HR ကောင်းတစ်ယောက်ဖြစ်စေရန် Empathy ရဲ့ အရေးပါမူ

           HR (Human Resources) ဌာနသည် လူသားအရင်းအမြစ်ကို စီမံခန့်ခွဲရသည့် နေရာဖြစ်သော ကြောင့် Empathy (စာနာနားလည်မှု) သည် အရေးကြီးဆုံး အရည်အချင်းတစ်ခုဖြစ်ပါတယ်။ HR တစ်ဦးတွင် Empathy ကင်းမဲ့ပါက လုပ်ငန်းခွင်အတွင်း ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။Empathy ဆိုသည်မှာ "သူများ၏ ခံစားချက်၊ အခက်အခဲနှင့် ရှုထောင့်ကို နားလည်ပြီး ချစ်ခြင်းမေတ္တာဖြင့် တုံ့ပြန်နိုင်စွမ်း" ဖြစ်ပါတယ်။


Lack of Empathy ဆိုသည်မှာ –

  • ဝန်ထမ်းများ၏ စိတ်ခံစားချက်ကို လျစ်လျူရှုခြင်း
  • အကြောင်းရင်းကို မစူးစမ်းဘဲ အပြစ်ရှာခြင်း
  • လူသားဆန်သော ဆက်ဆံရေးထက် စည်းမျဉ်းကိုသာ အလေးပေးခြင်း ဆိုတာတွေပဲဖြစ်ပါတယ်။

 HR တစ်ယောက် Empathy မရှိခြင်းက ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါတွေကတော့....

 ပထမဆုံး အချက်က ဝန်ထမ်းများ၏ စိတ်ဖိစီးမှုမြင့်တက်စေခြင်း ပဲဖြစ်ပါတယ်။ ဝန်ထမ်းများသည် မိမိတို့၏ ပြဿနာများကို HR ထံ မျှဝေဖို့ရန် ဝန်လေးလာပြီး အထီးကျန်စိတ်ဖြစ်စေနိုင်ပါတယ်။ HR အဖွဲ့တွင် empathy မရှိပါက ဝန်ထမ်းများသည် မိမိတို့ ခံနေရသော ပြဿနာများကို ယုံကြည်စွာ မျှဝေမနိုင်တော့ပဲ အတွင်းမှာပင် ဖိစီးခံစားရပါတယ်။ အလုပ်ခွင်သည် သာမန်ကာလအတွင်းပင် စိတ်ဖိစီးမှုများစွာ ရှိနိုင်သောနေရာဖြစ်ပြီး၊ အဲဒီလိုပြဿနာများကို မျှဝေရန် အထောက်အကူပေးမယ့် HR မရှိပါက စိတ်ဖိစီးမှုများ ပိုမိုပြင်းထန်လာနိုင်ပါတယ်။ ဥပမာ၊ အလုပ်နဲ့ပတ်သက်ပြီး မကျေနပ်မှု၊ အိမ်ထောင်ရေး၊ ငွေကြေး၊ အလုပ်ချိန်အလွဲအချော်စသည့် ပြဿနာများကို HR နဲ့ မပြောနိုင်ပါက ဝန်ထမ်းများမှာ စိတ်ကျရောဂါ သို့မဟုတ် burnout ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု အမြင့်ဆုံးနောက်ဆက်တွဲ အကျိုးသက်ရောက်မှုမှာ အလုပ်ထိရောက်မှု လျော့နည်းခြင်း၊ အချိန်မတည့်ခြင်းများ ပိုများလာခြင်းများ ဖြစ်နိုင်ပါတယ်။

            “တစ်ခါတလေ HR က နားမထောင်ပဲ, ဂရုမစိုက်ဘူးဆိုတဲ့ ခံစားချက်တွေ ဝန်ထမ်းတွေမှာ ပေါ်လာတယ်။ မိမိတို့ရဲ့ အလုပ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျှဝေရန် စိတ်ပူစရာကိစ္စတွေ ဖြစ်လာတယ်။ ‘ဘာလို့ HR ကိုပြောရမလဲ, နားမထောင်ဘူးထင်တယ်’ ဆိုတဲ့ စိတ်သဘောထားများပေါ်လာနိုင်တယ်။ ဒါကြောင့် စိတ်ဖိစီးမှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး အလုပ်လုပ်ချင်စိတ်ကျဆင်းသွားနိုင်တယ်။ အလုပ်မှာပါ အလွန် အားမထုတ်ချင်တော့တာမျိုးတွေ ဖြစ်နိုင်တယ်။”

