အမှားကိုလက်ခံနိုင်ခြင်းက ရှားပါးတဲ့အရည်အချင်းတစ်မျိုး
အမှန်တရားနဲ့ ယုံကြည်မှု ဘယ်အရာကို ပိုပြီးတော့တန်ဖိုးထားပါသလဲ? ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေ ရှိနေကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ အမြင်တွေအမျိုးမျိုး ကွဲလွဲကြသလို ကိုယ့်ရဲ့ထင်မြင်ချက်ကသာ အဖြေမှန်တစ်ခုလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါဆိုရင် အောက်ကအချက်အလက်တွေကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ဖို့လိုအပ်နေပါပြီ။
“ကိုယ့်ကိုယ်ကိုယ် မှားလို့မှားနေမှန်းမသိခြင်း”
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေမှန်းမသိရုံတင်မကပါဘူး။ လက်ရှိခေါင်းထဲမှာရှိထားပြီးသား ယုံကြည်ချက် တွေကနေ သွေဖယ်သွားနိုင်တဲ့အချက်အလက်တွေကို တတ်တတ်ကြွကြွရှာဖွေကြည့်ဖို့ ဦးနှောက်က စည်းသားထား တတ်သလို မလိုအပ်ဖူးလို့ယူဆပြီး လျစ်လျူရှု၊ ငြင်းပယ်လိုက်ဖို့သာ အားသန်နေတတ်ပါတယ်။ ဒီအချက်ကြောင့် သင်ဟာမကောင်းတဲ့သူတစ်ယောက်လို့ ဆိုလိုချင်တာမဟုတ်ပေမယ့် ကိုယ့်ရဲ့ပင်ကိုယ်ရှိပြီးသား ပညာမာနတွေ၊ ယုံကြည်မှုမြင့်မားခြင်းတွေကို တစ်ထစ်လျှော့ကာ သုံးသပ်ညှိနှိုင်းကြည့်ဖို့ လိုအပ်ပါတယ်။
အမှန်တရားကိုအတည်ပြုဖို့ အဖြေတစ်ခုကိုဆွဲကိုင်ထားတဲ့သူတွေကို သင်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ ဖူးမှာပါ။ Nobel Laureate Daniel Kahneman ရဲ့တွေ့ရှိမှုမှာ “ကျွန်ုပ်တို့သိသောအရာအပေါ်အလွန်အကျွံ ယုံကြည်မှုနှင့် ကျွန်ုပ်တို့မသိနားမလည်မှု၊ နေထိုင်ရာကမ္ဘာကြီး၏ အပြောင်းအလဲတို့အား လက်ခံနိုင်ရန်အတွက် မစွမ်းသာကြပါ” လို့ ပြောထားခဲ့ပါတယ်။ ဆိုလိုတာက ကိုယ်တိုင်က အမှန်တရားတစ်ခုလို့ တစ်ဖက်သတ်ယုံကြည် ထားတဲ့အရာက သိလိုစိတ်ကို သတ်ပစ်လိုက်ပြီး သင်မှားနေကြောင်း ထောက်ပြတဲ့အချက်အလက်တွေကို အလိုလိုမျက်ကွယ်ပြုသလို ဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာ အလားတူပြဿနာတွေကို အထိုက်အလျောက် ဖြေရှင်းဖို့အတွက် နည်းလမ်းတချို့ကို အကြံပေးထားပါတယ်။ အသင်းအဖွဲ့လိုက်လုပ်ဆောင်ရတဲ့အခါ ဒီနည်းလမ်းတွေက အသုံးဝင်စေမှာပါ။
“ကိုယ့်ထင်မြင်ချက်က မှားတယ်၊ မှန်တယ်ဆိုတာထက် အမှန်တရားကိုသာလက်ခံပါ”
ဒီအချက်ကပြောရတာလွယ်သလောက် လုပ်ရခက်ပါတယ်။ ရှိရင်းစွဲအတ္တစိတ်က မူလထင်မြင်ချက်၊ ယုံကြည်မှုတွေကသာ အမှန်တရားဖြစ်တယ်လို့ ငြင်းခုန်နေတတ်ပါတယ်။ ဖြောင့်မတ်ခြင်းဆိုတဲ့ဂုဏ်ပုဒ်ထက် အမှန်တရားကို တန်ဖိုးထားပြီး ရိုးရိုးသားသားဆုံးဖြတ်ခြင်းက အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။
