ဈေးကွက်ရှာဖွေရေးမှာ အသုံးအများဆုံး AIDA Model အကြောင်း
ဒီကနေ့ခေတ်ကြီးမှာ စားသုံးသူတွေအတွက် ရွေးချယ်စရာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေက ဈေးကွက်ထဲမှာ အများအပြားရှိနေပြီ ဖြစ်ပါတယ်။ ဒီလို ကုန်ပစ္စည်းပေါင်းစုံ၊ ကြော်ငြာပေါင်းစုံ၊ ဆိုရှယ်မီဒီယာ စာမျက်နှာ ပေါင်းစုံကြားထဲမှာ ကိုယ့်ရဲ့ ကုန်ပစ္စည်း (ဒါမှမဟုတ်) ဝန်ဆောင်မှုတွေကို သတိထားမိအောင်၊ နောက်ဆုံး ဝယ်ယူတဲ့အထိ ရောက်ရှိနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ နည်းလမ်းတွေလည်း အသုံးပြုဖို့ လိုအပ်လာပါတယ်။ ဒီနည်းလမ်းတွေထဲမှာမှ အခြေခံကျပြီး အသုံးအများဆုံး ဖြစ်တဲ့ AIDA Model နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
AIDA Model ကို အမေရိကန် စီးပွားရေးလုပ်ငန်းရှင်နဲ့ ကြော်ငြာပညာရှင် Elias St. Elmo Lewis က ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတွေမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အစပိုင်းမှာ A-I-D (အဆင့် ၃ ဆင့်) အဖြစ်သာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ A-I-D-A (အဆင့် ၄ ဆင့်) Model အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
(1) Attention - အာရုံစိုက်မှုကို ဖမ်းယူပါ။
ပထမဆုံးအဆင့်မှာ စားသုံးသူတွေရဲ့ အာရုံကို ဆွဲဆောင်ရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် စိတ်ဝင်စားဖွယ် ခေါင်းစဉ်တွေ၊ မျက်စိပသာဒဖြစ်စေတဲ့ ပုံတွေ၊ ဗီဒီယိုတွေ၊ ဆိုရှယ်မီဒီယာပေါ်က ထိရောက်တဲ့ ပို့စ်တွေ၊ နောက်ပြီး နည်းပညာ၊ AI အကူအညီနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ဥပမာပေးရရင် အများပြည်သူအသုံးပြုတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေပေါ်မှာ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ ကပ်ထားတာ၊ နောက် ဝယ်ယူသူတွေကြား နာမည်ရှိပြီးသား Social Media Influencers တွေ၊ Vloggers တွေနဲ့ ကိုယ့်ကုန်ပစ္စည်း ကို မီဒီယာမှာ ပြသတာဟာလည်း သူတို့နဲ့အတူ ကုန်ပစ္စည်းကို အာရုံစိုက်မှုရရှိစေပါတယ်။
(2) Interest - စိတ်ဝင်စားမှုကို ဆက်လက်မြှင့်တင်ပါ။
ကိုယ့် ကုန်ပစ္စည်း / ဝန်ဆောင်မှုကို သတိထားမိပြီးတဲ့နောက်မှာ စားသုံးသူ တစ်ချို့ဟာ "ဘာကြောင့် ဒီ ကုန်ပစ္စည်း ကို သုံးကြည့်ကိုယ့်တာလဲ။ ဘယ်လောက် အသုံးဝင်မလဲ။" စသဖြင့် စိတ်ဝင်စားမှုရှိလာပါပြီ။ ဒီအချိန်မှာ ကိုယ်ဟာ ကိုယ့် ကုန်ပစ္စည်း / ဝန်ဆောင်မှု အကြောင်းကို စားသုံးသူထံ FAB Strategy အသုံးပြုပြီး ရှင်းပြပေးနိုင်ပါတယ်။ ဥပမာ ဖုန်း တစ်လုံး ရောင်းတယ် ဆိုပါစို့။ “ ဒီဖုန်းကို