            ဒုတိယ အချက်ကတော့ ယုံကြည်မှု ပျက်ပြားစေခြင်း ပဲဖြစ်ပါတယ် ။HR သည် ကုမ္ပဏီနှင့် ဝန်ထမ်းကြား ယုံကြည်မှုတံတားဖြစ်ပါတယ်။ Empathy မရှိပါက ထိုတံတား ပြိုလဲနိုင်ပါတယ်။ HR သည် ကုမ္ပဏီနှင့် ဝန်ထမ်းများကြား ဆက်သွယ်မှုတံတားအဖြစ် သင့်လျော်သောအခန်းကဏ္ဍထမ်းဆောင် ရမှာ ဖြစ်ပါတယ် ။  သင့်လျော်သောနားထောင်မှု မရှိခြင်းကြောင့် ဝန်ထမ်းများသည် “HR က ငါတို့အတွက်မဟုတ်ဘူး” လို့ ထင်မြင်လာပြီး ယုံကြည်မှုပျက်ကွက်နိုင်ပါတယ်။ ယုံကြည်မှု တစ်ခါပျက်ပြားသွားပါက အလုပ်ခွင်ထဲတွင် ကျွမ်းကျင်သူများထွက်ခွာသွားခြင်း၊ ဆက်သွယ်ရေးလျော့နည်းခြင်း၊ တင်းကျပ်စွာ အပြန်အလှန်မပြောနိုင်ခြင်း စသဖြင့် သက်ရောက်မှု အများကြီး ဖြစ်စေနိုင်ပါတယ်။ ယုံကြည်မှုအပေါ် သက်ရောက်မှုရလာပါက ကုမ္ပဏီ၏ ရည်မှန်းချက်များကို အချင်းချင်းကူညီဆောင်ရွက်ခြင်း အားနည်းသွားနိုင်ပါတယ်။

           ဆိုလိုတာကတော့ “HR ဆိုတာက အမှန်တကယ် အလုပ်ရှင်နဲ့ ဝန်ထမ်းကြား ‘ယုံကြည်မှုတံတား’ တစ်ခုလို့ ပြောလို့ရတယ်။ တံတားဟာ အကြမ်းခံ မရှိတော့ရင် ဘယ်လိုဖြစ်မလဲ? တဖြည်းဖြည်း ပြိုလဲသွားမှာပဲ။ HR က empathy မရှိရင် ဝန်ထမ်းတွေက ‘အဲဒီလိုကိစ္စတွေ HR ကိုပြောရင် အကျိုးမရှိဘူး’ လို့ စိတ်ထင်မြင်လာတယ်။ ယုံကြည်မှုလည်း တဖြည်းဖြည်းကျဆင်းပြီး သုံးသပ်ကြည့်ရင် အလုပ်ခွင်မှာ အပြန်အလှန် ဆက်သွယ်မှုတွေ မလိုလားအပ်သလိုနည်းသွားတယ်။”

