လုပ်ငန်းခွင်အတွင်း မျိုးဆက်ကွာဟမှု
Generation Gap ဆိုတာ မျိုးဆက်တစ်ခုနဲ့တစ်ခုကြားရှိ အသိ၊ အမြင်များ လက်ခံမှု အမှန်တရားများ ကွဲပြားမှုတစ်ခုလို့ ဆိုရပါမယ်။ ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများမှာလည်း မျိုးဆက်အလိုက် ပြောင်းလဲမှု များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် အသက်ငယ်ရွယ်သူများနဲ့ အသက်ကြီးရင့်သူများကြား အတွေးအမြင်များ၊ လုပ်ဆောင်ချက်များ ကွဲပြားခြားနားမှုများစွာ ရှိနိုင်ပါတယ်။ Generation Gap ဟာ မိဘများနဲ့ သား၊သမီးများကြားမှာ မျိုးဆက်တစ်ခုနဲ့တစ်ခုအကြား သဘောထား ကွဲလွဲမှုတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ မိဘနဲ့ သားသမီးအကြားမှာ Generation (၂)ဆက်လောက် ကွာသွားရင်ကို သားသမီးနဲ့မိဘကြားက နားလည်နိုင်မှုတွေ ယုံကြည်လက်ခံနိုင်မှုတွေမှာ ကွာဟမှု ကြီးသွားနိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေဟာ သူတို့ကြုံတွေ့လာတဲ့ အတွေ့အကြုံ၊ ထင်မြင်ယူဆချက်၊ အလေ့အထများနဲ့ အမူအကျင့်များဟာ အသက်အရွယ်ငယ်ရွယ်သူများနဲ့ မတူနိုင်သလို သူတို့ရဲ့ အမှန်တရားများကိုလည်း စွဲမြဲစွာလက်ခံထားပြီး အပြောင်းအလဲ လုပ်ဖို့ လွန်စွ ခက်ခဲလှပါတယ်။
ဥပမာပြောရရင် - ကျွန်မ မိဘများဟာ မိရိုးဖလာ ကတ္တီပါဖိနပ်၊ သားရေဖိနပ်များကို ကျွန်မတို့ အဘိုးအဘွား လက်ထက်ကတည်းက ကိုယ်ပိုင်တံဆိပ်များနဲ့ လုပ်ကိုင်လာခဲ့ကြပါတယ်။ ကျွန်မတို့ လက်ထက်ရောက်လာတဲ့အခါမှာ ခေတ်ရေစီးကြောင်းအရ ဒီဇိုင်းအပြောင်းအလဲလုပ်ဖို့ရယ်၊ customer အကြိုက်တွေရယ်၊ Market needs တွေ ပြောပြပေမယ့် အဓိကလုပ်ငန်းမှာ ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ ကျွန်မတို့ ဘယ်လောက်အကြံပေးပေး ပြောင်းလဲဖို့ တော်တော်ခက်ကြတာကို လက်တွေ့ကြုံတွေ့ခဲ့ရပါတယ်။ သူတို့တစ်သက်လုံး လုပ်ကိုင်လာခဲ့တဲ့ တစ်လျှောက်မှာ ပန်းတိုင် တစ်ခုအထိအောင်မြင်ခဲ့တာ၊ ဒီလုပ်ထုံး၊လုပ်နည်းတွေအတိုင်း လုပ်ကိုင်လာတာမှာ အောင်လည်းအောင်မြင်တယ်၊ တံဆိပ်တစ်ခုအနေနဲ့လည်း နေရာတစ်ခု ရခဲ့တယ်၊ လုပ်ငန်းရဲ့ဝင်ငွေလည်း အရမ်းကောင်းတဲ့အတွက် ကျွန်မတို့ပြောတဲ့ အပြောင်းအလဲတွေကို ပြောင်းလဲပေးဖို့ ဘယ်လိုမှတောင်းဆိုလို့မရပါ။ သူတို့ရဲ့ယုံကြည်မှု၊ လက်ခံမှုတွေအတိုင်း လုပ်ငန်း အပေါ်မှာ သစ္စာရှိရှိ လုပ်ကိုင်တတ်ကြတာ၊ Baby Boomers တွေရဲ့ အကျင့်စရိုက်အတိုင်း တသွေမတိမ်း လုပ်ဆောင်ခဲ့ကြ ပါတယ်။ Baby Boomers ရဲ့ တချို့သော မိရိုးဖလာ တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးတွေဟာ လုပ်ငန်းရည်ရွယ်ချက်တွေ ဘယ်လောက်ကောင်းကောင်း၊ ပစ္စည်းအရည်အသွေး ဘယ်လောက်ကောင်းကောင်း အချိန်ကာလကြာရှည်လာတာနဲ့အမျှ ပျောက်ကွယ်သွားကြတာ များပါတယ်။ အပြောင်းအလဲတွေ လုပ်ပြီး၊ လက်ခံပြီး တိုးတက်လာကြတဲ့ လုပ်ငန်းတွေလည်း ရှိကြပါတယ်။