(1) Feature : ဒီဖုန်းကို ဘာနည်းပညာနဲ့ လုပ်ထားလဲ။ ဘယ်အရောင်တွေ ရနိုင်လဲ။
(2)Advantage : ဒီဖုန်းရဲ့ အားသားချက်တွေက ဘယ်လိုရှိမလဲ (ရေစိုခံတာလား/ ဘက်ထရီကောင်းတာလား)။
3)Benefit : ဝယ်ယူသုံးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ” စသဖြင့် စားသုံးသူ ရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေနဲ့ ကိုယ့် ကုန်ပစ္စည်းဟာ ကိုက်ညီမှုရှိနေကြောင်း ဖော်ပြပြီး စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။
(3) Desire - ဝယ်ယူချင်စိတ်ကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပါ။
Desire အဆင့်မှာ ဆိုရင်တော့ စားသုံးသူတွေဟာ ကိုယ့် ကုန်ပစ္စည်း အကြောင်းကို သေချာလည်း သိပြီ။ စိတ်ဝင်စားနေပြီ။ ဝယ်ဖို့ / မဝယ်ဖို့ စတင်စဉ်းစားကြတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အရင် စားသုံးသူတွေရဲ့ Testimonials တွေ ပြတာ၊ စားသုံးသူတွေ ယုံကြည်ရလောက်မယ့်သူမျိုးတွေကနေ ညွှန်ပေးတာ၊ နောက်ပြီး Promotion အစီအစဉ်တွေ ၊ Flash Sales တွေ ရှိနေတာ စသဖြင့် ဝယ်ယူမယ့် ဆန္ဒကို သေချာခိုင်မာအောင်၊ ကိုယ့်ကုန်ပစ္စည်း ကို ယုံကြည်အောင် ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကိုယ့်ပစ္စည်းကို စိတ်ဝင်စားပေမယ့် ဝယ်ဖို့ ဆုံးဖြတ်ချက်မချဖြစ်ခဲ့တဲ့ စားသုံးသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုစားသုံးသူမျိုးတွေဟာ ဝယ်ယူတဲ့ အဆင့်ထိ မရောက်ရှိခဲ့ပေမယ့်လည်း တစ်ချိန်မှာ ကိုယ့်ရဲ့ဖောက်သည်တွေ ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့၊ ဆက်ဆံရေးတွေထားရှိဖို့လိုအပ်ပါတယ်။
(4) Action - ဝယ်ယူမှုပြုလုပ်နိုင်ရန် ပံ့ပိုးကူညီပါ။
နောက်ဆုံးအဆင့်အနေနဲ့ စားသုံးသူဟာ ဝယ်ယူဖို့ ဆန္ဒရှိတယ်ဆိုရင် ချက်ချင်း ဝယ်ယူသွားနိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ အွန်လိုင်း ဈေးရောင်းတဲ့သူတစ်ဦး ဖြစ်ရင် ကိုယ့် Ecommerce Website မှာ တစ်ခါတည်း ဝယ်ယူနိုင်ဖို့ “Buy Now”, “DM for Free Shipping” စတဲ့ CTA (Call to Action) Button တွေ ထည့်သွင်းထားတာမျိုး၊ ဝယ်ယူသူတွေ အဆင်ပြေစေမယ့် Payment နည်းလမ်းမျိုးစုံကို လက်ခံပေးတာမျိုး စသဖြင့် ဝယ်ယူသူတွေ အခက်အခဲမရှိ လွယ်ကူစွာ ဝယ်ယူနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ A-I-D-A ( Attention, Interest, Desire, Action) အဆင့်လေးဆင့်နဲ့တင် မလုံလောက်တော့ဘဲ စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှု အတိုင်းအတာတွေ၊ ဝေဖန်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားထားတဲ့ AIDA-S နဲ့ AIDCAS ဆိုတဲ့ Model တွေပါ ထပ်ဖြည့်လာကြပါတယ်။ AIDA-S မှာ “S” ဆိုတာ Satisfaction (ကျေနပ်မှု) ကို ဆိုလိုပါတယ်။ ဝယ်ယူမှုပြီးတဲ့နောက် “ကိုယ့်ပစ္စည်းတွေကို ကြိုက်နှစ်သက်ရဲ့လား။ သူတို့ မျှော်မှန်းထားတာနဲ့ ကိုက်ညီလား။ တခြားသူတွေကို ညွှန်းပေးမလား။” စသဖြင့် လေ့လာဆန်းစစ်တဲ့ အဆင့်ဖြစ်ပါတယ်။ အသုံးပြုမှု စစ်တမ်းတွေ ကောက်တာ၊ ဝယ်ယူသူတွေရဲ့ အမြင် ( Testimonials ) တွေ ပြန်စုတာ၊ ပြန်လာဝယ်ဖို့ Loyalty Program တွေ ထည့်တာမျိုးတွေနဲ့ ဆောင်ရွက်လို့ ရပါတယ်။ AIDCAS မှာတော့ Conviction (ယုံကြည်မှု) ဆိုတဲ့ အဆင့်တစ်ခု ထပ်တိုးထားပါတယ်။ Desire အဆင့်ရောက်ပြီး ဝယ်ယူဖို့ သံသယရှိနေသေးတဲ့ Customer တွေကို ယုံကြည်မှု ရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က ဆံပင်အားကောင်းစေတဲ့ ခေါင်းလျှော်ရည်ရောင်းတဲ့သူဆိုရင် “ကိုယ့် ခေါင်းလျှော်ရည် သုံးပြီး ဆံပင်ကောင်းလာတဲ့ ဝယ်ယူသူတွေရဲ့ အသုံးမပြုခင်ပုံနဲ အသုံးပြုပြီးပုံ နှိုင်းယှဉ်ပြတာတွေ၊ သုံးလအတွင်း အဆင်မပြေပါက ငွေပြန်အမ်းပေးမည်” စသဖြင့် ကြော်ငြာပေးတာတွေက ဝယ်ယူသူတွေ ယုံကြည်စိတ်ချမှု ရှိအောင် လုပ်ဆောင်နိုင်ပါတယ်။
AIDA Model က စျေးကွက်ရှာဖွေရေးအတွက် အခြေခံကျတဲ့ Framework တစ်ခုဖြစ်ပေမယ့် ခေတ်နဲ့အညီ AIDA-S နဲ့ AIDCAS တို့လို အဆင့်မြှင့် Version တွေကို လိုက်ပါအသုံးပြုဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ရိုးရှင်းပြီး မြန်မြန်ဆန်ဆန် ရောင်းချင်တဲ့အခါ AIDA ကို သုံးနိုင်ပါတယ်။ နောက် ဝယ်ယူသူတွေကို ပြန်လည်ထိန်းသိမ်းချင်တဲ့အခါ AIDA-S ၊ ဈေးကြီးတဲ့ပစ္စည်း များနဲ့ သံသယများဖွယ် ဖြစ်တဲ့ ပစ္စည်းမျိုးကို ရောင်းချင်တဲ့အခါ AIDCAS တို့ကို အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ ပစ်မှတ်ထားတဲ့ စားသုံးသူတွေ၊ ဈေးကွက်တွေအပေါ် သေချာဆန်းစစ်ပြီး ဈေးကွက်ရှာဖွေရေး Model များကို ရွေးချယ်အသုံးပြုဖို့ အကြံပြုချင်ပါတယ်။
ကိုးကားစာရင်း
https://www.techtarget.com/whatis/definition/AIDA-marketing-model
https://www.pipedrive.com/en/blog/aida-model
Hsu Yee Paing
B.Act (YUEco)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
5 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
5 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