“နားထောင်ပေးခြင်းနည်းလမ်းဖြင့်သင်ယူပါ”
ပြုပြင်ခြင်းလည်းမဟုတ်။ အနိုင်ယူခြင်းလည်းမမည်။ နားထောင်ပေးခြင်းနည်းလမ်းနဲ့ သင်ယူကြည့်ပါ။ ဥပမာ- အမြင်ချင်းမတူ ကွဲလွဲသူတစ်ယောက်နဲ့ အကြောင်းအရာတစ်ခုအကြောင်း စကားပြောကြည့်ပါ။ “ငါ့ရဲ့ယူဆချက်က အကောင်းဆုံးအဖြေတစ်ခု ဖြစ်ပါ့မလားတော့မသိဘူး၊ ဒါပေမဲ့ မင်းရဲ့အမြင်ကို ငါနားထောင်ကြည့်ချင်တယ်” လို့ အစချီကြည့်ပါ။ ပြီးရင်တော့ တစ်ဖက်လူရဲ့အမြင်ကို ပြီးဆုံးတဲ့အထိ ဘာမှဝင်မပြောဘဲနားထောင်ပါ။ သိချင်စိတ်နဲ့ နားထောင်ပါ။ နှိမ့်ချတဲ့စိတ်နဲ့ နားထောင်ပါ။ ဦးနှောက်နဲ့အတူနှလုံးသားကိုပါ ယှဥ်တွဲပြီး နားထောင်ကြည့်ပါ။ သင့်ဆီမှာ ပြောင်းလဲလိုစိတ်၊ အမှန်ကိုလက်ခံလို စိတ်သာရှိနေခဲ့ရင် ဆုံးဖြတ်ချက်ချဖို့ အထောက်အပံ့ကောင်းတစ်ခု ရသွားပါလိမ့်မယ်။
“မူလထင်မြင်ချက်ကို ပြောင်းလဲလိုစိတ်ရှိပါ”
အချက်အလက်နဲ့ တွေ့ရှိမှုအသစ်များဟာ ကိစ္စတစ်ခုအပေါ်မှာထားတဲ့ ရှိရင်းစွဲသင့်ရဲ့အမြင်ကို ကျယ်စေမှာပါ။ သင့်ဘက်ကလည်း မူလယုံကြည်ချက်တွေကို ပြောင်းလဲဖို့သတ္တိရှိရပါမယ်။ “ငါအရင်က မတွေးဖူးတဲ့အရာတစ်ခုကို မင်းကထောက်ပြသွားခဲ့တာပဲ။ အခုငါ့အတွက် အမြင်သစ်တွေရသွားပြီ” လို့ ပေါ့ပေါ့ပါးပါးလေးပဲပြောပြီးတော့ လက်ခံလိုက်ပါ။ Marriott Hotel ရဲ့ဥက္ကဌက “Good Listener” တစ်ယောက်ဖြစ်ပြီး အမှားလုပ်မိတဲ့အခါ ဝန်ခံဖို့၊ နှိမ့်ချမှုရှိဖို့က ခေါင်းဆောင်မှုအတွက် အရေးကြီးတယ်”လို့ ပြောပြထားပါတယ်။ ကိုယ့်ရဲ့ထင်မြင်ချက်ကသာအမှန်ဆုံးလို့ ယူဆတတ်တဲ့ခေါင်းဆောင်မျိုးက ရေရှည်မှာ အန္တရာယ်များပါတယ်။
အယူအဆလွဲမှားနေတာကို လက်ခံရဲတဲ့သတ္တိရှိခြင်းက ရှားပါးတဲ့အရည်အချင်းတစ်မျိုးပါပဲ။ အတွေ့အကြုံများမှ သင်ယူနိုင်တဲ့ပညာ၊ မိတ်ဆွေကောင်းများနဲ့ ရေရှည်လက်တွဲနိုင်ခြင်းတို့က အမှားကို လက်ခံနိုင်ခြင်းကနေ ရရှိလာတဲ့နောက်ဆက်တွဲအကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့မပြီးပြည့်စုံနိုင်ခြင်းတွေနဲ့ အားနည်းချက်တွေကို လက်ခံကြည့်ဖို့ကြိုးစားပါ။ သတ္တိရှိရှိနဲ့ အရှိကိုအရှိအတိုင်း လက်ခံကြည့်ပါ။
Forbes Website မှာ Dr. Margie Warrell ရေးသားထားတဲ့ “Do You Have Courage to Admit What You Are Wrong About” ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
Daw Theint Thinzar
BE (Civil-West Yangon Technological University)
M.Sc (Construction Project Mgt),
Heriot-Watt University
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
