဏ်ခံနိုင်မှုနှင့် လိုက်လျောညီထွေရှိမှု
အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါမှာ စိတ်ဓာတ်ကြံ့ခိုင်မှုက အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်တွေတောင်မှ တစ်ခါတစ်လေ ပြဿနာကို မှန်းဆလို့မရတဲ့ အခိုက်အတန့်တွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် စိတ်တည်ငြိမ်ဖို့ လိုအပ်သလို မဟာဗျူဟာပြောင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ စီးပွားရေးအကျပ်အတည်းကာလတစ်ခုမှာ စျေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်ကုန်ပြောင်းတာတွေ နည်းဗျူဟာ ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ရတာမျိုးရှိနိုင်ပါတယ်။ ဥပမာ COVID-19 ကပ်ရောဂါကာလတွေမှာ ရုံးတွေပိတ်လိုက်ရပြီး လုပ်ငန်းဆောင်တာတွေ ရပ်တန့်လိုက်ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ချို့လုပ်ငန်းခေါင်းဆောင်ပိုင်းတွေက လုပ်ငန်းလည်ပတ်နိုင်အောင် နည်းပညာအကူအညီယူကာ ဝန်ထမ်းတွေကို အွန်လိုင်းစနစ်နဲ့ အလုပ်လုပ်နိုင်ရန် ပြောင်းလဲခဲ့ရပါတယ်။ လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုတွေ (Zoom, Slack) စတဲ့ အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုကာ လုပ်ငန်းလည်ပတ်မှုတွေ လုံးဝရပ်တန့်မသွားအောင် ထိန်းထားခဲ့ကြပါတယ်။ ဒီလို ကပ်ရောဂါကာလမှာ လုပ်ငန်းလည်ပတ်မှုကို အွန်လိုင်းစနစ်သို့ အမြန်ပြောင်းလဲလိုက်တာက အဖွဲ့အစည်းကို စီးပွားရေးအကျပ်အတည်းမှ ကျော်လွှားနိုင်စေရုံသာမက ဖောက်သည်တွေအနေနဲ့လည်း ဝန်ဆောင်မှုတွေဆက်လက်ရရှိစေမှာပဲဖြစ်ပါတယ်။ ဒီလိုလိုက်လျောညီထွေပြုလုပ်နိုင်မှုဟာဆိုရင် လုပ်ငန်းရဲ့ နည်းပညာစွမ်းရည်ကို မြှင့်တင်နိုင်ရုံသာမက အနာဂါတ် စိန်ခေါ်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတစ်ဦး အနေနဲ့ ကျရှုံးမှုတွေ အတားအဆီးတွေကို ရင်ဆိုင်တဲ့အခါ ဇွဲမလျှော့ဘဲကျော်ဖြတ်နိုင်စွမ်း ရှိရပါမယ်။ အခက်အခဲတွေကို သင်ခန်းစာယူကာ ရေရှည်နဲ့ ရေတို ရည်မှန်းချက်တွေကို ပြန်လည်ချိန်ညှိတာမျိုးတွေ၊ အဖွဲ့ဝင်တွေကိုစိတ်ပိုင်းဆိုင်ရာ ခွန်အားပေးတာမျိုးတွေက မဖြစ်မနေလုပ်ဆောင်ရမယ့် အပိုင်းတွေပါပဲ။
၂။ ပွင့်လင်းမြင်သာစွာ ပြောဆိုမှု
အကြပ်အတည်းကာလတွေမှာ အဖွဲ့ဝင်တွေကို ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်သွယ်ပါ။ လုပ်ငန်းရဲ့အခက်အခဲကို မပြောပဲဖုံးကွယ်ထားတာထက် အမှန်တရားကို ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ ဦးတည်သင့်ပါတယ်။ လစဉ်အစည်းအဝေးတွေမှာ လက်ရှိအခြေအနေနဲ့ လုပ်ဆောင်နေတဲ့အဆင့်တွေကို ရှင်းပြတာမျိုး လုပ်သင့်ပါတယ်။ ဥပမာ- လုပ်ငန်းမှာ အရေးကြီးတဲ့ဖောက်သည်တွေ ဆုံးရှုံးသွားတဲ့အနေအထားဆိုပါစို့။ လုပ်ငန်းရဲ့ဝင်ငွေ သိသိသာသာလျော့ကျသွားတယ်ဆိုရင်၊ ဝန်ထမ်းတွေကို အရေးပေါ်အစည်းအဝေးခေါ်ပြီး အခြေအနေကို ရှင်းပြဖို့လိုပါမယ်။ ဒီလိုပွင့်လင်းစွာ ထုတ်ဖော်ပြောကြားတာဟာဆိုရင် ဝန်ထမ်းတွေအနေနဲ့ လက်ရှိအခြေအနေတွေကို နားလည်သဘောပေါက် စေကာ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေနဲ့အမြင်တွေကိုလည်း သိနိုင်မှာပဲဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အဖွဲ့အစည်းအတွင်း ယုံကြည်မှုပိုမိုတည်ဆောက်လာနိုင်ကာ၊ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း ပူးပေါင်းလုပ်ဆောင်လိုစိတ် မြင့်တက်လာနိုင်မှာပဲဖြစ်ပါတယ်။
၃။ စာနာနားလည်သော ဦးဆောင်မှု
အကြပ်အတည်းကာလတွေမှာအဖွဲ့ဝင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပါ။ အလုပ်ခွင်မှာ စိတ်ဖိစီးမှု ခံစားနေရတဲ့ဝန်ထမ်းတွေကို စာနာနားလည်မှုနဲ့ ပံ့ပိုးကူညီပေးတာဟာဆိုရင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဥပမာ ဝန်ထမ်းတစ်ဦးက မိသားစုပြဿနာရင်ဆိုင်ဖြေရှင်းနေရတဲ့အခါ အလုပ်ခွင်မှာ အာရုံစိုက်နိုင်စွမ်းနည်းပြီး စွမ်းဆောင်ရည် ကျဆင်းနိင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ထမ်းရဲ့ စိတ်ဖိစီးမှုလျှော့ဖို့အတွက် အလုပ်ချိန်ပြောင်းပေးတာမျိုး၊ ခွင့်ရက်စဉ်းစားပေးတာမျိုး၊ တစ်ပတ်မှာ ၂ ရက် အိမ်မှအလုပ်လုပ်ခွင့် ပေးတာမျိုးတွေ စဉ်းစားပေးသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာဟာဆိုရင် ဝန်ထမ်းရဲ့ယုံကြည်မှုကို ရနိုင်ကာ ဝန်းထမ်းရဲ့သစ္စာစောင့်သိမှုကိုလည်း တည်ဆောက်နိုင်ပါတယ်။ စိတ်ဖိစီးနေတဲ့ဝန်ထမ်းတွေကို ပံ့ပိုးကူညီပေးတာဟာဆိုရင် လုပ်ငန်းခွင်မှာ လူသားဆန်တဲ့ ချဉ်းကပ်မှုလို့ ပြောလို့ရပါတယ်။ ဒီလိုလုပ်ဆောင် တာဟာဆိုရင် ဝန်ထမ်းတွေရဲ့သစ္စာစောင့်သိမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး၊ ဝန်ထမ်းအားလုံးအတွက်လည်း ကောင်းမွန်တဲ့အလုပ်ခွင် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ရေရှည်မှာဆိုရင် အဖွဲ့ရဲ့စွမ်းဆောင်ရည်နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းကို သိသိသာသာ တိုးတက်စေဖို့ ကူညီပေး ပါလိမ့်မယ်။
၄။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မြန်ဆန်ပြတ်သားမှု
အရေးပေါ်အခြေအနေတွေမှာ ပြည့်စုံတဲ့အချက်အလက်တွေမရသေးတာ မရှိသေးတာမျိုးကြုံရင်တောင် ခေါင်းဆောင်တစ်ဦးအနေနဲ့ အချိန်နဲ့တပြေးညီ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း ရှိရပါမယ်။ ဒါဟာဆိုရင် "အမှားမလုပ်ရဲဘဲ ရပ်နေခြင်း" ထက် "တစ်ခုခုလုပ်ပြီး ပြင်ဆင်ခြင်း" ကို ဦးစားပေးတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ခေါင်းဆောင်တွေအနေနဲ့ စွန့်စားဆုံးဖြတ်ရပါမယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တိုင်းကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်မှု လုပ်ဆောင်ဖို့တွေလည်း လိုအပ်ပါတယ်။ ဥပမာ ပြိုင်ဘက်ကုမ္ပဏီတွေက ဈေးနှုန်းချိုသာစွာနဲ့ စျေးကွက်ကိုအရှိန်ဟုန်နဲ့ ထိုးဖောက်နေတဲ့အချိန် ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းအရည်အသွေးကို မြှင့်တင်ပြီး စျေးနှုန်းမြှင့်မလား၊ ပြိုင်ဘက်တွေနည်းတူ ဈေးလျော့ရောင်းမလား စသည်ဖြင့်ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ချကာ လက်တွေ့အကောင်အထည်ဖော်ဖို့လိုအပ်လာပါတယ်။ ဒါ့အပြင် ရေရှည်မှာလည်း ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ကို ဦးတည်ကာ လုပ်ငန်းအနေနဲ့စျေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် တစ်ပြိုင်နက်ထဲ အချက်အလက်တွေအကုန်ကို ဘက်ပေါင်းစုံကနေစဉ်းစားပြီး ဆုံးဖြတ်ချက်ရနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးဘက်ပေါင်းစုံကနေကြည့်ကာ ဆုံးဖြတ်ချက်ချနိုင်တာဟာဆိုရင် စီမံခန့်ခွဲသူခေါင်းဆောင်တွေရဲ့အရည်အချင်းကို ဖော်ပြနိုင်ကာ၊ အဖွဲ့အတွင်း ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ပါလိမ့်မယ်။
၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနှင့် တည်ငြိမ်မှု
အခက်အခဲကာာလတွေမှာ ဖိအားအောက်မှာအလုပ်လုပ်ရတဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုက အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကိုတိုးတတ်စေပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိမှသာ အဖွဲ့ကို ဦးဆောင်နိုင်ပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ၊ အနားယူချိန်တွေနဲ့ စိတ်ဖိစီးမှုတွေကို သေချာစီမံခန့်ခွဲရပါမယ်။ ဥပမာ အဖွဲ့အစည်းတစ်ခုမှာ အရေးပေါ်ပရောဂျက်တစ်ခုကို လုပ်ဆောင်တဲ့အခါ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့စိတ်ဖိစီးမှုတွေကို လျော့ချရန် နေ့လယ်စာစားချိန်တိုင်း ၁၅ မိနစ် သီချင်းနားထောင်တာတွေ၊ တရားထိုင်တာတွေ ပြုလုပ်သင့်ပါတယ်။ ဒီနည်းဟာဆိုရင် စိတ်တည်ငြိမ်မှုရှိစေပြီး အဖွဲ့ဝင်တွေကို အားတက်သရော ဦးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ဦးရဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားဟာဆိုရင် အဖွဲ့ဝင်တွေကို စိတ်အားထက်သန်စွာလုပ်ဆောင်ရန်အတွက် တွန်းအားဖြစ်စေကာ လုပ်ငန်းခွင်အတွင်း ကောင်းမွန်တဲ့လုပ်ငန်းယဉ်ကျေးမှုကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒီလို အလေ့အထတွေကလည်း အဖွဲ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့အခါမှာလည်း အထောက်အကူပြုစေပါတယ်။
အခက်အခဲကာလတွေဟာ ခေါင်းဆောင်မှုရဲ့စစ်မှန်တဲ့စွမ်းရည်ကို ထင်ဟပ်စေတဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေမှာ ခေါင်းဆောင်တိုင်း လက်ကိုင်ထားသင့်တဲ့ စိတ်ဓာတ် နဲ့လုပ်ဆောင်သင့်တဲ့အချက် ၅ ချက်ဟာ ပြိုလဲမှုမှ အောင်မြင်မှုသို့ ကူးပြောင်းနိုင်ရန်အတွက် အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဥပမာတွေအရ ပြောင်းလဲမှုကို လျင်မြန်စွာလိုက်လျောညီထွေဖြစ်စေကာ လုပ်ငန်းဆက်လက်ရပ်တည်စေနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးပေါင်းစပ်အသုံးပြုမယ်ဆိုရင် စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်ကာ ရေရှည်တည်တံ့သော အောင်မြင်မှုကို ဖော်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Maxwell Leadership ရဲ့ “Leading Through Frightening Times” ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
8 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
8 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