Generation တစ်ခုချင်းစီရဲ့ မိမိအလုပ်အပေါ် တွေးတောပုံ၊ လောကပေါ်အမြင် စတဲ့ ကွဲပြားမှုများဟာ မျိုးဆက်တစ်ခုမှာ လူတစ်ယောက်နဲ့တစ်ယောက်အပေါ် များစွာ သက်ရောက်နိုင်ပါတယ်။ အဲဒီကွဲပြားမှုတွေကို အချိန်မီ နားလည်မှု၊ ညှိနှိုင်းမှုများ မလုပ်နိုင်ပါက အချင်းချင်းနားလည်မပေးနိုင်မှု စတဲ့ အခက်အခဲများစွာ ကြုံရနိုင်ပါတယ်။ ဒါကြောင့် မျိုးဆက်များကို လေ့လာရာမှာ လေ့လာဖို့ ခုနှစ်အလိုက် အမျိုးအစား များစွာကို ဖော်ပြပေးလိုပါတယ်။
- 1945 အစောပိုင်းမွေးဖွားသူများကို Traditionalists or Silent Generation
- 1966-1980 Baby Boomers
- 1981-2000- Generation X or millennials
- 2000 ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို - Generation Z ဆိုပြီး generation အမျိုးအစားများ သတ်မှတ်ထားတာကို လေ့လာတွေ့ရှိရပါတယ်။
- 2010-2024 ခုနှစ်မွေးဖွားသူများကို Generation Alpha လို့ သတ်မှတ်ထားပါတယ်။
သတ်မှတ်ချက်တွေအရ ခုနှစ် အပြောင်းအလဲများ ရှိနိုင်ပါသေးတယ်။
Generation gap ကွာခြားခြင်းဟာ လုပ်ငန်းခွင်များမှာလည်း များစွာ အရေးပါပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ အကြီးအကဲနဲ့ ဝန်ထမ်းများရဲ့ generation gap ကွာခြားမှုဟာ လုပ်ငန်းခွင်မှာ အကျိုးရှိတဲ့ သက်ရောက်မှုများ ဖြစ်ပေါ်ဖို့ များစွာသက်ရောက်စေပါတယ်။ Society for Human Resource Management ရဲ့ အဆိုအရ Company များရဲ့ 75 ရာခိုင်နှုန်းဟာ generational conflict များနဲ့ ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ ကွာခြားမှုတွေ၊ အဆင်မပြေမှုတွေ မဖြစ်ဖို့အတွက် လုပ်ငန်းခွင်အတွင်း လူကြီး၊ လူငယ်များအားလုံးဟာ generation gap ရဲ့ မတူညီတဲ့ အမြင်၊ သဘောတရားများကို နားလည်အောင် လက်ခံအောင် ကြိုးစားကြဖို့လည်း လိုအပ်လှပါတယ်။ မျိုးဆက်တိုင်းမှာ တခြားသူများကို သင်ပေးစရာ တစ်ခုခုရှိတာကို သတိပြုသင့်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေမှာ ငယ်ရွယ်သူများနဲ့ မတူတဲ့ အတွေ့အကြုံကောင်းတွေ၊ ဗဟုသုတကောင်းတွေ၊ ချမ်းသာမှုတွေ ရှိနိုင်သလို လူငယ်တွေမှာလည်း တီထွင်နိုင်စွမ်း၊ ဖန်တီနိုင်စွမ်းတွေ၊ နည်းပညာကောင်းတွေ အများကြီး ရှိနေကြပါတယ်။ ဒီလိုမျိုး ကောင်းတဲ့အချက်လေးတွေကို ဦးတည်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ ညှိနှိုင်းမှုတွေ လုပ်နိုင်ရင် လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရရှိနိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်။
References
Rogers, M., 2017. Generation Gaps: Can't We All Just Get Along?. [Online]
Available at: https://www.dvm360.com/view/generation-gaps-cant-we-all-just-get-along
[Accessed 28 July 2023].
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ
3 hours ago
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
1 day ago
ဝန်ထမ်းများ အလုပ်အား ကျေနပ်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
2 days ago
ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း
3 days ago
“ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ Green Building အကြောင်း”
1 week ago
