"သင့်လုပ်ငန်းကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတပိုဖြစ်စေမယ့် နည်းလမ်းများ"

ယနေ့ခေတ် စီးပွားရေးနယ်ပယ်များစွာမှာ Environmental friendly ဖြစ်‌ဖို့ လုပ်ငန်းလုပ်‌ဆောင်ချက် တွေကို ဂရုစိုက်လာကြပါတယ်။ သို့ပေမဲ့ ရေရှည်တည်တံ့တဲ့ လုပ်ငန်းအလေ့အကျင့်တွေကို ကျင့်သုံးခြင်းက လက်တွေ့မှာ ခက်ခဲပေမယ့်လည်း တချို့စီးပွားရေးလုပ်ငန်းများဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု တစ်ခုလုံးကို ပတ်ဝန်းကျင်အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပုံဖော်ထားကြပါတယ်။ တကယ်လို့ သင့်လုပ်ငန်းဟာ ဒါကို အကောင်အထည်မဖော်နိုင်‌သေးရင် အသေးအမွှားလေးတွေကနေစပြီး အာရုံစိုက်လို့ရပါတယ်။ ပိုက်ဆံ အများကြီးမကုန်ဘဲ ပတ်ဝန်းကျင်ကို ထိခိုက်မှုအပေါ် ဂရုပြုနိုင်တဲ့ နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ စက္ကူအသုံးပြုမှုကို လျှော့ချပါ။

စက္ကူအသုံးပြုမှုကို လျှော့ချဖို့ အောက်ပါတို့ကို စမ်းကြည့်ပါ။

🔷 ဝန်ထမ်းများကို တတ်နိုင်သမျှ အီးမေးလ်သုံးဖို့ တိုက်တွန်းပါ။

🔷 Cloud ပေါ်မှာ ကုမ္ပဏီတစ်ခုလုံး စာရွက်စာတမ်းများကို သိမ်းဆည်းပါ။

🔷 စာရွက်နဲ့ ငွေတောင်းခံခြင်းကို ဖယ်ရှားဖို့ သုံးစွဲသူတွေကို မက်လုံးတစ်ခုပေးပါ။

🔷 သုံးစွဲသူတွေနဲ့ စကားပြောဖို့အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုပါ။ ဒါမှမဟုတ် YouTube ချန်နယ်တစ်ခု ဖန်တီးပါ။

၂။ သဘာဝအလင်းရောင်ကို အသုံးချပါ။ စွမ်းအင်ချွေတာပါ။

သင့်လုပ်ငန်းခွင်မှာ လိုက်ကာတွေကိုဖွင့်ခြင်းဖြင့် သဘာဝအလင်းရောင်ကို ပိုမိုရယူနိုင်ပါတယ်။ သဘာဝ အလင်းရောင်ကို နေ့ဘက်မှာ သူ့ရဲ့အလုပ်ကို လုပ်ဆောင်ပါစေ။ ကော်ဖီသောက်ပြီးနောက် အနားယူခန်းရှိ မီးများကိုပိတ်ဖို့ ဝန်ထမ်းတွေကို သတိပေးပါ။ မျက်နှာကြတ်အပေါ်ရှိမီး‌များကိုမဖွင့်ဘဲ အလုပ်စားပွဲမီးများ ကိုလည်း တပ်ဆင်နိုင်ပါတယ်။ အလုပ်စားပွဲမှာ လူမရှိတဲ့အချိန်တွေနဲ့ မလိုအပ်တဲ့အခါ ပိတ်ထားခဲ့ဖို့ ဝန်ထမ်းတွေကို သတိပေးပါ။

၃။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုထည့်တွက်တဲ့ ထုတ်လုပ်သူများ၊ ရောင်းချသူများနဲ့ အလုပ်တွဲလုပ်ပါ။

သင်ဘယ်လိုအလုပ်မျိုးမှာပဲဖြစ်ဖြစ်၊ သင့်လုပ်ငန်းကို လည်ပတ်ရာမှာ ကူညီဖို့ Suppliers, Distributors စတဲ့ ပြင်ပအေဂျင်စီတချို့ကို သင်အသုံးပြုနေနိုင်ပါတယ်။ ကိုယ်နဲ့လက်တွဲလုပ်‌နေတဲ့ အဖွဲ့အစည်းတွေက Environment ကို Care လုပ်သလား သေချာလေ့လာပါ။ တကယ်လို့ လုံလောက်တဲ့ အားထုတ်မှုမရှိပါက၊ သင်က Environmental friendly ဖြစ်တဲ့ တခြားကုမ္ပဏီအသစ်တွေနဲ့ စီးပွားရေးလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

၄။ ရုံးသုံးပစ္စည်းတွေကို အလွယ်တကူ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်ပါ။