          တတိယ အချက်ကတော့ အလုပ်ခွင်ပတ်ဝန်းကျင် ဆိုးရွားလာခြင်း ပဲဖြစ်ပါတယ်။ ဝန်ထမ်းများ၏ စိတ်အားထက်သန်မှု လျော့နည်းကာ "ငါတို့ကို HR က ဂရုမစိုက်ဘူး" ဆိုသော ခံစားချက်ဖြစ်ပေါ်စေပါတယ်။ Empathy မပါသော HR အဖွဲ့သည် positive workplace culture ကို တည်ဆောက်နိုင်ခြင်း ခက်ခဲပါတယ်။ ဝန်ထမ်းများမှာ “HR က ငါတို့ကို ဂရုမစိုက်ဘူး” လို့ ခံစားရပါက သူတို့၏ team spirit (အသင်းစိတ်ဓာတ်)၊ motivation (စိတ်အားထက်သန်မှု) နည်းသွားနိုင်ပြီး၊ အလုပ်သစ်ရှာဖွေရန် စိတ်ကူးပေါ်လာနိုင်ပါတယ်။ ယခုလိုအခြေအနေမှာ အလုပ်ခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးများ ဆိုးရွားလာနိုင်ပြီး၊ စွမ်းဆောင်ရည်ကျဆင်းခြင်း၊ conflict များ တိုးလာခြင်း စသည့် ပြဿနာများဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် HR တွင် empathy ပါဝင်ခြင်းဆိုတာက အလုပ်ခွင်ပတ်ဝန်းကျင် ကို ပိုမိုကောင်းမွန်စေခြင်းရဲ့  အခြေခံအခြေအနေတစ်ခု ဖြစ်ပါတယ်။

          “တံတားကျသွားရင် သင်ဘယ်လိုခံစားမလဲ? ဝန်ထမ်းတွေမှာလည်း အဲဒီလိုပဲ။ ‘HR က ငါတို့ကို မဂရုစိုက်ဘူး’ ဆိုတဲ့ ခံစားချက်တွေ ပေါ်လာတဲ့အခါ အလုပ်လုပ်ချင်စိတ် (motivation) နည်းသွားတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်ပျက်စရာတွေ အများကြီးဖြစ်လာတယ်။ ဒါနဲ့ အလုပ်ခွင်အတွင်းမှာ လူတွေက သွက်လက်တာမရှိတော့ဘဲ အပြန်အလှန် ချစ်ခင်မှုတောင် နည်းသွားနိုင်တယ်။”

လုပ်ငန်းခွင်မှ ဥပမာအနေဖြင့်

အခြေအနေ –
ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးသည် မိသားစုထဲတွင် ကျန်းမာရေးပြဿနာဖြစ်နေသဖြင့် စိတ်ဖိစီးမှုများနေပြီး အလုပ်မှ စောစောထွက်ခွာသွားပါတယ်။

 Empathy မရှိသော HR ၏ တုံ့ပြန်မှု

  • "ဒီလိုမကြာခဏ ရုံးချိန်မပြည့်ဘဲ ထွက်တာကို သည်းမခံနိုင်ဘူး။ နောက်တစ်ခါဆို Disciplinary Action ယူမယ်"

အကျိုးဆက် –
ဝန်ထမ်းသည် ပို၍ စိတ်ဓာတ်ကျပြီး အလုပ်အား စိတ်ဝင်စားမှုလျော့သွားကာ နောက်ဆုံးတွင် နုတ်ထွက်သွားပါတယ်။

Empathy ရှိသော HR ၏ တုံ့ပြန်မှု

  • "မင်းအခုအချိန် ခက်ခဲနေတာကို နားလည်ပါတယ်။ ဘာတွေကူညီပေးရမလဲ?"

ဝန်ထမ်းသည် HR နှင့် ယုံကြည်မှုတည်ဆောက်ပြီး ပိုမိုအားစိုက်လုပ်ကိုင်လာပါတယ်။

HR တစ်ယောက်အနေဖြင့် –

  • ဝန်ထမ်းများကို "လူ" အဖြစ်မြင်ပါ။ "အလုပ်သမား" အဖြစ်သာ မမြင်ပါနှင့်။
  • Active Listening (တက်ကြွစွာ နားထောင်ခြင်း) ကို အလေ့အထလုပ်ပါ။
  • ပြဿနာကို အပြစ်ရှာခြင်းထက် အဖြေရှာခြင်းကို ဦးစားပေးပါ။

"Empathy ဆိုသည်မှာ HR ၏ နှလုံးသားဖြစ်ပါတယ်။ ၎င်းမရှိပါက HR သည် စာရွက်စာတမ်းများကိုသာ စီမံသော စက်တစ်လုံးသာဖြစ်တော့ပါတယ်။"
 

Dr La Wynn Sandi

Associate Professor, Strategy First Int'l College

B.C.Sc, B.C.Sc. (Hons), M.C.Sc., Ph.D (IT)