အပြာရောင်ပုံးများကို အမှိုက်စွန့်ပစ်ရုံသာ အများစုက သိကြပါတယ်။ နည်းစနစ်မှန်ကန်စွာ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ရှုပ်ထွေးမှု မရှိစေဖို့ စက္ကူနဲ့ ပလတ်စတစ်အတွက် သီးခြားပုံးများ ထားကြည့်ပါ။ ပြန်လည်အသုံးပြုရမယ့် အရာတွေစာရင်းနဲ့ အမှိုက်ပုံးများပေါ်မှာ ဆိုင်းဘုတ်ငယ်တစ်ခုကိုလည်း ဆွဲထားနိုင်ပါတယ်။

၅။ အီလက်ထရွန်းနစ် ပစ္စည်းဟောင်းများကို နည်းမှန်လမ်းမှန် စွန့်ပစ်ပါ။

ကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့ Model မြင့် ကွန်ပျူတာအသစ်များကို လိုချင်ခြင်းဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးပြုလို့ရသေးတဲ့ ကွန်ပျူတာတွေ ဒါမှမဟုတ် အီလက်ထရွန်းနစ်ပစ္စည်းတွေကို မသုံးတော့ရင် အဲဒါတွေကို လက်လွတ်စပယ် မစွန့်ပစ်ပါနဲ့။ အီလက်ထရွန်းနစ်ပစ္စည်းများကို ရောင်းချတဲ့ ဆိုင်ခွဲကြီးတွေမှာ စွန့်ပစ်ပစ္စည်းများ မပျက်စီးစေဖို့၊ သေချာစေဖို့ ပြန်လည်အသုံးပြုတဲ့ ပရိုဂရမ်များရှိ‌ကြပါတယ်။ ပစ္စည်း အဟောင်း‌နဲ့အသစ် လဲလှယ်ခြင်းက ကုန်ကျစရိတ်လည်းသက်သာစေသလို မိမိပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်။

၆။ အိမ်မှာနေပါ။

ဒီနည်းလမ်းကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထက် ယခုပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။ သင့်ဝန်ထမ်းတွေက အိမ်မှာ YouTube ဗီဒီယိုတွေကို တစ်နေ့လုံးမကြည့်ဘူးလို့ သင်ယုံကြည်တယ်ဆိုရင် သူတို့ကို အိမ်မှာအလုပ်လုပ်ခိုင်းပါ။ ကားမစီးရတဲ့အတွက် ယာဉ်အသုံးပြုမှုကြောင့် ဖြစ်လာတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပါတယ်။

၇။ အပူချိန်ထိန်းကိရိယာကို ချိန်ညှိပါ။

ရုံးခန်းများဟာ မလိုအပ်ဘဲ အန္တာတိကမှာရှိတဲ့ ရေခဲတောင်တစ်ခုပေါ်မှာ အလုပ်လုပ်နေသလို ခံစားရစေအောင် Air Con များ ဖွင့်ထားလေ့ရှိပါတယ်။ အဲ့ဒီလိုပြုလုပ်ခြင်းကြောင့် Air Con မှထွက်လာတဲ့အငွေ့တွေက လေထုကို ညစ်ညမ်းစေတဲ့အတွက် ထိုက်သင့်တဲ့အပူချိန်ကိုသာ ထားရှိသင့်ပါတယ်။ ပရိုဂရမ်ထုတ်နိုင်တဲ့ အပူချိန်ထိန်းကိရိယာကိုလည်း တပ်ဆင်နိုင်ပါတယ်။ ပြင်ပရာသီဥတုက အမြဲအပူချိန် ပြောင်းလဲနေတဲ့အတွက် တစ်နေ့တာလုံး မတူညီတဲ့အပူချိန်ကို သတ်မှတ်ပေးထားနိုင်ပါတယ်။ အလွယ်ကူဆုံး အသေးစားအပြောင်းအလဲတွေကို ပြုလုပ်ပြီး အဲ့ဒီအပြောင်းအလဲတွေကို စောင့်ကြည့်ပါ။ ထိုမှတစ်ဆင့် သင့်ကုမ္ပဏီအတွက် ရေရှည်တည်တံ့တဲ့ လုပ်ငန်းအလေ့အကျင့်တွေ ပြုလုပ်ဖို့ သင့်အစီအစဉ်ကို ဖြည်းဖြည်းချင်း ချိန်ညှိနိုင်ပါတယ်။

Reference: 10 ways to make your business more environmentally friendly (no date) Microsoft. Available at: https://www.microsoft.com/.../10-ways-make-business-more... (Accessed: 28 November 2023).

Daw Thwe Thwe Aye

B.Com, M.Com (MEUE)

Meiktila University of Economics